Latest News

*ခံစားကြည့်ပါ.. နောက် ခံယူကြည့်ပါ*

“ဟဲ့ သာအောင်၊ နင် အလုပ်လေး ဘာလေး လုပ်စမ်းပါဦး လားဟဲ့၊ နင့််အဖေအို အမေအိုကြီး သနားပါတယ်။ နင်ကတော့လေ ကျားကိုးစီးစားလို့ မကုန်တဲ့ ခန္ဓာကိုယ်ကြီး ကိုတောင် အားမနာဘူး။ ဟိုမှာ နင့်အဖေနဲ့ အမေကတော့ အိုကြီးအိုမနဲ့ ကုန်းရုံးပြီး ရှာကျွေး နေရတယ်။ သူတို့ခမျာ သားတစ်ယောက် မွေးထားပါတယ်၊ အားမကိုးရ ရှာဘူး။ ဒီအသက် အရွယ်နဲ့ လယ်တော ဆင်းနေရတယ်။”

“ဗျို့ …. မခင်မာ၊ ခင်ဗျား ဘာနားလည်လို့လဲ။ မိဘ၀တ်(၅)ပါးထဲမှာ ဒါတွေ အကုန်ပါတယ်ဗျ။ ကျူပ်ကို ပညာလည်း သင်မပေးခဲ့ဘူး။ အခု မိန်းမမှ မယူရသေးတာ။ ဟင့်… ယူရင်တောင် လုပ်ကိုင် စားသောက်ဖို့ အရင်းအနှီး ပေးရမယ်တဲ့ဗျ။ မိဘ၀တ်တဲ့ဗျ။ ကြားဖူးရဲ့လား။ ကျူပ်က ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲ။ ဟင့်.. သာအောင်တို့ ကတော့ အမေရှိ ဆန်ရှိတယ်ဟေ့။ ထမင်း ဘယ်ကရလဲ… ဟဟ… အမေချက်တဲ့ ထမင်းအိုးထဲကရ… ဟဟ။”

============================================

နေ့လည် တစ်နာရီ ထိုးနေပြီ။ သာအောင် အိမ်မပြန်သေး။ ဒီနှစ် မိုးမကောင်းတော့ ရွာက လူတွေလည်း သီးနှံတွေ မရကြပါ။ ဒါတွေ သာအောင်မသိ၊ စိတ်မ၀င်စား။ အိမ်က အဘိုးကြီးနဲ့ အဘွားကြီးလည်း သီးနှံတွေ မရဘူးလို့ ညည်းနေသံတော့ ကြားဖူးလေသည်။ ဒါတွေ ဂရုမစိုက်။ သူတို့ မွေးထားတဲ့ တစ်ဦးတည်းသော သားကိုတော့ ကျွေးထား နိုင်ရမှာပေါ့။ မွေးတုန်းက မွေးထား ပြီးတော့။ အခုလည်း ထန်းတောက ပြန်တာ နည်းနည်း နောက်ကျသောကြောင့် ထမင်းစား နောက်ကျနေပြီ။ ဒါကို ရွာအ၀င်မှာ တရားဟော ခံလိုက်ရ သေးသည်။ အိမ်က ဘွားတော်ကလည်း ဟောအုံးမည်။

“ဟဲ့ သာအောင်၊ ပြန်လာပလား၊ ဟင်.. တစ်နေကုန် တစ်နေခန်း ထန်းတောသွား၊ ရွာရိုးကိုးပေါက် လျှောက်လည်နေ ပြီးတော့။ ထမင်း စားချိန်တောင် မသိနဲ့။ လာ.. ဟိုမှာ ထမင်း ပြင်ထားတယ်။ သွားစားချေ ” ဟုဆိုပြီး အမေသည် စားပြီးသား ပန်းကန်ဆေးရန် အပြင်ထွက် သွားလေသည်။ ကျွန်တော်လည်း မီးဖိုခန်းထဲ ၀င်ပြီး အားရပါးရ စားလိုက်လေသည်။ စားရတာ မကောင်းလှပါ။ ထမင်းကြော်တဲ့။ ဘာဟင်း မှလည်းမပါ။

“ဟဲ့.. သာအောင်ရေ၊ လာပါအုံး၊ ဒီမှာ နင့်အမေ မူးလဲသွားလို့ဟဲ့၊ ဟဲ့ သာအောင်.. ကြားလား၊ ဦးဖိုးအောင်ကော၊ မရှိဘူးလားတော့ ။အိမ်ထဲမှာ ဘယ်သူမှ မရှိကြဘူးလား”

