Latest News

*နှုတ်မဆက်သင့်ဘူး*

ဒီအကြောင်း အရာလေးကတော့ ဆရာတော် ဦးပညာဇောတ (မောင်ပညာ- မန်းတက္ကသိုလ်) ရေးသားပြီး ကျွန်တော့်ဆီ ပို့ပေးခဲ့တဲ့ “အမေကျေနပ်ပါပြီသားရယ်” တရား စာစုထဲက ကောက်နုတ် ဖော်ပြ လိုက်ခြင်းပါ။

ကျွန်တော် ဘာလို့ ခုလို ဖော်ပြဖြစ်သလဲ ဆိုတော့… အခုဆိုရင် ကျွန်တော်တို့ဆီကနေ သူငယ်ချင်းတွေ၊ အစ်ကိုတွေဟာ ပညာသင်ကြားမှု ပြီးဆုံးလို့ အမိ မွေးရပ်မြေကို ပြန်ကြတော့မယ်…။ ဒီလိုအချိန်မှာ ကျွန်တော် ဆရာတော် ဓမ္မလက်ဆောင် ပေးခဲ့တဲ့ ဒီကဗျာလေးကို သွားပြီး သတိရလိုက်မိတယ်…။ “နှုတ်မဆက်သင့်ဘူး” တဲ့ ခေါင်းစဉ်လေးက။

နှုတ်မဆက်သင့်ဘူး

အမှန် တကယ်တော့ ခွဲခွါခါနီး ငိုတဲ့သူများဟာ ကိလေ သာရာဂတွေ များနေလို့၊ သံယောဇဉ် ကိလေသာတွေ သိပ်များနေလို့ ငိုကြတာ။ မိထွေးတော် ကြီးကတော့ အေးအေး ဆေးဆေးပဲ။ ရဟန္တာ ဖြစ်နေပြီလေ၊ ငိုကြွေးစရာ မျက်ရည်မှ မကျန်တော့တာ။ သူတို့ တတွေကို တုန်လှုပ်မှု ကင်းမဲ့တဲ့ စိတ်နဲ့ကို ထာဝရ နှုတ်ဆက်သွားတာ။ ဒါနဲ့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာလေး တစ်ပုဒ်ကို သွားသတိရမိတယ်။ သူကပြောတော့ နှုတ်မဆက် သင့်ဘူးတဲ့။

တွေ့ပြန်တော့ ခဏကွယ်၊
ချစ် လို့ရယ် မ၀ဘူး၊
ဝေးကွာအောင် ကြမ္မာဖန်တော့၊
လောကဓံ ယိုင်ယိုင်ထဲမှာ၊
ခွဲခွါနိုင်ဘူး။

နှုတ်ကိုတော့ မဆက်ချင်၊
နေရစ်တော့ ချစ်သက်ဦး
ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊
ကြင်နာသူ တို့နှစ်ဦးအတွက်
နှုတ်မဆက်သင့်ဘူး။

နှုတ်ဆက်တယ် ဆိုတာ ထာဝရ ခွဲခွါသွားကြတဲ့ သူတွေသာ နှုတ်ဆက်ကြတာ၊ ထာဝရ မခွဲမခွါသေးဘဲ ပြန်လည် ဆုံတွေ့ကြရမှာဖြင့် နှုတ်မဆက် သင့်ဘူးတဲ့။

တောင်တန်းပေါ်မှာ

စာရေးသူတို့ (ဆရာတော်) အစိုးရတာဝန်နဲ့ တောင်တန်းပေါ်မှာ ၁၀-တန်းတွေကို အင်္ဂလိပ်စာ သင်ပေးရင်း (2000-ခုနှစ်က ထင်ပါတယ်။) တပည့်တွေကို စာသင်ကြားမှု ပြီးဆုံးတဲ့နေ့မှာ အဲဒီ ကဗျာလေးကို စာသားပြောင်းပြီး ရေးပြ ရွတ်ပြဖူးတယ်။

တွေ့ပြန်တော့ ခဏကွယ်၊
သင် လို့ရယ် မ၀ဘူး၊
ဝေးကွာအောင် ကြမ္မာဖန်တော့၊
လောကဓံ ယိုင်ယိုင်ထဲမှာ၊
ခွဲခွါနိုင်ဘူး။

နှုတ်ကိုတော့ မဆက်ချင်၊
နေရစ်တော့ တပည့်များ
ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊
ကြင်နာသူ ဆရာ တပည့်နှစ်ဦးအတွက်
နှုတ်မဆက်သင့်ဘူး။

