Latest News

*ဗောဇ္ဈင်တရား ခုနစ်ပါး(၂)*

ဒုတိယ ဗောဇ္ဈင်ကို ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်ဟု ခေါ်သည်။ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်သည် စိတ်၏ စူးစမ်းမှု၊ ရုပ်နာမ် တို့အပေါ် ခွဲခြမ်း စိတ်ဖြာမှု ဖြစ်သည်။ စိတ်ဖြင့် စူးစမ်း လေ့လာသည်၊ ခွဲခြမ်း စိတ်ဖြာသည် ဆိုရာတွင် ငြိမ်းချမ်း တည်ငြိမ်သော စိတ်ဖြင့် ထိုးထွင်း ရှုမြင်ခြင်းသာ ဖြစ်သည်။ စဉ်းစား ဆင်ခြင်ခြင်း မဟုတ်။ ဤကား တင်္ခဏုပ္ပတ္တိ ဉာဏ်ဖြင့် ရုပ်နာမ် ဓမ္မတို့၏ ဖြစ်မှု ပျက်မှု အားလုံးကို ကိုယ်တိုင် ထိတွေ့ သိမြင်နေမှု ဖြစ်သည်။ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်သည် ပညာ စေတသိက်၏ အမည် တစ်မျိုးလည်း ဖြစ်သည်။ ဖြစ်ပျက်နေသော အရာ ခပ်သိမ်းတို့ကို ထင်ရှား ပေါ်လွင်စွာ မြင်ရအောင် ထွန်းလင်းသော ဉာဏ်အလင်း ဖြစ်သည်။ ဤ စူးစမ်းဉာဏ် ပေါ်လာသော အခါ ကျွန်ုပ်တို့၏ ရုပ်နာမ်မှာ ဖြစ်ပျက်နေသော အရာ အားလုံးမှာ အစဉ်မပြတ် တရစပ် စီးဆင်းနေသော အလျဉ် တစ်ခုသာ ဖြစ်ကြောင်း သိမြင် လာရသည်။

ထိုရုပ်နာမ် တို့တွင် တည်မြဲနေသော အရာသည် ဘာဆို ဘာမျှမရှိ။ အရာရာသည် ဖြစ်ပေါ်လာလိုက်၊ ပြီးတော့ ပျောက်ဆုံး သွားလိုက်နှင့်သာ အဆက်မပြတ် ဖြစ်လျက် နေလေသည်။ သိမှု အစဉ်တို့သည် လည်းကောင်း၊ ၀တ္ထု အာရုံတို့သည် လည်းကောင်း လာလိုက် သွားလိုက်နှင့်သာ ဖြစ်ကြကုန်သည်။ ထို ဖြစ်မှု ပျက်မှု အစဉ်ထဲတွင် ခိုအောင်း နေစရာသော် လည်းကောင်း၊ လုံခြုံ စိတ်ချရသော နေရာသော် လည်းကောင်း ဘယ်နေရာမျှ မရှိပါ။ အရာရာသည် အဆက်မပြတ် ပြောင်းလဲ၍သာ နေကြလေသည်။ ဤ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင် အားဖြင့် ကျွန်ုပ်တို့သည် အနိစ္စ ၀ိဇ္ဇာဉာဏ်ကို ရလာနိုင်သည်။

အတွေ့အကြုံ၏ လေးနက်သော အပိုင်းသို့ ရောက်ရှိ လာသောအခါ၊ စိတ်ဆိုသည် မှာလည်း အဆက်မပြတ် စီးဆင်းလျက် ရှိလာသော အခါ အတွေးများ၊ စိတ်ကူးများ၊ ပုံရိပ်များ၊ စိတ်လှုပ်ရှား မှုများ၊ သဘောထားများ စသော အခြင်းအရာ များသာ ဖြစ်ကြောင်း၊ ရုပ်နာမ် ခန္ဓာ ဆိုသည်မှာလည်း အစိုင်အခဲ ဘာဆိုဘာမျှ မရှိသော တုန်ခါမှုများ၊ အာရုံများ၊ ခံစားမှုများသာ ဖြစ်ကြောင်း၊ စိတ်မှာ လည်းကောင်း၊ ရုပ်ခန္ဓာမှာ လည်းကောင်း တွယ်တာစရာ ဘာဆို ဘာမျှ မရှိကြောင်းကို သိမြင်နေရ လေသည်။ ဤ အနိစ္စ ၀ိဇ္ဇာဉာဏ်ကို ရရှိသော အခါ အမြဲအစဉ် ခိုင်မြဲသော ချမ်းသာမှု သုခကို ပေးနိုင်သော အရာ ဘာဆိုဘာမျှ မရှိ ဆိုသည်ကိုလည်း ဉာဏ်က ထိုးထွင်း သိမြင်နေ တော့သည်။ အရာ ခပ်သိမ်းတို့သည် ဖြစ်လာပြီးနောက် ပျက်စီး ပျောက်ကွယ် သွားကြသည်သာ ဖြစ်၍ အစဉ်အမြဲ ကျေနပ်မှု၊ စိတ်ဆန္ဒ ပြည့်ဝမှု၊ ပြီးပြည့်စုံမှု ဟူသည်လည်း ဘယ်တော့မှ မရနိုင်ဟု သိမြင်ရသည်။

ချမ်းသာမှုနှင့် လုံခြုံမှုကို ရေပွက်ထဲမှာ လိုက်ရှာနေသည် နှင့်သာ တူပါသည်။ ရေပွက်တို့သည် ထိသော ခဏ၌ ပျက်စီးသွား ကြသည်။ ခဏတိုင်း ခဏတိုင်းမှာ ပြိုကွဲ ပျက်စီးမှု တွေသာ ရှိသည်။ ရုပ်နာမ် ဓမ္မ၏ ပင်ကို သဘာဝ သည်ပင် လုံခြုံမှု မရှိချေ။ ထိုကဲ့သို့ မတည်မြဲသော သဘော၊ ကျေနပ်ဖွယ် မရှိသော သဘာဝကို သိမြင်သော အခါ ထိုရုပ်နာမ် တရားတို့မှာ အနှစ်ကိုယ် မရှိ၊ ဗလာနတ္ထိ ဖြစ်ကြောင်း ကိုလည်း သိမြင်ရ တော့သည်။ အတ္တ ဆိုစရာ၊ ငါဆိုစရာ၊ မြဲသောအရာ ဆိုစရာသည် ရုပ်နာမ် ဓမ္မထဲတွင် ဘာဆို ဘာမျှ မရှိချေ။ ဖြစ်စဉ်၏ နောက်တွင် သူ၏ ဖြစ်စဉ်၊ ငါ၏ ဖြစ်စဉ်ဟု အညွှန်း ပြုစရာလည်း ဘာမှ မရှိချေ။

မြင်မှုတွင် မြင်လိုက်ခြင်းပဲ ဖြစ်သည်။ ကြားမှုတွင် ကြားလိုက်ခြင်းပဲ ဖြစ်သည်။ ထိတွေ့မှုတွင် ထိတွေ့လိုက် ခြင်းပဲ ဖြစ်သည်။ တွေးမှုတွင်လည်း တွေးလိုက်သော အကြောင်း အရာပဲ ဖြစ်သည်။

ထိုဖြစ်စဉ် ဖြစ်ရပ်မှ တစ်ပါး အခြားမရှိ။ မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ ရသာ ခံစားခြင်း၊ အထိအတွေ့နှင့် အတွေးပဲ ဖြစ်သည်။ ထိုမှ တစ်ပါး အခြားဘာမျှ အကောင်အထည် မရှိ။ တစ်လောက လုံးကို ခြုံပြီး သုံးသပ်လိုက်လျှင် သဠာယတနဟု ခေါ်အပ်သော အာယာတန ခြောက်ပါးကိုသာ ရသည်။ ဘာမျှ အကောင်အထည် မရှိသော ဗလာဖြစ်သော အခြင်းအရာ တို့သာလျှင် ထပ်တလဲလဲ ဖြစ်နေကြခြင်း ဖြစ်သည်။ အတ္တဗလာ၊ ငါဗလာ ဖြစ်သည်။ ဉာဏ်၏ နက်ရှိုင်းသော အဆင့်သို့ ရောက်သောအခါ ထို အတွေ့အကြုံ အားလုံးကို ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့မြင် နေရသည်။ ဤကား ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်ကို ပြုစု ပျိုးထောင်ပြီးသော အခါ၌ ရအပ်သော အကျိုး ဖြစ်၏။ ဤကား စိတ်ထဲတွင် ဉာဏ်ပွင့်လာခြင်း ဖြစ်၏။

ဤကဲ့သို့ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်ကို ထူထောင်မိ ရန်မှာ ပုဂ္ဂိုလ်၏ ကာယ သန့်ရှင်းမှု၊ ပတ်ဝန်းကျင် သန့်ရှင်းမှု၊ အ၀တ်အစား သန့်ရှင်းမှုသည် အထောက်အကူ ပြုပါသည်။ နမူနာမှာ ရေနံဆီ မီးအိမ် ဖြစ်သည်။ မီးစာ၏ မှန်များရော၊ မီးစာရော၊ ရေနံဆီရော အားလုံး ညစ်ညမ်းနေလျှင် ထိုမီးအိမ် ထွန်းညှိအပ်သော မီး၏ အရောင်သည် ထွန်းလင်း တောက်ပ တော့မည် မဟုတ်ချေ။ အကယ်၍ မှန်များမှာ ကြည်လင် တောက်ပ နေပါမူကား၊ မီးစာရော ရေနံဆီရော သန့်ပြန့်နေပါ မူကား မီးအိမ်မှ ဖြစ်သော မီး၏ အရောင်သည် အလွန် ထွန်းလင်း တောက်ပမည် ဖြစ်ပေတော့သည်။

>>> ဆက်ရန်

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။

>>> ဓမ္မမောင်နှမများ အားလုံး မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြ ပါစေ။ ဖတ်တဲ့ အတိုင်းလည်းသိ၊ သိတဲ့ အတိုင်းလည်းကျင့်၊ ကျင့်တဲ့ အတိုင်းလည်း ရနိုင်ကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

6/11/2009, THUR:, 2:15:20 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply