အမေး။ ။ အရှင်ဘုရား… မွေးခါစမှာ စကားပြောကြတဲ့ ဘုရား အလောင်းတော် ဘယ်နှစ်ဦး ရှိပါသလဲဘုရား။ ထိုသူတို့ရဲ့ မွေးခါစမှာ ပြောတဲ့ စကားများကို ပါဠိလို မြန်မာလို နှစ်ဘာသာဖြင့် ဖေါ်ပြပေးပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားပါတယ်ဘုရား။
ပြည့်စုံအောင်
စိန့်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း
=============
အဖြေ။ ။မွေးဖွားခါစ စကားပြောဖူးသော သူများမှာ ဘုရား အလောင်းတော်များ ဖြစ်ကြတဲ့ ဝေဿန္တရာ၊ မဟောသဓာ၊ သိဒ္ဓတ္တမင်းသား တို့ဖြစ်တယ်။ ဘုရား အလောင်းတော် သုံးဦးတို့ရဲ့ မွေးခါစ ပြောစကားများကို နားလည်အောင် အကျယ် ပြောပေးပါ့မယ်။
(၁) ဘုရား အလောင်းတော်ဟာ မဟောသဓ သုခမိန်ဘ၀တွင် မယ်တော်ဝမ်းမှ ဖွားမြင်တော်မူခိုက် သိကြားမင်းလာပြီး ဘုရား အလောင်းတော်ရဲ့ လက်ထဲမှာ စန္ဒကူးနံ့သာ နှစ်တုံးကို ထားခဲ့တဲ့အတွက် ဒီစန္ဒကူး နံ့သာနှစ်တုံးကို ဆုပ်ကိုင်လျက် ဖွားမြင်လာသော အခါ မယ်တော်က သားတော်လေးအား “ချစ်သား… အဘယ်ဝတ္ထုကို ယူလာခဲ့သလဲ” လို့ မေးမြန်းရာ သားတော်က “အို မွေးမိခင်… ဆေးဖြစ်ပါတယ်” (သြသဓံ, အမ္မာ) လို့ မဟောသဓသုခမိန်မင်းသားလေးဟာ မွေးခါစမှာ စကား ပြောခဲ့တယ်။
(သာ တဿ ဟတ္ထေ သြသဓဃဋိကံ ဒိသွာ “တာတ,ကိံ တေ လဒ္ဓ” န္တိ အာဟ။ “သြသဓံ, အမ္မာ” တိ ဒိဗ္ဗောသဓံ မာတု ဟတ္ထေ ဌပေသိ။)
(၂) ဘုရား အလောင်းတော် ဝေဿန္တရာမင်း ဘ၀မှာ မယ်တော်ဝမ်းမှ ဖွားမြင်ခါစမှာပင် လက်ျာလက်ကို ဆန့်တန်း ဖြန့်ခင်းပြီး “အမ္မ ဒါနံ ဒဒိဿာမိ၊ အတ္ထိနု ကိဉ္စိ တေ ဓနံ” လို့ ပြောပါတယ်။ အဓိပ္ပါယ်က “မွေးမယ်တော်… မယ်တော်မှာ တစုံတခုသော ဥစ္စာဝတ္ထု ရှိပါသလား။ အလှူဒါနကို လှူပါအံ့” လို့ ဆိုပြီး ဖွားမြင်လာပါတယ်။
(၃) ဂေါတမ မြတ်စွာဘုရား အဖြစ်သို့ ရောက်တော်မူမယ့် နောက်ဆုံးဘ၀မှာ မွေးဖွားလာတာနဲ့ မြောက်အရပ်သို့ ဖ၀ါး ခုနှစ်လှမ်း လှမ်းကြွတော်မူပါတယ်။ ခုနှစ်ဖ၀ါးမြောက် ရောက်တဲ့အခါ ရပ်တန့်တော်မူပြီး..
အဂ္ဂေါဟမသ္မိ လောကဿ = ငါဟာ လူသုံးပါးမှာ အမြတ်ဆုံးဖြစ်တယ်။
ဇေဋ္ဌောဟမသ္မိ လောကဿ = ငါဟာ လူသုံးပါးမှာ အကြီးအကဲဆုံး ဖြစ်တယ်။
သေဋ္ဌောဟမသ္မိ လောကဿ = ငါဟာ လူသုံးပါးမှာ အချီးမွမ်းအပ်ဆုံး ဖြစ်တယ်။
အယမန္တိမာ ဇာတိ = ယခု ပဋိသန္ဓေ တည်ရခြင်းဟာ ငါ့အဖို့ နောက်ဆုံး ပဋိသန္ဓေ တည်နေရခြင်း ဖြစ်တယ်။
နတ္ထိဒါနိ ပုနဗ္ဘဝေါ = ယခုအခါ ငါအဖို့ တဖန် ဘ၀အသစ် ဖြစ်ရခြင်း မရှိတော့ပြီ… လို့ ပြောကြားတော်မူ ခဲ့ပါတယ်။
မေတ္တာဖြင့်
ဘုန်းဘုန်းကောဝိဒ (မြိတ်)
+++++++++
လေးစားစွာဖြင့်
ဖိုးသား
3/10/2009, TUE:, 2:54:32 AM

March 9, 2009 at 10:49 PM
အကိုရေ... ကျနော်စာလာဖတ်သွားတယ်
ကြုံတုန်းလေးတောင်းလိုက်အုံးမယ်..
ကျနော်ဇာတ်ကြီးဆယ်ဘွဲ့ ကို အတိုသိတယ်
ဇာတ်တွေကိုသိပေမယ့်
(တေ ဇ သု နေ မ ဘူ ဆန် နာ ဝိ ဝေ )
ဆန် နဲ့  နာ ကို ကောင်းကောင်းမသိဘူးအကိုရေ..
အကိုမှာရေးပြီးသားပိုစ့်အဟောင်းရှိရင်လဲလမ်းညွန်ပေးစေ
လိုပါတယ်..
နောက်ပြီး..
မဂ္ဂင် ရှစ်ပါးရဲ့  အနက်လေးတွေ ကို အဓိပါယ်ရှင်းပြ
တာမျိုးလေးပေါ့
ဥပမာ
ကျနော်သိထား သလောက်ပေါ့နော်..
ဓမ္မစကြာ တရားတော်ထဲက အတိုင်းဆို
ပညာမဂ္ဂင် သီလမဂ္ဂင် နဲ့ သမာဓိမဂ္ဂင်
ဆိုတာရှိတယ်လို့ သိရတယ်အကို...
အကိုသိသလောက် ကို ကျနော်ကို ပြန်လည်
ဝေမျှရှင်းပြပေးပါလာ..
တစ်ခါတစ်လေ ကျနော်ကိုယ်တိုင်က အခုလိုသိတယ်
ဆိုပေမယ့် သူ့ ရဲ့ ကျင့်စဉ်နဲ့ အကျိုးသက်ရောက်ပုံတွေကို
သေချာ မသိတာမျိုးရှိတယ် အကို..
တတ်သိနားလည်လို့ မဟုတ်ဘူးနော်..
သိချင်တာကို အကို ကို့ မေးတဲ့သဘောကို နားလည်စေချင်ပါတယ်..
မေးမယ်မေးမယ်နဲ့ ဒီပိုစ့်ကို ဖတ်တော့မှ
အကြောင်းတိုက်ဆိုင်သွားလို့ ပါ..
ပိုစ့်အနေနဲ့ အကိုရေးပြီးသားရှိတယ်ဆိုလဲပေးလေးနော်
ကျနော်က အားလုံးကိုပြန် ဝေမျှချင်တာလဲပါတယ်..
ကျနော် သူငယ်ချင်းတစ်ယောက်က မေးဖူးလို့ 
သူ့ ကိုသိသလောက်တော့ပြောပြဖူးတယ်..
ကျနော့် ဆိုလိုရင်းကို အကိုသဘောပေါက်ပါစေ
အပြောမတတ်ရင်တော့ခွင့်လွှတ်အကိုရေ
ကိုဖိုးသား
ကျမ်းမာပါစေ
ခင်တဲ့
ဖိုးစိန်