အဲဒီလို ရေးပြ ရွတ်ပြတော့ တပည့်မတွေထဲက ချင်းမလေးတစ်ယောက် ငိုပါလေရော။

ရွတ်ပြရတဲ့ ရည်ရွယ်ချက်

ပလ္လင်ပေါ်မှာလဲ ဒီကဗျာကို တရားဟောရင်းရွတ်ပြဖူးတယ်။

တွေ့ပြန်တော့ ခဏကွယ်၊
ဟော လို့ရယ် မ၀ဘူး၊
ဝေးကွာအောင် ကြမ္မာဖန်တော့၊
လောကဓံ ယိုင်ယိုင်ထဲမှာ၊
ခွဲခွါနိုင်ဘူး။

နှုတ်ကိုတော့ မဆက်ချင်၊
နေရစ်တော့ ပရိတ်သတ်များ
ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊
ကြင်နာသူ ပရိသတ်များအတွက်
နှုတ်မဆက်သင့်ဘူး။

အဲဒီလို ရွတ်ပြ နေတာဟာ ရွတ်လို့ ကောင်းတာလဲ ပါတယ်။ ခွဲခွါရခြင်း သဘောကြောင့် မတည်မြဲခြင်း အနိစ္စ သဘောကို သိစေချင်တာလဲ ပါတယ်။ နောက် ချစ်တဲ့သူတွေနဲ့ ကွေကွင်း ခွဲခွါရတဲ့ (ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော) ဆင်းရဲခြင်းရဲ့ ဒုက္ခ သဘောကို သိစေချင်တာလဲ ပါတယ်။ အဲဒီ သဘောတွေ ပြောပြ ပြီးတော့မှ ရွတ်ပြခဲ့တာပါ။

မောင်ပညာ (မန်းတက္ကသိုလ်)
pyinyar08@gamil.com
ဘန်ဘာမ်းရုကျောင်းတိုက်၊ ဘန်ကောင်နွိုင်းရပ်ကွက်၊
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

+++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်လည်း ဒီကဗျာလေးကို ပြန်ဖတ်မိတော့ ခွဲခွါခါနီး ညီအစ်ကို၊ သူငယ်ချင်းများအတွက် ကဗျာလေးကို အခုလို ပြောင်းပြီး တွေးမိလိုက်ပါတယ်…။

တွေ့ပြန်တော့ ခဏကွယ်၊
ချစ်ခင်လို့ မ၀ဘူး၊
ဝေးကွာအောင် ကြမ္မာဖန်တော့၊
လောကဓံ ယိုင်ယိုင်ထဲမှာ၊
ခွဲခွါနိုင်ဘူး။

နှုတ်ကိုတော့ မဆက်ချင်၊
နေရစ်တော့ သူငယ်ချင်းများ
ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊
ခင်မင်သူ ရောင်းရင်းများအတွက်
နှုတ်မဆက်သင့်ဘူး။


ဒီကဗျာလေးကို ချဲ့တွေးရင်တော့ တွေးရင် တွေးသလောက် အကြောင်း အရာတွေ၊ စဉ်းစား စရာတွေ ထွက်လာနိုင် ပါသေးတယ်။ ဒါကတော့ မိမိတို့ရဲ့ ကိုယ်ပိုင် ဉာဏ်နဲ့သာ ဆက်စပ်စဉ်းစား အတွေးပွားကြ ပါလို့ တိုက်တွန်း ပါရစေ။

စာရှုသူ ဓမ္မမောင်နှမတို့လည်း ကဗျာလေးကို ဖတ်ပြီး ခံစားတတ်သူ တွေလည်း ခံစား၊ ခံယူတတ်သူ တွေလည်း ခံယူရင်း အနိစ္စ သဘော၊ ဒုက္ခ သဘော၊ အနတ္တ သဘော လေးတွေကို မိမိတို့ရဲ့ ဉာဏ်မှာ ပိုင်းခြားထင်ထင် တွေ့မြင် နိုင်ကြပါစေ၊ တွေ့မြင် နိုင်အောင်လည်း အားထုတ် နိုင်ကြ ပါစေ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

6/20/2009, SAT:, 11:41:00 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. အစ်ကိုရေ.. ဒီလိုစာတွေတင်ပေးတာ ကျေးဇူးတင်ပါတယ်...း)

Leave a Reply