Latest News

*ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်*

အရှင်ဇ၀န (မေတ္တာရှုင်-ရွှေပြည်သာ)


အနုမတ္တေသု ၀ဇ္ဇေသုဘယ ဒဿာဝီ = အနည်းငယ်သော အပြစ်၌ သော်လည်း ကြောက်လန့်ဘွယ် ဘေးဟု ရှုမြင်ခြင်းသည် ရိုးသား ဖြောင့်မတ်သော စာရိတ္တ သတ္တိရှင် တို့၌သာ ရှိကြပေသည်။ အကုသိုလ် ဒုစရိုက် လမ်းသည် စုန်လမ်း ဖြစ်သောကြောင့် နည်းနည်း လုပ်မိ သည်နှင့် ထိုထက် တစ်ဆင့် တက်ပြီး များများ လုပ်ဖို့ရန် မခဲယဉ်း တော့ပေ။ ထို့ကြောင့် မဃဒေ၀၌ “အကုသိုလ် နှင့် ကုသိုလ် နှစ်ပါး၊ မပြုသော်ခဲ၊ ပြုသော် ရဲ၏” ဟု အလာရှိသော လင်္ကာပိုဒ် လေးသည် ဤနေရာ၌ အလွန့်အလွန် အကျွမ်း တ၀င် ဖြစ်နေသဖြင့် မှတ်သားဖွယ် ကောင်းလှ ပါသည်။

ရိုးသား ဖြောင့်မတ်သည့် စာရိတ္တ သတ္တိ မရှိမှုကြောင့် စက်ရုံ အလုပ်ရုံ အများစုသည် ဖြူကာ၊ ပြာကာ ကျအောင် အရှုံး ပေါ်နေသဖြင့် ပိတ်ပစ် လိုက်သည်သာ များပါသည်။ စက်ရုံ အကြီးအကဲ အရာရှိ များကလည်း အောက်ဝန်ထမ်း များကို လောက်ငအောင် ပေးထားသည့် ကြားက ဗီဇသန္ဓေ ကိုယ်က မကောင်း ကြလို့ ခိုးကြတာဟု ဆိုသလို၊ အလုပ် သမားများ ဘက်ကလည်း ခိုးဝှက်သော အလုပ်ကို မလုပ်ချင်၊ သည်ကြားထဲ ကုန်ဈေးနှုန်းက ကြီး၊ ပေးထားသော လစာက နည်း၍ မလောက်င သောကြောင့် ခိုးရတာ ဟူ၍ အကြောင်း ပြကြသည်။

အရင်း စစ်တော့ အမြစ်က ဟူသော စကားအတိုင်း တစ်ယောက်ချင်း ကစ၍ တရား ပျက်သောကြောင့် တစ်တိုင်း ပြည်လုံး ပျက်ကြရခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်တိုင်းပြည်လုံး ကောင်းစား စေချင်လျှင် တစ်ယောက် ချင်းက စပြီး ပြင်ကြရ မည်သာ ဖြစ်ပါသည်။

ထိုသဘော တရားကို မီးမောင်း ထိုးပြ သကဲ့သို့ ဖြစ်သော ပုံပြင် တစ်ပုဒ် ကိုလည်း မှတ်သားရ ဘူးသည်။ တစ်ခါက ဖိုးသူတော် တစ်ယောက်သည် ခရီးသွား ရင်းဖြင့် အသင့် တွေ့ရသော ပြောင်းခင်း တစ်ခင်းသို့ ၀င်၍ ပြောင်းဖူး တစ်ဖူးကို ခူးယူပြီး အကာ အရွက်များကို ဖယ်ရှား လိုက်ရာ စားချင်စရာ မကောင်းသော ကျိုးတိုး ကျဲတဲ ပြောင်းဖူစေ့ အနည်းငယ်သာ ပါသည်ကို တွေ့ရ သည်နှင့်-

“ညံ့လိုက်တဲ့ ပြောင်းဖူးနှယ်၊ စားစရာ အစေ့လေး တောင် ပြည့်စုံအောင် မပါဘူး” ဟု ပြောလိုက်သည်။ ထိုအခါ ပြောင်းဖူးက-

“ဦးသူတော် ကျုပ်က အဆံ များများ ပါအောင် ဖူးချင် တာပေါ့၊ ဒီပြောင်းပင် ကမှ သန်သန် မာမာနဲ့ အစေ့ ပါအောင် ဖူးမပေးတာ၊ ကျုပ်က ဘာတတ်နိုင် မှာတုန်း”

“ဟုတ်ပါ့၊ ဒီပြောင်းပင် ကလည်း အစေ့ များများ ပါအောင် ဘာလို့ ဖူးမပေးရ သလဲ မသိဘူး”

ထိုအခါ ပြောင်းပင်က “ဦးသူတော်၊ ကျုပ်က အစေ့ အပြည့်ပါအောင် ဖူးပေးချင် ပါတယ်။ ကျုပ် ပေါက်လာ ရတဲ့ ဟောဒီ မြေကမှ သြဇာ မရှိတာ၊ ဘယ်တတ်နိုင် ပါ့မတုန်း”

“ဟုတ်သားပဲ မြေကြီးကလည်း ဘာလို့ မြေဆီ သြဇာ မရှိရ သလဲ မသိဘူး”

ထိုအခါ မြေကြီးက “ဦးသူတော်ရယ်၊ မိုးကမှ မှန်မှန် မရွာတဲ့ဟာ၊ ကျုပ်မှာလည်း ဘယ်က မြေဆီ သြဇာ ရှိတော့ မှာလဲ”

“ဟုတ်သားပဲ ဒီမိုးကလည်း ဘာဖြစ်လို့ မှန်မှန် မရွာတယ် မသိဘူး”

