
(ဖြေကြားချိန်- ၂.၆.၂၀၀၉၊ အင်္ဂါနေ့ ညနေ ၅း၅၀ နာရီ)
ဆရာတော်ဘုရား..
ဘုရား တပည့်တော် ရိုသေစွာ လျှောက်ထားပါသည် ဘုရား။
သာသနာတော် ပြန့်ပွားရေး အတွက် ဟောပြော စည်းရုံးကြ ရာတွင် အချို့က ဗုဒ္ဓဘာသာ ပီပီ သူများကို မပြောဘဲ ကိုယ့်ဘာသာ ကိုယ်သာ ကောင်းအောင် လုပ်မည်၊ ထေရဝါဒ ဗုဒ္ဓဘာသာသည် အခြားဘာသာ များကို ပုတ်ခတ်၍ သာသနာ ပြန့်ပွားအောင် မလုပ်၊ မစည်းရုံး၊ ထိုသို့ စည်းရုံးရန် မလို စသည်ဖြင့် ပြောဆိုကြ ပါသည်ဘုရား။ တပည့်တော် သိလိုသည်မှာ မြတ်စွာဘုရားက ထိုကဲ့သို့ ကျင့်ကြံရမည်ဟု ဟောကြား ဆုံးမထားတော် မူပါသလား ဘုရား။ (တပည့်တော် မည်သည့် ဘာသာကိုမျှ ပုတ်ခတ်ခြင်းကို လက်မခံပါ ဘုရား။)
သို့ရာတွင် ဘာသာခြား များအား သာသနာတော် ပြန့်ပွားရေး အတွက် တရား ဟောပြောသည့် အခါ (ပုတ်ခတ် စော်ကားခြင်းမျိုး မဟုတ်ဘဲ) ထိုဘာသာ၏ မှားယွင်းမှု များကို အကျိုးသင့်၊ အကြောင်းသင့် ထောက်ပြ ဟောပြမှသာ အမှန်ကို သိရှိ နားလည် လာနိုင်မည် မဟုတ်ပါလား ဘုရား။ ဗုဒ္ဓ မြတ်စွာဘုရား ကိုယ်တော်တိုင် မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ များအား အမေး အဖြေများဖြင့် တိုက်ဖျက် ချေချွတ်ပြီးမှ သာသနာ တော်သို့ သက်ဝင် ယုံကြည် လာစေရန် ဟောပြောတော် မူခဲ့မှုများ ရှိသည်ဟု တပည့်တော် ထင်ပါသည် ဘုရား။ တပည့်တော် ပါဠိ ကျမ်းဂန်များ မတတ်ကျွမ်း၍ မည်သည့် ကျမ်းတွင် ပါသည်ကို မသိပါ ဘုရား။ အကယ်၍ ရှိခဲ့ပါလျှင် မည်သည့် ကျမ်းတွင် ပါဝင်ကြောင်း မေတ္တာ ရှေ့ထား၍ ညွှန်ပြပေးတော် မူပါရန် လျှောက်ထားပါသည် ဘုရား။ သာသနာတော်ကို တိုက်ခိုက် လာသည်များ ရှိသော် လျစ်လျူရှုထား သင့်ပါသလား၊ တုံ့ပြန်သင့်သည် ဆိုသော် မည်ကဲ့သို့ တုံ့ပြန် သင့်ပါသနည်း၊ တပည့်တော်အား ဆုံးမသြဝါဒ ပေးတော်မူပါ ဘုရား။ ဦးတင်လျှက်ပါ ဘုရား။
ဘုရားတပည့်မောင်သံတုတ်
=====================================
ဒကာကြီး…
ဒကာကြီး မေးထားတာ တွေကို ဆရာတော် အဖြေ ရေးပေးလိုက် ပါတယ်။ အောင်ခြင်း ရှစ်ပါးမှာ ပါတဲ့ သစ္စက ပရိဗိုဇ် ချွတ်ခန်း၊ သံယုတ် ပါဠိတော် မှာလည်း ဗြဟ္မာနဲ့ ပတ်သက်တဲ့ သုတ်များမှာ ဗြဟ္မာ အချို့ရဲ့ အတ္တအယူ အမှားတွေကို ဘုရားရှင်က အတ္တလို့ အထင်တွေဟာ မှားယွင်းကြောင်း ရှင်းပြပြီး အနတ္တကို ဖော်ပြ ဆုံးမထား တာတွေ ရှိပါတယ်။ သို့သော် မြတ်စွာ ဘုရားဟာ အမှားကို ထောက်ပြတဲ့ အခါမှာ သူတစ်ပါးကို အရှက်ကွဲအောင် လုပ်ခြင်း မဟုတ်ဘဲ အမှန်ကို ရောက်စေချင်တဲ့ မေတ္တာနဲ့ ထောက်ပြတယ် ဆိုတာကိုတော့ သိထားရ ပါမယ်။ အပြစ် ပြောခြင်းနှင့် ဆုံးမခြင်းဟာ မတူပါဘူး။ အဲဒါကြောင့် အပြစ်ပြောခြင်းနဲ့ ဆုံးမခြင်းတို့ရဲ့ ခြားနားပုံကို ရေးပေးလိုက် ပါတယ်။
အပြစ်ပြောခြင်းနှင့်ဆုံးမခြင်း
• အပြစ်ပြောသော စကားသည် ဒေါသကြောင့် ဖြစ်ပေါ်လာပြီး ဆုံးမသော စကားသည် မေတ္တာ၊ ကရုဏာကြောင့် ဖြစ်ပေါ် လာသည်။
• အပြစ်တင် စကားသည် သိက္ခာကျစေ လိုသောကြောင့် ပြောခြင်းဖြစ်ပြီး ဆုံးမ စကားသည် ကောင်းကျိုး ရစေလို သောကြောင့် ပြောခြင်း ဖြစ်သည်။
• အပြစ် တင်ခြင်းသည် ငါသိ၊ ငါတတ်ဟု ပြလိုသောကြောင့် လည်းကောင်း၊ လူ အထင်ကြီးစေ လိုသောကြောင့် လည်းကောင်း ပြောခြင်းဖြစ်ပြီး ဆုံးမခြင်းသည် အမှန်ကို သိစေလိုသော ဖြူစင်သည့် စေတနာကြောင့် ဖြစ်သည်။ (ငါသိ၊ ငါတတ်ဟူသည် မာနကို ဆိုလိုခြင်း ဖြစ်တယ်)။
သုတ္တန် ပိဋကတ်၊ မဟာဝဂ္ဂ ပါဠိတော်၊ ပါယာသိ သုတ်၌ အရှင်ကုမာရ ကဿပ ရဟန္တာ မထေရ်မြတ်က ဥစ္ဆေဒဒိဋ္ဌိ အယူရှိသော ပါယာသိ မြို့သားကြီးအား အမှားကို ထောက်ပြ၍ အမှန်သို့ ရောက်စေခဲ့တဲ့ အကြောင်းကို ပါဠိတော်မှာ ဖတ်ရှုကြည့်နိုင် ပါတယ်။
မှတ်ချက်။ မူရင်း ပါဠိတော်မှာ ဖတ်ရတာ အနည်းငယ် ရှုပ်ထွေးရင်၊ ဖတ်ရတာ နားမလည်ရင် ဆရာတော် ရေးထားတဲ့ အရှုံးမရှိတဲ့ဒဿန စာအုပ်မှာ အဲဒီ သုတ္တန်ကို ဖော်ပြထား ပါတယ်။ အဲဒီ စာအုပ်မှာလည်း လေ့လာ ဖတ်ရှုနိုင်ပါတယ်။
ဒကာကြီး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ၊ ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝပါစေ။
++++++++++++++++++++++++++++++++++++
လေးမြတ်ရိုကျိုးစွာ ဦးတင်လျက်
ဖိုးသား
6/9/2009, TUE:, 1:23:16 PM
0 comments