အိမ်ဘေးက ဒေါ်တင်လှ အသံကြားသော အခါ ကျွန်တော်လည်း ပြေးထွက် သွားလေသည်။ အပြင်ဘက် ရေအိုးဘေးမှာ အမေသည် ခွေခွေလေး လဲနေလေသည်။ အဖေ လယ်တော သွားသောကြောင့် ကျွန်တော်သည် ဒေါ်တင်လှ အကူအညီဖြင့် ကျေးရွာ ဆေးခန်းကို ပို့ရလေသည်။

ဆေးခန်းရောက်တော့ အမေ့ကို အားဆေး သွင်းရလေသည်။ ဆရာဝန်က အမေ့ကို စစ်ဆေး နေစဉ်မှာ ဒေါ်တင်လှက..

“ဟဲ့.. သာအောင်၊ နင် တစ်နေ့တစ်နေ့ ထန်းရည် သောက်ပြီးပဲ မနေနဲ့အုံး၊ ဒီနှစ် နင်တို့လယ်တွေ အကုန်လုံး ပိုးကျပြီး မိုးလည်း ခေါင်လို့ ဘာသီးနှံမှ မရဘူး။ မျိုးစပါးဖိုး ယူထားတာနဲ့ မြေသြဇာ ဖိုးတွေပေးရ၊ အငှားတွေ ပေးရနဲ့ နင့်အဖေနဲ့ အမေလည်း အကြွေးတွေဝိုင်းဝိုင်း လည်နေတယ်။”

သိသားပဲ။ ဒါကြောင့်လည်း အဘိုးကြီး အဘွားကြီး ညည်းနေတာပေါ့။

“မနေ့ကဆို နင့်အမေ မကြင်တို့ဆိုင် သွားပြီး အကြွေးယူတာ မရလို့ဆိုပြီး ငါ့ဆီ ဆန်လာချေးတယ်။ ငါလည်း နင်သိတဲ့ အတိုင်း ကိုယ့်မိသားစုနဲ့ ကိုယ်တောင် အနိုင်နိုင်ဆိုတော့ ချေးမနေနဲ့ ယူသွားဆိုပြီး ဆန်တစ်ဗူး ပေးလိုက်တယ်။”

အဲ့လောက်တောင် အခြေအနေ ဆိုးနေပြီလား။ ဒါပေမယ့် ကျွန်တော် နေ့တိုင်း ထမင်းစား နေတာပဲ။ ဘာမှ မထူးခြားသလိုပဲ။

“မနက်ကတော့ လယ်တောကို ထမင်း သွားပို့တာ တွေ့တယ်”။

အဘိုးကြီးဆီပေါ့။ ဘာရှိအုံးမှာလဲ။

“(၁၁)နာရီ လောက်မှာ နင့်အမေဆီ ငါသွားတော့ ထမင်းကြော် တစ်ပန်းကန် တွေ့တယ်။ ဒါက ဘယ်သူ့အတွက် ပြင်ထားတာလဲ ဆိုတော့ နင့်ကို စောင့်နေတာတဲ့။ နင်ထမင်း မစားရသေးလို့တဲ့။ ဒါနဲ့ငါလည်း တော်ကကော စားပြီးပလား ဆိုတော့ ငါက သိပ်မဆာပါ ဘူးတဲ့။ ငါ့သားက ထန်းရည် သောက်ပြီးရင် ထမင်း သိပ်ဆာတတ်တယ်တဲ့။”

ကျွန်တော့် အမေက အဲ့လို ပြောသတဲ့လား။ ကျွန်တော့်ကို ချစ်တဲ့ အရိပ်အယောင် လေးတောင် မပြခဲ့ဘူးသော အမေဟာ သူစိမ်း တစ်ယောက်ကိုတော့ အဲ့လို ပြောလိုက် သတဲ့လား။ ဒါဆိုအမေက ကျွန်တော့်ကို တစ်သက်လုံး ချစ်ခဲ့တာပေါ့။ ခုနက အမေ ထမင်း မစားရသေး ဘူးပေါ့။ ကျွန်တော် မစားနိုင်မှာ စိုးလို့ ပန်းကန် ဆေးချင်ယောင် ဆောင်ခဲ့တာပေါ့။ အမေ ဒါကြောင့် မူးလဲကျခဲ့ တာပေါ့။ ဟုတ်လား။ ကျွန်တော့်ကို အဲ့လောက်ချစ်သတဲ့လား။

“ဟင်းမပါ လို့တောင် စိတ်မကောင်း ဘူးတဲ့။ အဲ့ဒီ ကြော်ထားတဲ့ ထမင်းပန်းကန် နားမှာထိုင်ရင်း နင်ပြန်အလာကို စောင့်နေ တာလေ။”

ဟုတ်လား အမေ။ ကျွန်တော့်ကို ဘာလို့ အမူအရာ နဲ့တောင် မပြခဲ့တာလဲ အမေ ။ကျွန်တော် ငိုချင်လာသည်။ ကျွန်တော်လို လူငယ်က ဘာအရေးလဲ အမေ။ အမေ စားထားနှင့် ပါတော့လား။ အမေ စားထားလိုက် ပါတော့လား။ ဒါဆို ဒီလိုဖြစ်မှာ မဟုတ်ဘူး။ အမေဘာမှ မဖြစ်ပါနဲ့။ ကျွန်တော် နောက် မမိုက်တော့ပါဘူး။ လိမ္မာပါတော့မယ်။ အမေဘာမှ မဖြစ်ပါနဲ့။ အမေ ပြန်နေကောင်း ပေးပါအမေ။

“ငါလည်း နင်တို့ အိမ်ဘက်က “၀ုန်း” ခနဲ အသံကြားလို့ ကြည့်လိုက်တော့ နင့်အမေ မြေပေါ်မှာ လဲနေတယ်လေ။ လဲမှာပေါ့။ နင့်အမေက ဘာမှ ကောင်းကောင်း မစားတာ ကြာပြီ။ ရှိတာလေးကို နင့်ကိုပဲ ကျွေးနေတာကိုး။ အခု အားပြတ်ပြီး လဲတာပဲ ဖြစ်မယ်။”

အမေ… အမေရေ။ သားမိုက်ကို ခွင့်လွှတ်ပါတော့။ အဖေနဲ့ အမေက သားကို အဲ့လောက် ချစ်ခဲ့တယ်တဲ့လား။

“ငါ့အထင် ပြောရရင်……. ဟဲ့ သာအောင် နင်ငိုနေတယ်။ ထူးထူး ဆန်းဆန်း။ ကဲ ကဲ နောက်မှ ၀မ်းနည်း။ ဟိုမှာ ဆရာဝန် ထွက်လာပြီ… သွားစို့ရဲ့ ”

“ လူနာရှင် ဘယ်သူလဲ ခင်ဗျ။ ခင်ဗျား အမေလား။”

ကျွန်တော် နူတ်ဆိတ် နေမိလေသည်။ ဟုတ်ပါတယ်။ကျွန်တော့် အမေပါ။ ကျွန်တော့်ရဲ့ ချစ်လှစွာသော အမေပါ။

“လူနာက အားပြတ်ပြီး လဲတာပါ။ အစားကောင်း အသောက်ကောင်း စားဖို့နဲ့ ကောင်းကောင်း အနားယူဖို့ လိုတယ်။ အသက်ကလည်း ရလာပြီ ဆိုတော့ ဂရုစိုက်ဖို့ လိုတယ်ဗျ။ ပစ်မထားပါနဲ့။ တော်သေး တာပေါ့။ အချိန်မှီ လာပို့နိုင်လို့။ ခင်ဗျားလို သားရှိလို့ တော်သေးတယ်။ ကဲ ခေါ်သွားနိုင် ပါပြီခင်ဗျာ”

ကျွန်တော့်လို သားတဲ့။ ဟုတ်ကဲ့ပါ။ ကျွန်တော် ခင်ဗျားပြောတဲ့ သားမျိုး ဖြစ်အောင် ကြိုးစားပါ့မယ် ဒေါက်တာဟု စိတ်ထဲက ပြောလိုက်မိ လေသည်။


(အမေ့ကို ရှိခိုးလျှက်…)
ထွန်းလင်းကြယ်
9:04 PM, Wed,8-4-2009


********************************************************

သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တာလေးပါ။

>>> အားလုံးပဲ မိဘကျေးဇူး သိတတ်ပြီး အကျေဆပ်နိုင်တဲ့ သားကောင်း ရတနာ၊ သမီးကောင်း ရတနာများ ဖြစ်လာကြစေရန် ရည်ရွယ် ဆန္ဒပြုလျက်…

လေးစားစွာဖြင့်
ဖိုးသား

4/12/2009, SUN:, 8:04:31 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply