အမျိုးသမီးလူထု ကိုယ်စား
အို… သားတော် သမီးတော်တို့၊ နားထောင်ကြ အုံးကွယ်။
သားတော် သမီးတော်တို့ အတွက် လောက အလင်းရောင်တွေ ပေးနေတဲ့ သားတော်ဘုရား မြတ်စွာ ဗုဒ္ဓကို ဟိုး ငယ်ငယ်တုန်းက နို့ချိုတိုက်ကျွေး မွေမြူပြီး၊ အမေက ဘယ်သူမှ နှိုင်းလို့ မရနိုင် လောက်တဲ့ မေတ္တာမျိုးနဲ့ ပြုစုခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ လောကကြီးမှာ အတုမရှိ အတူမရှိတဲ့ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရား မဖြစ်ခင် အသက်(၂၉)နှစ်သား အရွယ်ထိ သားတော် ဗုဒ္ဓကို အမေကလေ ကိုယ့်အသက်ထက် ပိုတန်ဖိုး ထားပြီးတော့ စောင့်ရှောက်ခဲ့တာ။
ပြီးတော့ ဘိက္ခုနီမ (အမျိုးသမီး) သာသနာ တော်ကြီး ပေါ်ပေါက် လာဖို့အတွက် အမေလေ သားတော် အရှင်အာနန္ဒာရဲ့ အကူအညီနဲ့ အားသွန်ခွန်စိုက် မဆုတ်မနစ် ကြိုးပမ်းခဲ့လို့ အရာရာကို ထောက်ထားငဲ့ပြီး သားတော် ဘုရားက ခွင့်ပြုခဲ့တယ်။ ဘိက္ခုနီမ (အမျိုးသမီး) သာသနာကြီးကို တိုးတက် ပြန့်ပွား စည်ပင်အောင် အမျိုးသမီး လူထုကို ကိုယ်စားပြုပြီး အမေက ဦးစီးဦးဆောင် လမ်းပြခဲ့၊ လမ်းညွှန်ခဲ့တယ်။
အမေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်
သားတော် သမီးတော်တို့ရဲ့ သောက ပင်လယ်ကြော၊ ဆင်းရဲ ဝေဒနာတော ထဲကနေ အမေက တတ်နိုင်သလောက် သားတော် သမီးတော်တို့ကို ဆွဲထုတ်ခဲ့တယ်။ အဲဒီကျေးဇူး ဂုဏ်တွေကို သားတော် သမီးတော်တို့က ပြန်ပြောင်း သတိရလို့၊ တွေးတောမိခဲ့မယ်။ နောက်ပြီး အဲဒီ ကျေးဇူးဂုဏ် တွေကို ထောက်ထားပြီး အမေ့ကို ချစ်တယ်၊ သနားတယ်၊ ကြည်ညိုတယ်၊ ကျေးဇူးဆပ်ချင်တယ် ဆိုရင်လေ…
(သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ၊ ကရောထ ၀ီရိယံ ဒဠှံ။)
အမေ မရှိတဲ့နောက် သားတော် သမီးတော်တို့ သိထားပြီး ဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ပရိယတ္တိ သာသနာ (သင်ယူခြင်း၊ မှတ်သား၊ နားထောင်ခြင်း)။ ပဋိပတ္တိ သာသနာ (သင်ထား၊ သိထားတဲ့အတိုင်း လိုက်နာကျင့်ကြံခြင်း)။ ပဋိဝေဓ သာသနာ (သိခြင်း၊ ကျင့်ခြင်းတို့ရဲ့ အကျိုးရလဒ်၊ အသီးအပွင့်)။ အဲဒီသာသနာ သုံးရပ်ကို မြဲမြံခိုင်ခံ့တဲ့ မဆုတ်မနစ်သော ၀ီရိယတွေ၊ သားတော် သမီးတော်တို့ရဲ့ သောက မျက်ရည်တွေကို ရုတ်သိမ်းပြီးတော့ ရွှင်ပြ ထက်သန်သော စိတ်ဓာတ်တွေနဲ့ တိုးတက်အောင်၊ ပြန့်ပွား စည်ပင်အောင် ကြိုးစား အားထုတ် ရစ်ကြပါ။ အခုအချိန်ဟာ သောကတွေ ပူဆွေးပြီး ငိုကြွေး နေရမယ့် အချိန် မဟုတ်တော့ပါဘူး။
ငိုချင်စိတ်ပေါက်အောင် ငိုတတ်သူ
ဒါနဲ့ သတိရတုန်း ပြောလိုက် ပါအုံးမယ်။ မိဘတွေ၊ အဖိုးတွေ အဖွားတွေ၊ ညီအစ်ကို မောင်နှမတွေ၊ သူငယ်ချင်း မိတ်ဆွေတွေ သေသွားကြရင် တို့ရွှေနိုင်ငံမှာ သိပ်ပြီး ငိုကြတာ။ စာရေးသူ တွေ့ဖူးတဲ့ အမျိုးသမီး တစ်ယောက်ဆိုရင် တစ်လထဲမှာ မောင်သေ၊ ပြီးတော့ အမေသေ - ဆိုတော့ ငိုလိုက်တဲ့ ဖြစ်ခြင်း၊ သူငိုပြီး ပြောတဲ့ စကားတွေကို နားထောင်ပြီး နားထောင်ရတဲ့ သူတွေတောင် သူ့ကို သနားပြီး ငိုချင်စိတ်တွေ ပေါက်လာတယ်။
တကယ့်ကိုမှ အရူးပဲ
ဘယ်သူတွေက ဘယ်လောက်ပဲ ငိုချင်စိတ်တွေ ပေါက်ပေါက် ရှေ့မှာ ရှိတဲ့ ရုပ်အလောင်း ကတော့ (အသိ အမျိုးသမီး တစ်ယောက် ပြောနေကြ စကားလို) အေးအေး လူလူပဲ။ သူမသိ၊ သူမကြား၊ သူမဟုတ် သလိုပဲ။ ဟုတ်တယ်လေ ဘ၀တွေက ခြားသွားပြီ။ တကယ်လို့ သေတဲ့ သူက နတ်ပြည် ရောက်နေရင် လူ့ပြည်ကို သတိ မရတော့တာ အမှန်ပဲ။
သတိရတယ် ထားပါအုံး နတ်ပြည်ကို ရောက်တဲ့ အချိန်နဲ့ ကျန်ရစ်သူ ငိုနေတဲ့ အချိန်တို့ဟာ ဘယ်လိုမှ စပ်ဟပ်လို့ မရနိုင် လောက်အောင် ကွာခြားလွန်းတယ်။ နတ်ပြည်က ကြည့်မိတယ် ဆိုတောင်မှ အော် ဒီ ငိုတဲ့ သူနှယ် တော်တော် ရူးတာပဲ။ တကယ့်ကိုမှ အရူးပဲ။ ဒီလောက် ကိုယ့်ရှေ့လူက သေပြနေတာတောင် သတိတရားလေး နည်းနည်းမှ မရဘူးဆိုပြီး လှောင်နေမှာ။ (သေတဲ့သူနဲ့ ပတ်သက်လို့ သေသူက သတိရတာတွေ၊ မရတာတွေ အကြောင်း၊ စပ်မိရင် သီးသန့် တစ်ပုဒ်လောက် ရေးပါဦးမယ်။)
ဘ၀နိကန္တိက တဏှာ
မြတ်ဗုဒ္ဓရှိစဉ် အခါတုန်းက သူ့မိဖုရားသေလို့၊ မိဖုရားအလောင်းကို ဆေးရည်တွေနဲ့ စိမ်ပြီး တသသနဲ့ ပူဆွေး သောက ရောက်နေတဲ့ မင်းတစ်ပါးရှိတယ်။ သူ့မိဖုရားက သိပ်လှတာကိုး။ လှတော့ ချစ်တယ်။ အနုအလှ စကားလေးတွေနဲ့ ချွဲချွဲ နွဲ့နွဲ့ ပြောတတ်တော့ အဲဒီမင်းက တခြား မိဖုရားတွေထက် သူ့ကို ပိုလို့ချစ်တာ။ သူ့မိဖုရား ငယ်ငယ်ရွယ်ရွယ် လှလှပပ နုနု ထွတ်ထွတ်လေး မထင်မှတ်ဘဲ သေသွားတော့ အရူးတပိုင်းပေါ့။
ဘယ်သူမှ ဖျောင်းဖြ၊ ဖြေသိမ့်လို့ မရနိုင်ဘူး၊ နေ့စဉ် နေ့စဉ် အဲဒီ မိဖုရားအနားမှာပဲ တမှိုင်မှိုင် တတွေတွေနဲ့ ပူဆွေးသောက ရောက်နေတာ။ မြတ်ဗုဒ္ဓနဲ့ တွေ့ပြီး ဘုရားရှင်နဲ့ ဆွေးနွေးခွင့် တရားနာခွင့် ရပြီးတဲ့နောက်… ဘ၀ ခြားသွားတာရယ်၊ ဘ၀သစ်မှာ (ပိုးကောင်မ) ယောက်ျားအသစ် (ပိုးထီး)နဲ့ ပျော်မွေ့ နေတာတွေကို သိရတော့မှ သူ့ဘ၀က ငြိမ်းချမ်းသွားတာ။
ဒီနေရာမှာ ပြောချင်တာက ဘ၀နိကန္တိက တဏှာပါ။ အဓိပ္ပါယ်က ကိုယ့်ဘ၀မှာ ကိုယ် တပ်မက်ပြီး ပျော်မွေ့ နေကြတာပါပဲ။ ပေါင်တစ်ချောင်း ပြတ်ပြီး တောင်းစားနေတဲ့ သူတောင်စား တစ်ယောက်ကို သူဌေးတစ်ဦးက “မင်းဘ၀က သနားစရာပဲ၊ ပေါင်ပြတ် နေရတဲ့အထဲ တောင်းကလဲ တောင်းစား နေရသေးတယ်။ လူ့ပြည်မှာ နေမယ့်အစား သေတာကမှ ပိုကောင်း အုံးမယ်”လို့ ပြောကြည့်။ ပေါင်ပြတ် သူတောင်းစားက ဘာပြန်ပြောမယ် ထင်သလဲ?။
ဒီလိုပါပဲ လူတွေတောင် မဟုတ်ဘူး တိရစ္ဆာန် တွေလည်း သူ့ဘ၀မှာ သူ ပျော်နေတာပဲ။ လမ်းဘေးမှာ ခွေးလေ ခွေလွင့် တစ်ကောင်၊ ၀ဲကလည်း စားနေသေးတယ်။ နေ့စဉ်နေ့စဉ် စားစရာက မရှိ။ သူများ လွှင့်ပစ်တဲ့ အမှိုက်ထဲက မနည်း လုစားနေရတဲ့ ခွေးဝဲစား ဘ၀။ သူ့ကို ကြည့်ပါလား၊ သူ့ဘ၀ကို သူ မကျေမနပ်နဲ့ မှိုင်နေတဲ့ နေ့တွေများ ရှိပါသလား?။ နောက် မိမိတို့ရဲ့ မစင်၊ အစားအသောက် အပုပ်အစပ် တွေမှာ နေတဲ့ ပိုးလောက်လန်း တွေကိုကြည့်၊ သူတို့တွေဟာ သူတို့ ဘ၀ကို စက်ဆုပ် ရွံ့ရှာ နေလိမ့်မယ်လို့ ထင်နေပါသလား။
ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူ ဘယ်သူမဆို ကိုယ့်ဘ၀မှာ ကိုယ်ပျော်နေကြတာပါပဲ။ အဲဒါ ဘ၀နိကန္တိက တဏှာပဲ။ သိပ်ကြောက်စရာ ကောင်းတယ်။ ဘ၀ကို ငြီးငွေ့ဖို့၊ ဆင်းရဲအစစ်ကို မြင်ဖို့၊ ပြီးတော့ အဲဒီဆင်းရဲ ဘာကြောင့် ဖြစ်တာလဲဆိုတာ သိဖို့ အင်မတန်မှ ခက်တယ်။
အဲယားကွန်းနဲ့ ဆရာဘုန်းကြီး
စာရေးသူတို့ ငယ်ငယ်က အရမ်းရင်းနှီး ကျွမ်းဝင်တဲ့ ဆရာဘုန်းကြီး တစ်ပါး ရှိခဲ့တယ်။ အဲဒီ အချိန် ဆရာဘုန်းကြီး အသက်က ရှိလှမှ လေးဆယ်ဝန်းကျင်။ တက်ကြွ လန်းဆန်းနေတဲ့ အချိန်ပေါ့။ အဲယားကွန်း အရမ်းကြိုက်တယ်။ သူသေ(ပျံလွန်တော်မူ) ရင်တောင် အဲယားကွန်း ဖက်ပြီး သေမယ်လို့ မကြာခဏ နောက်ပြော ပြောလေ့ရှိတယ်။
ဒကာ၊ ဒကာမ တွေကလည်း လေဖြတ်မှာ စိုးလို့ အအေးကြိုက်တာ လျှော့ဖို့ လျှောက်ထား ကြတယ်။ တစ်နေ့တော့ ဆရာဘုန်းကြီး အမိန့် ရှိတာက လေများ ဖြတ်ခဲ့မယ် ဆိုရင်တော့ ဒီအတိုင်း တွဲတွဲ ဆွဲဆွဲနဲ့ မနေဘူး၊ ကိုယ့်ကိုယ်ကို အဆုံးစီရင် လိုက်မယ်တဲ့။ ဆရာဘုန်းကြီး လေဖြတ်တာ တွဲတွဲ ဆွဲဆွဲ ဖြစ်တာ သုံးခါတောင်။ ဆရာဘုန်းကြီး ဘာလုပ်မယ် ထင်ပါသလဲ။ ဒါတွေဟာ ဘ၀နိ ကန္တိကကို ပြောချင်တာပါ။
မသာချရင်း လူပျိုလှည့်
စာရေးသူ မြန်မာနိုင်ငံမှာ အသုဘကို အိုးစည် ဒိုးပတ်နဲ့ အသုဘချတာကို မကြာခဏ ဆိုသလို တွေ့ဖူးတယ်။ ငယ်စဉ်ဘ၀ အသုဘပို့ရင်း သတိထားမိ တာက အသုဘ ပို့တဲ့သူတွေဟာ ငြိမ်သက်ပြီး သံဝေဂယူရင်း လိုက်ပို့ကြတယ်။ အခုခေတ်မှာ အသုဘ ပို့တဲ့သူတွေက ရယ်လို့မောလို့ လူပျို အပျို လှည့်ကြတာတောင် ပါသေး။
နောက်လာဦးမလား တဲ့
ရွှေအိုးစည်က တီး၊ ကတဲ့သူက က၊ အလောင်းထမ်းပြီး ဆော့တဲ့သူက ဆော့၊ ပြီးတော့ အသုဘ အလောင်းကို မြေချခါနီး ဖြစ်ဖြစ်၊ မီးရှို့ခါနီးဖြစ်ဖြစ် ခဲနဲ့ ပေါက်ကြတယ်။ ပါးစပ်ကလဲ ပြောကြတယ်၊ နောက် လာအုံးမလား တဲ့။ နောက်ထပ် သေတဲ့ လူတွေ လာမှာ ကြောက်ကြလို့နဲ့ တူပါတယ်။ (လူတွေက မသေတဲ့ အမျိုးလို့ ထင်နေကြပါရဲ့)
နောက် လာအုံးမလား ရဲ့ အကျိုးဆက်က ခဲနဲ့ပစ်ရင်း အသုဘ အလောင်းနားမှာ ရှိတဲ့ လူရဲ့ မျက်နှာကို သွားမှန်လို့ အသုဘပွဲက ရန်ပွဲကြီး ဖြစ်ကြပြန်ရော။ ပြောစရာ တွေက အများကြီး၊ အသုဘနဲ့ ဖဲဝိုင်း၊ အကျိုးဆက်က ရန်ပွဲ၊ ဒါတွေကလဲ သတိထားဖို့ ကောင်းတယ်။
အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာတော်ကြီး
သုံးကြိမ် လျှောက်လဲခွင့်မပြု
သားတော် သမီးတော်တို့ မြင်တွေ့ နေရတဲ့ အမေတို့ရဲ့ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာ တော်ကြီးကို သားတော် မြတ်စွာ ဘုရားက လွယ်လွယ်ကူကူနဲ့ သဘောတူ ခွင့်ပြုခဲ့တာ မဟုတ်ဘူးကွယ့်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ်မှာ သားတော် သိဒ္ဓတ္ထက သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ သားတော်ရဲ့ အသက်က (၃၅)နှစ်ပေါ့။
သားတော်ဘုရား (၃၆)နှစ်အရွယ်၊ မဟာသက္ကရာဇ် (၁၀၄)ခုနှစ် ရောက်တော့ အမေတို့နေရာ ကပိလ၀တ် နေပြည်တော်ကြီးကို သားတော်ဘုရား ကြွလာခဲ့တယ်လေ။
အဲဒီ ကြွလာတဲ့ အချိန်၊ ရလိုက်တဲ့ အခွင့် အရေးကို အမေက ဘယ်လက်လွတ် ခံလိမ့်မတုန်း။ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာ တည်ထောင်ခွင့် ရအောင် လျှောက်ထားတော့ သားတော်ဘုရားက လက်မခံခဲ့၊ ခွင့်မပြုခဲ့ ဘူးကွယ့်။ နှစ်ကြိမ် လျှောက်လည်း ခွင့်မပြု၊ သုံးကြိမ် လျှောက်ပြန်တော့လဲ ခွင့်မပြုခဲ့ပြန်ဘူးကွယ်။
ရဟန်းမတွေ ၀တ်ချင်ရှာ
အော် ဒါနဲ့ ပြောရအုံးမယ်။ သာကီဝင် မင်းသားငါးရာ သားတော် ဘုရားရဲ့ထံမှာ ဃရာဝါသ အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါပြီး ရဟန်းတွေ ၀တ်သွားကြတော့၊ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ဇနီး အမျိုးသမီး ငါးရာက အိမ်ထောင် ထပ်မပြုကြ ဘူးလေ၊ သူတို့လေးတွေ ကလည်း အမေနဲ့ အတူ ရဟန်းမ ၀တ်ချင်ရှာနေကြတာ။
ကျောင်းတော်ကြီးဆီသို့
မဟာ သက္ကရာဇ် (၁၀၈)ခုနှစ်၊ သားတော် ဘုရားရဲ့ အသက်က (၄၀)အရွယ်၊ အဲဒီအချိန် မှာပေါ့။ သားတော် မြတ်စွာဘုရား ဝေသာလီပြည်၊ မဟာဝုန် တောကြီးထဲက ကူဋာဂါရ သာလာ ကျောင်းတော်မှာ သီတင်းသုံးတယ် လို့ကြားတော့ သားတော် ဘုရားနဲ့ ရဟန်း သံဃာတွေကို အတုယူ အားကျပြီး အမေနဲ့ အတူ သာကီဝင် မင်းသမီး ငါးရာတို့ဟာ ဆံပင်တွေ ကိုဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်ပြီး သားတော် ဘုရားရဲ့ ကျောင်းတော်ကြီး ဆီကို သွားကြမယ်ပေါ့။
ခြေဖ၀ါး နုနု သွေးခြေ ဥ
အဲဒီလို သွားမယ်လို့ ဟန်ပြန်တော့ သာကီမင်းတွေက ယာဉ်ရထားနဲ့ သွားဖို့ သူတို့ စီစဉ်ပေးမယ် ဆိုတဲ့ အကြောင်း ပြောပါတယ်။ အမေတို့ တတွေက အဲဒီလိုသွားရင် သားတော် ဘုရားကို မရိုသေရာ ရောက်မှာစိုးလို့ သူတို့ စီစဉ်ပေးမယ့် ယာဉ် ရထားတွေကို ငြင်းပယ်ပြီး ဖိနပ်ပါ မစီးဘဲနဲ့ သားတော် ဘုရားရှိရာ မဟာဝုန် တောကြီးထဲကို သွားကြတာပေါ့။ ဖုန်တွေကထူ၊ လမ်းခရီးကလဲ ကြမ်းတော့၊ ဖုန်တွေက ခန္ဓာကိုယ်မှာ အလိမ့်လိမ့်ကပ်၊ ခြေဖ၀ါတွေမှာ ဖိနပ်တစ်ခါမှ မစီးဘဲ မလျှောက် ဘူးတော့ သွေးခြေတွေဥ၊ ပေါက်ပြဲပြီးတော့ သွေးသံရဲရဲ ဖြစ်နေတာပေါ့ကွယ်။
မျက်ရည်လေးတွေ ပါးပြင်မှာ ခိုဆင်းလို့
သားတော်ဘုရားရဲ့ ကျောင်းပရ၀ဏ် အတွင်းကို ရောက်တာနဲ့ သားတော်ဆီကို တန်းပြီး မသွားရဲသေးဘူး။ သားတော် ဘုရားရဲ့ ခွင့်ပြုချက်ကို မရယူဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆံပင်တွေဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်လာတာ ဆိုတော့ ဘယ် တန်းပြီးတော့ သွားရဲပါ့မလဲ။
ဒါနဲ့ အမေလည်း အားတင်းပြီး သာကီ မင်းသမီး ငါးရာကို အပြင်မှာထား၊ အမေက သားတော် ဘုရားရဲ့ ကျောင်းတော် အပေါက်ဝလေး မှာပေါ့။ အထဲဝင်ရ ကောင်းနိုး မ၀င်ရ ကောင်းနိုးနဲ့ ချီတုံ ချတုံ ဖြစ်နေခဲ့တယ်။ နောက်ပြီး ၀မ်းနည်း စိတ်တွေ ၀င်ပြီး သူ့အလိုလိုပဲ မျက်ရည်တွေက ပါးပြင်မှာ ခိုဆင်းလို့ပေါ့။
ရင်တထိတ်ထိတ်နဲ့ ကျန်ရစ်နေခဲ့
သိပ်မကြာလိုက် ပါဘူး၊ ကံကောင်းချင်တော့ သားတော် အရှင်အာနန္ဒာ ရောက်လာခဲ့ တယ်လေ။ သားတော် အာနန္ဒာလည်း တွေ့တွေ့ချင်း အမေ့ရဲ့အ၀တ်အစား အသွင်အပြင်၊ ကိုယ်စိတ် ဆင်းရဲနေပုံ၊ ခြေဖ၀ါးနုနုမှာ သွေးခြေတွေဥ၊ ခန္ဓာကိုယ်မှာ ဖုန်အလိမ့်လိမ့် ကပ်ပြီး မျက်ရည် ကျနေတာကို တွေ့တော့ အရမ်းအံ့သြလို့ နေတယ်လေ။ ပြီးတော့ အကျိုးအကြောင်း မေးတော့ အမေလည်း ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဖော်ထုတ်လိုက် တာပေါ့။
သားတော် အာနန္ဒာက အားကိုးရ ပါတယ်။ အမေ့ကိုလေ “မယ်တော်ကြီးရယ် ဒီလောက်လည်း စိတ်သောက ရောက်မနေပါနဲ့၊ သားတော် လျှောက်ပေး ပါ့မယ်”လို့ ပြောပြောဆိုဆိုနဲ့ သားတော် ဘုရားရဲ့ ကျောင်းတော်ရာထဲ ၀င်သွားတော့ အမေလေ ရင်တထိတ်ထိတ်နဲ့ တံခါးဝနားမှာ စောင့်လို့ ကျန်ရစ်နေခဲ့ရတာ။
အရှင်အာနန္ဒာရဲ့ စွမ်းရည်သတ္တိ
သားတော်လေး အာနန္ဒာက အထဲ ၀င်သွားပြီး တဲ့နောက် အမေ့ရဲ့ ပုံပန်းအသွင်ကို သားတော် ဘုရားအား အရင် လျှောက်ပြီး၊ မယ်တော်ကြီး ရဟန်းမ ၀တ်လိုပါကြောင်း ခွင့်တောင်း လျှောက်ထားတော့ တာပါပဲ။
သားတော် ဘုရားက နှစ်ကြိမ်မက သုံးကြိမ် တိုင်အောင် ပယ်မြစ် လိုက်တော့ သားတော်လေး အာနန္ဒာလည်း ပရိယာယ် စကားနဲ့ လျှောက်ထား ပြန်တယ်။
“ဘုန်းတော် နေ၀င်း ထွန်းလင်း တောက်ပတော် မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေ အတွက် အိမ်ယာ တည်ထောင် လူတို့ဘောင်မှ စွန့်ခွါပြီး၊ ရဟန်းမ ၀တ်ပြီး တရား အားထုတ်ပါလျှင် မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော် တွေကို အမျိုးသားများ နည်းတူ ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြု ခွင့်များ ရှိနိုင်ပါ့မလား ဘုရား”။
“ရနိုင်၊ ရောက်နိုင်၊ မျက်မှောက် ပြုနိုင်တာပေါ့၊ အာနန္ဒာ”လို့ မြတ်ဗုဒ္ဓက မိန့်တော်မူတော့…
“ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေလည်း မဂ် ဖိုလ် နိဗ္ဗာန် ရနိုင် ရောက်နိုင် မျက်မှောက်ပြုခွင့် ရနိုင်တယ်ဆိုရင်… မယ်တော် မဟာပဇာပတိ ဂေါတမီသည် မြတ်စွာ ဘုရား၏ မိထွေးတော်ပါ ဘုရား။ အရှင်ဘုရားကို ဖွံ့ထွား ကိုယ်လက်၊ ကိုယ်နေ စည်ကား ကြီးပွားခြင်းသို့ ရောက်အောင် စောင့်ရှောက် ပေးခဲ့တဲ့ မယ်တော်ကြီးပါ ဘုရား။
ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ အစပြုကာ၊ ရေမိုး ချိုးပေး၊ အစာတွေကို ၀ါး၍ ကျွေးမွေး ခဲ့ရတဲ့ မယ်တော်ကြီးပါ ဘုရား။
အရှင်ဘုရား ၇-ရက်အရွယ် ဥမမယ် စာမမြောက် အရွယ်မရောက် သေးသည့် အချိန်မှ စ၍ အရွယ်တော် ရောက် လူလား မြောက်သည် အထိ နို့ချိုတိုက်ကျွေး မွေးမြူခဲ့ရတဲ့ မယ်တော်ကြီးပါ ဘုရား။ ထို့ကြောင့်… ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား မိထွေးတော်ကြီး အမှူးရှိသော သာကီ အမျိုးကောင်း သမီးတို့အား ရဟန်းမ ၀တ်ခွင့် ပြုတော်မူပါ ဘုရား”လို့ သားတော်လေး အာနန္ဒာက လျှောက်ထားတော့…
သားတော် မြတ်စွာဘုရားက…
“ဂရုဓမ် တရား ရှစ်ပါး (မဟာဗုဒ္ဓ၀င်ရှု)ကို လိုက်နာ ကျင့်သုံးနိုင်မယ် ဆိုရင်တော့ ရဟန်းမ ၀တ်ခွင့်ပေးမယ်”လို့ မိန့်တော် မူလိုက်မှ သားတော် အာနန္ဒာလည်း စိတ်အေး ချမ်းသာသွားပြီး အမေ့ဆီ ပြန်လာခဲ့တာပေါ့။
အမေနဲ့ ပါလာခဲ့တဲ့ သာကီမင်းသမီး ငါးရာတို့ကလည်း ဦးလည်မသုန် လေးစား လိုက်နာပါ့မယ် ဆိုလို့ ဘိက္ခုနီမ သာသနာ တော်ကြီး ပေါ်ပေါက်လာတာ။ အစဉ်တစိုက် ကြိုးစားလိုက် ကြစမ်းပါ…။
အို… သားတော် သမီးတော်တို့ ဒီအချိန်ဟာ စိုးရိမ်ပူဆွေ ငိုးကြွေးနေရမယ့် အချိန် မဟုတ်တော့ဘူး။
(ထီနံ အဒါသိ ပဗ္ဗဇ္ဇံ၊ သမ္ဗုဒ္ဓေါ ယာစိတော မယာ။ တသ္မာ ယထာဟံ နန္ဒိဿံ၊ တထာ တမနုတိဋ္ဌထ။)
ခက်ခက် ခဲခဲ ပင်ပင် ပန်းပန်း ဆင်းဆင်း ရဲရဲနဲ့ ရခဲ့ရတဲ့ ဘိက္ခုနီမ သာသနာတော် ကြီးကို အမေလေ အရှည်ခံ့ပြီး တည်တံ့ဖို့ အတွက် အရမ်း အလိုရှိတယ်ကွယ်။ ဒါကြောင့် သားတော် သမီးတော်တို့ဟာ ဘိက္ခုနီမ သာသနာတော် ကြီးအတွက် ဆက်လက်ပြီး ဘိက္ခုနီမ သာသနာတော်ကြီး တိုးတက်စည်ပင် ပြန့်ပွားဖို့အတွက် အစဉ်တစိုက် ကြိုးစား လိုက်ကြစမ်းပါကွယ်… လို့
လမ်းဘေး ၀ဲယာ တဖက် တချက်မှာ ရှိတဲ့ မိထွေးတော် ကြီးရဲ့ ဘ၀ခရီးကို နှုတ်ဆက် ကန်တော့ကြတဲ့ သားတော် သမီးတော်တွေကို နောက်ဆုံး တရားဟောရင်း… မိထွေးတော်ကြီးတို့ သားတော် ဗုဒ္ဓမြတ်စွာရှိရာ ကျောင်းတော်ဆီသို့ ဦးတည်လိုက် ကြတယ်။
ဆက်ရန် -
ဝန်ခံချက်
ဤစာမူများကို သုတ္တန္တ ပိဋက၊ ခုဒ္ဒကနိကာယ်၊ အပါဒါနပါဠိတော် ဒုတိယအုပ် စာမျက်နှာ ၉၇-မှ ၂၈၈-အထိ၊ ဂါထာပေါင်း ၁၉၀-ကျော်တို့မှ ထုတ်နှုတ်၍ ၃-လပိုင်း၊ ၂၀၀၈-ခုနှစ်တွင် ဧရာဝတီတိုင်း၌ စာရေးသူ ဟောကြားခဲ့ဖူးသော “အမေ ကျေနပ်ပါပြီ သားရယ်” တရားတော်ကို အခြေခံလျက် အင်တာနက် စာဖတ်သူတို့ အတွက် ညီငယ် မောင်ဖိုးသားမှ တဆင့် ပြန်လည် ဓမ္မဒါန ပြုခြင်းဖြစ်ပါသည်။
မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gamil.com
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်၊
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။
လေးစားရိုသေစွာဖြင့်
ဖိုးသား
4/8/2009, WED:, 5:00:58 PM
0 comments