>> ဘုန်းဘုန်းရေ နေကောင်းရဲ့လား။ ဖိုးသားလေ ခုနက သိလား ဇာတ်ကားတစ်ကား ကြည့်လိုက်မိတယ်။ ကြည့်ဖို့တော့ မရည်ရွယ်ပါဘူး ဘုန်းဘုန်းရာ.. အခန်းထဲက ညီလေးဖွင့်တာနဲ့ ကြည့်လိုက်မိတာ.. ဖိုးသား တအားခံစားလိုက်ရတယ်.. ခံစားရင်းတောင် ဘုန်းဘုန်းပြောခဲ့တာလေး သတိရလိုက်သေးတယ် ဘုန်းဘုန်း.. **ကိုယ့်ကို အကုသိုလ်ဖြစ်စေမယ့် စာမျိုးဆို မဖတ်ရဘူး** ဆိုတာလေ.. ဖိုးသားက ကြည့်ပြီးခံစားမိတာ ဆိုတော့ အကုသိုလ်ဖြစ်စေတာကို ကြည့်မိသွားတယ်လို့ ဘုန်းဘုန်း ပြောခဲ့တဲ့စကားလေးနဲ့ ယှဉ်ထိုးမိသွားတာပါ.. ဒါပေမယ့်လည်း ဘုန်းဘုန်းရယ် ဖိုးသားက ပုထုဇဉ်အရိုင်းသာသာမဟုတ်လေတော့ ခံစားရတာပေါ့ဘုန်းဘုန်းရာ.. မျက်ရည်တွေ ဘာတွေတောင်ကျလို့.. ခံစားချက်တွေ တိုက်ဆိုင်သွားလို့နဲ့တူပါတယ်လေ.. ဖိုးသားနဲ့ ဇာတ်လမ်းလေးနဲ့.. ဖခင်တစ်ဦးနဲ့ ခုနစ်နှစ်သာသာ သမီးငယ်တစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးလေ.. ဖခင်က ပညာမတတ်ဘူး ကကြီးဆိုတာ ဘာမှန်းမသိ အေဆိုတာဘာမှန်းမသိ သနားစရာလေးပါ.. ဒါပေမယ့်လည်းလေ သူ့မှာ သမီးကို ချစ်တဲ့မေတ္တာဓါတ်တွေက ပညာတတ်သူတွေထက် သာလွန်တယ်လေ.. ချစ်လိုက်ကြတာ သမီးနဲ့ အဖေ.. အဖေနဲ့သမီး..
>> ဒါပေမယ့်လည်း ကံကြမ္မာက ဖန်လာလေတော့ သူချစ်တဲ့သမီးလေးကိုမှ လာခေါ်တဲ့သူက ပေါ်လာပါလေရာ.. သူ့ယောက်ခမလေ.. သူနဲ့ သမီးလေးရဲ့အမေနဲ့ ရသွားတာကို သဘောမတူ မကြည်ဖြူတဲ့ ယောက်ခမပေါ့.. နောက်တော့ဘုန်းဘုန်းရယ်.. ပညာမတတ်တဲ့ အဖေနဲ့ ပညာတတ်တဲ့ယောက်ခမတို့ တရားရုံးမှာ တွေ့ကြတာပေါ့လေ.. တကယ်သနားဖို့ကောင်းပါတယ်.. သူ့ဘက်က လိုက်တဲ့ရှေ့နေက သူ့သမီးလေးကို အဲဒီယောက်ခမကို မပေးချင်ဘူးဆိုရင် ဒီလို ဒီလိုတော့ ပြောသင့်တယ်လို့သင်ပေးတယ်လေ.. ဒါပေမယ့် သူကဘာပြန်ပြောလဲဆိုတော့.. အာ. ရှေ့နေဆရာမကြီးရယ် သမီးလေးကိုတော့ ကျွန်တော်အသက်တမျှချစ်ပါတယ်လေ.. ဒါပေမယ့် ကျွန်တော့ကို မညာခိုင်းပါနဲ့လားတဲ့ ကြောက်တယ်တဲ့.. ငရဲကြီးမှာကိုတဲ့..
>> အဲဒီတော့ ရှေ့နေဆရာမကြီးက.. အဲလိုလည်း မဟုတ်ဘူးလေတဲ့ သူများအကျိုးကို မထိခိုက်ဘူးဆိုရင် ဒီလိုလိမ်ညာတာဟာ လိမ်လည်မှုမမြောက်ဘူးတဲ့.. အမှန်တရားကို တနည်းတဖုံ အသွင်ပြောင်းလိုက်တာပါတဲ့.. ဒါပေမယ့်လည်း သူကဘာပြန်ပြောလဲဆိုတော့ ကျွန်တော် ပညာမတတ်ဘူးလေ ဆရာမကြီးရယ်.. နောက်ပြီး လိမ်လည်း မလိမ်တတ်ဘူး ကျွန်တော့ကို မလိမ်ခိုင်းပါနဲ့လား ဗျာ… ကျွန်တော်သိတာ တစ်ခုပဲရှိတယ်တဲ့.. အဲဒါ ကျွန်တော့်သမီးလေးကို ကျွန်တော် အရမ်းချစ်တာပါပဲဗျာ.. တဲ့.. အဲဒီတော့ ရှေ့နေဆရာမကြီးက.. ကဲ ဒီလိုဆိုရင်လည်း ရှင့်သဘောပဲလေ.. အမှုရှုံးရင် ကျွန်မတာဝန်မဟုတ်ဘူးဆိုပြီး ပြောလိုက်ပါရော.. အဲဒီတော့ အားကိုးရာမဲ့ ဖခင်ဖြစ်တဲ့ အဲဒီ သမီးလေးရဲ့အဖေက ဘာလုပ်စရာရှိတော့လို့လဲ ဘုန်းဘုန်းရာ ထိုင်ငိုတော့တာပေါ့..
>> ဒီတော့ ရှေ့နေဆရာမကြီးက ဘာလို့ငိုနေရတာလဲ ကို(ဘယ်သူ)ရယ်.. ရှင်က ကျွန်မထက်ပိုပြီး ကံကောင်းပါသေးတယ်တဲ့.. ကျွန်မသာ ရှင့်လိုသားသမီးအပေါ် မချစ်နိုင်ခဲ့တာပါ.. နောက်ပြီးတော့လေ ကျွန်မဟာ အမှုပေါင်းမြောက်များစွာကို နိုင်ခဲ့တယ်.. လိမ်လည်မှုတွေလည်း ရှိခဲ့တယ်လေ.. အများအမြင်မှာတော့ ကျွန်မဟာ ရှေ့နေကောင်းပေါ့လေ.. ဒါပေမယ့်လည်း ရှင်နဲ့တွေ့မှ အများက အသုံးမကျဘူးလို့ အပြောခံရတဲ့ ရှင့်မှာ ကျွန်မမှာမရှိတဲ့ အရည်အချင်းတွေ၊ မေတ္တာဓါတ်တွေ ရှိနေပါလားလို့ ကျွန်မသိလိုက်ရတယ်.. ကျွန်မဟာ ရှေ့နေကောင်းတစ်ယောက် ဖြစ်ခဲ့ပေမယ့် မိခင်ကောင်း တစ်ယောက် မဖြစ်ခဲ့ပါဘူးလေ.. ကျွန်မသားလေး အပေါ် ရှင်.. ရှင့်ရဲ့ သမီးလေးအပေါ် ထားတဲ့မေတ္တာမျိုး မထားနိုင်ခဲ့ပါဘူးရှင်..ကျွန်မအမြင်တော့ ရှင်ဟာ လူတွေကို လူသားဆန်တဲ့စိတ် ပေးစွမ်းနိုင်မှုအရှိဆုံးလူလို့ မြင်ပါတယ်လေ.. ကျွန်မလည်း ရှင်နဲ့တွေ့မှ လူသားဆန်တဲ့ စိတ်တွေကိုတဖြေးဖြေးနဲ့ သိရှိနားလည်နိုင်ခဲ့ပါတယ်.. လို့ ပြောပြီး အဲဒီ ရှေ့နေ ဆရာမကြီးပါ ငိုပါလေရော..
>> အဲဒီတော့ ဟိုသမီးလေးရဲ့အဖေက ဆရာမကြီးရယ် ဆရာမကြီးလည်း မငိုနဲ့ ကျွန်တော်လည်း မငိုတော့ဘူးနော်.. မနက်ဖြန် ရုံးတော်ရောက်ရင်သာ ကျွန်တော်တို့ ဆရာမကြီးတို့ လူသားဆန်တဲ့ စိတ်လေးတွေထားပြီး အမှုကို ရင်ဆိုင်လိုက်ရအောင်လေ.. တဲ့။ နောက်ပိုင်း အမှုနိုင်သလား ရှုံးသလား ဖိုးသားမသိဘူး ဘုန်းဘုန်း.. ဒါပေမယ့်လည်း ဖိုးသား ဒီဇာတ်ကားလေးကိုကြည့်ပြီး သိလိုက်တာ တစ်ခုရှိတယ်.. အဲဒါကတော့ ဖိုးသားမှာ ဘာတွေလိုနေလဲ ဆိုတာပါပဲ ဘုန်းဘုန်း.. ဟုတ်တယ် ဖိုးသားအရင်က ယောင်ဝါးဝါး သိခဲ့တဲ့ အသိဟာ ဒီဇာတ်ကားလေးကြည့်လိုက်မှ သေသေချာချာသိလိုက်ရတာ..
>> မေတ္တာ.. ဟုတ်တယ် ဖိုးသားလိုအပ်နေတာ မေတ္တာတွေ၊ ချစ်ခြင်းတရားတွေ ဘုန်းဘုန်း။ ဖိုးသားလေ ဘုန်းဘုန်းကို ဟိုတစ်ခါပြောဖူးသလိုပေါ့.. ငယ်ငယ်လေးထဲက တစ်ယောက်တည်းနေခဲ့ရပါများတော့ အထီးကျန်ဆန်ခဲ့တယ် ထင်တာပါပဲ.. ဖိုးသားရဲ့ မိဘနှစ်ပါးက ဖိုးသားကို မချစ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်းလေ ဘုန်းဘုန်းတို့ ကိုဥပါသကာတို့ ကိုဝင်းမြင့်တို့လို ဖိုးသားအပေါ် နားလည်မှု သိပ်မရှိကြဘူး နောက်ပြီး ဖိုးသားအဖေက ဖိုးသားဆယ်တန်းဖြေပြီးတော့ ဆုံးတာဆိုတော့ အဖေ့ရဲ့မေတ္တာတွေကိုလည်း ဖိုးသားသေသေချာချာ နားမလည်ခဲ့ဘူး ဘုန်းဘုန်း.. အဲဒီတော့ ဖိုးသား ကိုယ့်မေတ္တာကို နားလည်စွမ်းရှိတဲ့သူတွေကို တွယ်တာချစ်ခင်မိတာ ဖိုးသားမမှားဘူး ထင်တာပဲလေ.. ဥပမာပြောရရင် ကြောင်လေးတွေပေါ့နော် နောက်ပြီး အခုဆို ဘုန်းဘုန်းတို့ ကိုဥပါသကာတို့ ကိုဝင်းမြင့်တို့ပေါ့ .. ဖိုးသားတွယ်တာမိပြီး ဖိုးသားမရခဲ့တဲ့ မေတ္တာဓါတ်တွေ ဖြန့်ဝေနေမိတာလေ..
>> ဟိုးငယ်ငယ်လေးထဲက ကြောင်လေးတွေနဲ့ပဲ ဖိုးသား ပျော်ခဲ့တာ.. စာကျက်လည်း ကြောင်လေးတွေနဲ့ ထမင်းစားလည်း ကြောင်လေးတွေနဲ့ ယုတ်စွအဆုံး အိမ်သာတက်ရင်တောင် ဖိုးသားရဲ့ကြောင်လေးက ဖိုးသားကို အိမ်သာတံခါးဝမှာ စောင့်ပေးရှာတယ်လေ.. နောက်ပြီး ဖိုးသားအပေါ် နားလည်မှုအရှိဆုံးလေးတွေပေါ့.. ဖိုးသား အမေကျတော့ အဲလိုမဟုတ်ဘူး။ ခုမှ ဖိုးသားသိတာပါ။ ဖိုးသားကို ချစ်တယ် ဒါပေမယ့် ဖိုးသားရဲ့စိတ်ကို သေချာ မသိဘူး။ ဖိုးသား မညာတတ်ဘူးဆိုတာ သိလျက်နဲ့ တစ်ခါတစ်ခါ ဖိုးသားပြောတာကို မယုံချင်ဘူး.. အဲတော့ စကားနဲ့ ပြန်မပြောတတ်တဲ့ ဖိုးသား စိတ်ထဲမှာပဲ အော် ငါ့အမေ ငါ့ကို နားမလည်ပါလားဆိုပြီး အဲဒီ ခံစားချက်လေးကို သိမ်းဆည်းမိတော့တာပေါ့။
>> ဘုန်းဘုန်းကျတော့ နဂိုကတည်းက ဘုရားသားတော်ဆိုတော့ သတ္တ၀ါတွေအပေါ် မေတ္တာထားနိုင်စွမ်းက သာမန်လူတွေထက်ပိုတယ်လေ.. နောက် ဘုန်းဘုန်းနဲ့ ဖိုးသား စချက်ကတည်းက ဘုန်းဘုန်းရဲ့ ဖိုးသား လို့ခေါ်ဝေါ်သုံးစွဲ လိုက်တာဟာ ဖိုးသားစိတ်ကို တအားနူးညံ့ သွားစေတာပေါ့ ဘုန်းဘုန်းရာ.. ဒါကြောင့်လည်း ဘလော့မှာတောင် ဖိုးသားရဲ့အရင်နာမည် ပြည့်စုံအောင်ကနေ ဖိုးသားလို့ ပြောင်းလိုက်တာပေါ့.. နောက်ပိုင်း ဘုန်းဘုန်းနဲ့ စကားတွေ ပြောလာရဖန်များတော့ ဘုန်းဘုန်းရဲ့ မေတ္တာဓါတ်တွေက ပိုပြီးတော့ ခိုင်မာလာတယ်လေ.. တစ်ရက်လောက် ဘုန်းဘုန်းနဲ့ စကားမပြော မချက်လိုက်ရဘူးဆိုရင်ကို ဖိုးသား နေမထိထိုင်မသာ ဖြစ်နေတော့တာ.. မေတ္တာစကားသံ မေတ္တာရေးဟန်တွေကို ဖိုးသား အချိန်နဲ့အမျှ တောင့်တနေမိတယ်ထင်ပါတယ် ဘုန်းဘုန်းရယ်..
>> အစ်ကိုဝင်းမြင့်နဲ့လည်း ဒီလိုပါပဲ.. ဖိုးသားကို ညီအရင်းတစ်ယောက်လို သွန်သင်ပေးတယ် ဆုံးမပေးတယ် မှားနေတောလေးတွေ ပြုပြင်ပေးတယ်.. ဖိုးသားနဲ့ တစ်ခါမှ အပြင်မှာ မတွေ့ဖူးပေမယ့်
အစ်ကို့ရဲ့မေတ္တာဓါတ်တွေကိုတော့ လေလှိုင်းထဲကနေ ဖိုးသား ခံစားနိုင်တယ်လေ.. မေတ္တာဓါတ်နဲ့ ရောယှက်နေတဲ့ တရားဓမ္မအရသာတွေကိုပါ ဖိုးသားခံစားသိရှိခဲ့ရပါတယ် ဘုန်းဘုန်းရာ.. ဖိုးသား ကိုဝင်းမြင့်နဲ့ ပြောခဲ့သမျှထဲမှာ မမေ့နိုင်ဆုံးကတော့ *လိမ္မာတယ် ညီလေး* ဆိုတဲ့ စကားလေးပဲ.. ဒီစကားလေးဟာ သာမန်အမြင်တော့ ဘာမှမဟုတ်ဘူးပေါ့ ဘုန်းဘုန်း.. ဒါပေမယ့် သစ္စာကို ရှာဖွေနေသူတစ်ယောက်ပြောတဲ့ *လိမ္မာတယ် ညီလေး* ဆိုတဲ့စကားတစ်ခွန်းဟာ ဘယ်လောက်ထိတန်ဖိုးရှိမှန်းကိုတော့ လူတိုင်းနားမလည်နိုင်ဘူးလို့ ဖိုးသားထင်ပါတယ်လေ.. ဒါကြောင့်လည်း ကိုဝင်းမြင့် ပြောသမျှ သွန်သင်သမျှတွေဆို ဖိုးသား အတတ်နိုင်ဆုံး လိုက်လုပ်ခဲ့တာချည်းပဲ.. ဘာလို့လဲဆိုတော့ အစ်ကိုဝင်းမြင့်ပြောခဲ့တဲ့ အဲဒီစကားလေးနဲ့ ဖိုးသား လုပ်တဲ့ အလုပ်တွေ ကိုက်ညီအောင်လို့လေ..
>> *ညီလေးရေ.. သတိရနေတယ်ဗျ* တဲ့.. ကိုဥပါသကာ ပြောနေကျစကားလေး ဘုန်းဘုန်း.. ဒီစကားလေး တစ်ခွန်းကလည်း ဖိုးသာ့းရဲ့စိတ်အာဟာရ လိုအပ်ချက်ကို ဘယ်လောက်အထိ ဖြည့်စွမ်းပေးနိုင်တယ်ဆိုတာ ဖိုးသားမှတစ်ပါး တခြားသူတွေမသိနိုင်ပါဘူးလေ.. အစ်ကို ဥပါသကာ ကျတော့ ဘုန်းဘုန်းတို့ ကိုဝင်းမြင့်တို့လို မဟုတ်ဘူး စကားနည်းတာလား မအားတာလားတော့ ဖိုးသားလည်း မသိပါဘူး.. အဲဒီ တစ်ခွန်းလောက်ပြောပြီး ပျောက်ပျောက်သွားတာ များတယ်လေ.. ဒါပေမယ့်လည်း ဒီစကားလေးနဲ့တင် အစ်ကိုဥပါသကာရဲ့ မေတ္တာတွေကိုလည်း ဖိုးသား ခံစားနားလည်ခွင့် သိရှိခွင့် ရခဲ့ပါတယ် ဘုန်းဘုန်း။
>> နောက် ဖိုးသားတောင့်တမိတာ တစ်ခုရှိသေးတယ် ဘုန်းဘုန်း.. အဲဒါကဘာလဲဆိုတော့ ဖိုးသားရဲ့မေတ္တဓါတ်တွေကို မျှဝေခံစားပေးနိုင်မယ့် ဖိုးသားရဲ့ စကားတွေကို တသွေမတိမ်း လိုက်နာမယ့် လိမ္မာရေးခြားရှိတဲ့ သမီးလေး တစ်ယောက်ပါပဲ.. ရယ်စရာတော့ အကောင်းသား ဘုန်းဘုန်းရ.. ဖိုးသားလိုချင်တာ သမီးလေးနော် မိန်းမလိုချင်တာမဟုတ်ဘူး ဘုန်းဘုန်းရ.. စိတ်ကူနဲ့ရူးနေတယ်လို့လည်း ပြောချင်ပြောပါစေလေ.. ဒါပေမယ့်လည်း ဒါဟာလူသားတစ်ဦးရဲ့ အခွင့်အရေးပဲလေ.. ဖြစ်တာမဖြစ်တာ နောက်ထား စိတ်ကူးယဉ်ခွင့်တော့ ရှိသင့်တယ် ထင်ပါတယ် ဘုန်းဘုန်းရယ်.. တစ်ခါတစ်ခါများ အိပ်မက်ထဲမှာတောင် သမီးလေးကို ထည့်မက်လိုက်သေးတယ် ဘုန်းဘုန်း.. မကောင်းတဲ့ ဥပါဒါမ် စွဲလန်းမှုတွေပဲလို့ ဘုန်းဘုန်းတို့ ကိုဝင်းမြင့်တို့က ဆိုကြမှာပေါ့နော်.. ဒါပေမယ့် ဒီနေရာမှာ ဖိုးသားခံစားချက်လေးကို ရင်ဖွင့်ရုံသက်သက်ပါ ဘုန်းဘုန်း.. နောက်ဆို ဖိုးသားထိန်းတော့မှာပါ ဒီလိုခံစားချက်တွေ မဖြစ်အောင်လေ.. ဘုန်းဘုန်းလည်း ဖိုးသားကို သွန်သင်ပေးပေါ့..
>> ဘုန်းဘုန်း ဖိုးသားလေ ခုနဇာတ်ကား ကြည့်နေစဉ်အတွင်းမှာ အများကြီးတွေးတော စဉ်းစားလိုက်မိတယ်.. တကယ့်ကို အများကြီး.. အဒီအထဲကမှ ဘုန်းဘုန်းကို နည်းနည်းပြောပြရဦးမယ်...
>> ပထမဆုံး ဖိုးသား ခံစားမိတာက *ငါဘာလို့ တကယ်မဟုတ်တဲ့ ဇာတ်လမ်းကို တကယ်ထင်ပြီး ခံစားနေရတာလဲ* လို့လေ.. ချိုတကူးနဲ့ ဂုဏ်ရည်မတူ စာထဲကလိုပေါ့ဘုန်းဘုန်းရယ်.. လူတွေက အပြင်မှာ တကယ်သနားစရာကောင်းတဲ့ ချိုတကူးကို ကျတော့ မသနားဘူး.. ဘာမဟုတ်တဲ့ ရုပ်ရှင်ထဲက ဇာတ်ကောင်ကို သနားပြီး တရှုံ့ရှုံ့ ငိုနေတာလေး ဖိုးသား သွားသတိရလိုက်မိတယ်..
>> ဒုတိယ တစ်ချက်က အဖေနဲ့ သမီး ချစ်ကြည်နူးပြီး ပွေ့ဖက်နမ်းရှုံ့ခန်းလေးကို ဖိုးသားမြင်လိုက်ရတော့ ဖိုးသားလည်း အဲလို သမီးတစ်ယောက်ရရှိတဲ့ မေတ္တာမျိုးကို လိုချင်သွားမိတယ်.. နောက်ပြီး ဖခင်တစ်ယောက်ရဲ့ နေရာကပါဝင်ပြီး မေတ္တာဓါတ်တွေ ပေးနေမိတယ်.. တစ်ဆက်တည်းမှာပဲ *ပုတီးကိုချ မြေးကိုမသည်* လို့ဆိုသလို နိဗ္ဗာန်ရောက်ကြောင်း ကောင်းရာအလုပ်ကို မလုပ်ဘဲ ဘာဖြစ်လို့များ သားသမီးတွေ မြေးတွေ မြစ်တွေနဲ့ တဏှာတောမှာ ပျော်နေတော့မလဲ.. မိုက်နေတော့မလဲ ရုန်းနေတော့မလဲ.. ဒါဟာ တရားသဘောနဲ့ကြည့်ရင် တကယ်မလုပ်အပ်တဲ့ အရာတွေပါလားဆိုပြီး အဲဒီလိုလေး ဖိုးသားတွေးလိုက်မိတယ် ဘုန်းဘုန်း..