ထိုအခါ မိုးက “ဦးသူတော် ကျုပ်က မှန်မှန် ရွာပေး ချင်တာပေါ့၊ ဒီပြည်သူ ပြည်သား တွေကမှ အကျင့် စာရိတ္တ မကောင်း ကြတာ၊ ဘယ်ရွာချ ပေးလို့ ရမလဲ”

“ဟုတ်သားပဲ၊ ဒီပြည်သူ ပြည်သား တွေကလည်း ဘာဖြစ်လို့ အကျင့် စာရိတ္တ ကောင်းအောင် မနေကြ သလဲ မသိဘူး”

ထိုအခါ ပြည်သူ ပြည်သား တွေက “ဦးသူတော် ကျုပ်တို့ကို အုပ်ချုပ်တဲ့ ရှင်ဘုရင် ကမှ မင်းကျင့်တရား ဆယ်ပါးနဲ့ မညီတာ၊ ကျုပ်တို့က ဘယ်လိုလုပ် အကျင့် စာရိတ္တ ကောင်းနိုင်တော့ မှာလဲ”

“ဟုတ်သားပဲ၊ ဒီ ရှင်ဘုရင် ကလည်း ဘာဖြစ်လို့ မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ မအုပ်ချုပ် ရသလဲ မသိဘူး”

ထိုအခါ ရှင်ဘုရင်က “ဦးသူတော် ဘုရင်နဲ့တကွ တိုင်းသူ ပြည်သား အားလုံးတို့ ကိုးကွယ်ကြတဲ့ ဦးသူတော် ကိုယ်တိုင်က သူတစ်ပါး အခင်းထဲ ၀င်ပြီး ပြောင်းဖူး ခိုးနေ မှတော့ ကျန်တဲ့သူ အားလုံး အကျင့် စာရိတ္တ ကောင်းနိုင် ပါတော့မလား” ဟု ပြောလိုက်သော အခါကျမှ ဦးသူတော်သည်-

“ဟုတ်သားပဲ၊ သူတစ်ပါး အကိုးကွယ် ခံဖြစ်တဲ့ ငါကိုယ်တိုင် ကမှ တရား ပျက်နေရင် ကျန်တဲ့သူတွေ ပိုဆိုးတော့ မှာပေါ့” ဟု သတိတရား ၀င်ကာ သူကိုယ်တိုင် ကစပြီး တရားစောင့်မှ တစ်တိုင်း ပြည်လုံး ကလည်း တရား စောင့်လာ ကြသဖြင့် တိုင်းပြည် ကြီးလည်း သာယာ ၀ပြော၍ လာလေတော့ သတည်းဟု ပုံပြင်ကို အဆုံးသတ် ထားပေသည်။

ထို့ကြောင့် မိမိ ကိုင်တိုင်က စပြီး ပြုပြင်တော့မည် ဆိုလျှင် အသေး အဖွဲ အပြစ်ကလေး များက စပြီး ပြုပြင် ကြရပေမည်။

ထို့ကြောင့် ဗုဒ္ဓက အကျင့် သီလ အရာ၌ မုသားနှင့် ပတ်သတ်၍ သူတစ်ပါး အကျိုး ပျက်စီးရာ ပျက်စီးကြောင်း လိမ်ညာမှု ကြီးကို မဆိုထားနှင့်၊ ရယ်စရာတောင် လိမ်မပြော ပါနှင့်ဟု ဟောကြားခဲ့ခြင်း ဖြစ်ပေ လိမ့်မည်။ ပညာရှိ သူတော်ကောင်း တို့သည်ကား သေးငယ်သော အပြစ်ကလေး များကိုပင် “ဘေး” ဟုရှုပြီး ရှောင်ကြဉ်ခဲ့ကြ သည်သာ ဖြစ်ပါ၏။

တကယ့် သူတော်ကောင်း အစစ် မှန်သမျှ တို့သည် မတရား နည်းဖြင့် ရသော အခွင့် အရေးနှင့် ဥစ္စာကြေးငွေ မှန်သမျှကို မြွေပွေး၊ မြွေဟောက် ထက်ပင် ကြောက်လန့် ကြပေသည်။
Justify Full
>>> ဆရာတော် အရှင်ဇ၀န (မေတ္တာရှုင်-ရွှေပြည်သာ) ရေးသားသော “သီလအစွမ်း အံ့မခန်း” စာအုပ်မှ ကူးယူဖော်ပြ ဓမ္မဒါန ပြုပါသည်။


လေးစားရိုသေစွာဖြင့်
ဖိုးသား

5/7/2009, THUR:, 8:48:27 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. “ဗုဒ္ဓက အကျင့် သီလ အရာ၌ မုသားနှင့် ပတ်သတ်၍ သူတစ်ပါး အကျိုး ပျက်စီးရာ ပျက်စီးကြောင်း လိမ်ညာမှု ကြီးကို မဆိုထားနှင့်၊ ရယ်စရာတောင် လိမ်မပြော ပါနှင့်ဟု ဟောကြားခဲ့ခြင်း ဖြစ်ပေ လိမ့်မည်။ ပညာရှိ သူတော်ကောင်း တို့သည်ကား သေးငယ်သော အပြစ်ကလေး များကိုပင် “ဘေး” ဟုရှုပြီး ရှောင်ကြဉ်ခဲ့ကြ သည်သာ ဖြစ်ပါ၏။..” အဖိုးထိုက် လှတဲ့ ဒီစကားလေးတွေ ဖတ်ရှုခွင့်ရတာ ကျေးဇူးတင်တယ် သူငယ်ချင်း။ ဓမ္မဒါနကို သာဓု ခေါ်ဆိုပါတယ်။ လေးစားလျက်..။

Leave a Reply