>> ဒီအထဲမှာမှ ဖိုးသားအကြိုက်ဆုံး အနှစ်သက်ဆုံး အခန်းလေးက…
ဖခင်တစ်ယောက်အနေနဲ့ သမီးအပေါ်မှာ တအားချစ်ရှာတယ်.. ဒါပေမယ့်လည်း လိမ်လည်တယ်ဆိုတာ ဘာမှန်းမသိလောက်အောင်ကို ရိုးလွန်းတယ်.. လိမ်ခိုင်းတာကို မလိမ်တတ်ဘူး.. ကျွန်တော်မလိမ်ပါရစေနဲ့တဲ့လေ.. အဲလိုပြောပုံလေးက ဖိုးသားကို တအားခံစားသွားစေတာပေါ့ ဘုန်းဘုန်းရာ.. သီလနဲ့ပတ်သတ်လာရင် ကိုယ့်အကျိုးကြောင့်ပဲဖြစ်ဖြစ် သူတစ်ပါး အကျိုးကြောင့်ပဲဖြစ်ဖြစ် မလိမ်ညာသင့်ဘူးဆိုတာကို ထုတ်ဖော်ပြသွားတယ်လို့ ဖိုးသားမြင်လိုက်မိတယ်ဘုန်းဘုန်း.. ဖိုးသား ဘာလို့ကြိုက်လဲဆိုတော့ ဖိုးသားလည်း မလိမ်တတ်ဘူးလေ ဘုန်းဘုန်း.. အရင်တုန်းကတော့ လိမ်ဖူးတယ်.. ဒါပေမယ့် ဖိုးသားလိမ်ရင် ပိပိရိရိ မလိမ်တတ်ဘူး.. ဟန်အမူအရာတွေ ပျက်တော့တာပါပဲ ဘုန်းဘုန်းရာ.. ခုတော့လည်း ဖိုးသား ဘုန်းဘုန်းတို့ရဲ့ အဆုံးအမတွေအောက်မှာ လိမ်ညာမှုဆိုတာ ကွယ်ပျောက်သလောက် ဖြစ်နေပါပြီလေ..
>> နောက်ပြီး ဖိုးသား အကြိုက်ဆုံး စကားလေးတစ်ခွန်း အဲဒီဇာတ်လမ်းထဲမှာ လျှပ်တပြတ် ကြားလိုက်တယ် ဘုန်းဘုန်း.. ရှေ့နေဆရာမကြီး ပြောလိုက်တဲ့ စကားလေး.. *ရှင်ဟာ သူများတွေပြောသလို အသုံးမကျတဲ့ သူတစ်ယောက် မဟုတ်ပါဘူး.. လူသားတွေကို လူသားဆန်တဲ့ စိတ်ရှိအောင် ပြုလုပ်ပေးနိုင်တဲ့ ပြုပြင်နိုင်တဲ့ လူတစ်ယောက်ပါပဲလေ* တဲ့ ဘုန်းဘုန်းရယ်.. ဟုတ်ပါတယ်လေ.. ပညာတွေ ဘယ်လောက်ပဲတတ်တတ် ရိုးဂုဏ်မရှိရင်တော့ ဒီလူဟာ လောကအကျိုးကို ထမ်းဆောင်နိုင်စေဦးတော့ အကျိုးမဲ့ အနှစ်မဲ့ ထမ်းဆောင်နေခြင်းပါပဲလေ… ဖိုးသားတွေးမိတာလေးပါ…
>> တစ်ခုထူးခြားတာက ဖိုးသားလေ ဒီဇာတ်ကားကိုကြည့်ပြီး ခံစားနေပေမယ့် ခံစားချက်တိုင်းရဲ့ နောက်ကွယ်မှာ အဲဒီခံစားချက်ကို လိုက်လိုက်ပြီး သိနေတဲ့ သတိလေး ရှိနေတာပါပဲ ဘုန်းဘုန်း..
မြတ်စွာဘုရားရှင်ရဲ့ တရားတွေကို လိုက်နာမှုရဲ့ ကျေးဇူးတွေပဲလို့ ဖိုးသားထင်ပါတယ် ဘုန်းဘုန်းရယ်..
>> ဘုန်းဘုန်းရေ.. ဖိုးသားရေးတာလည်း တော်တော်လေး များသွားပြီထင်တယ်.. ဖိုးသားလည်း ခံစားနေရတာလေးကို ရင်ဖွင့်လိုက်ရလို့ ဖိုးသားရဲ့စိတ်ထဲမှာ တအားကို ပေါ့ပါးသွားပါပြီ.. ဘုန်းဘုန်း ကျန်းမာပါစေ။
လေးစားရိုသေစွာ ဦးချလျက်
ချစ်တပည့်လေး
ဖိုးသား
03.01.2009, SAT:, 01:05:44 AM

0 comments