Latest News

*ကျွန်တော်ပေးသော မွေးနေ့လက်ဆောင် (ကိုဝိမုတ္တိသုခသို့)*

အစ်ကို မင်္ဂလာပါနော…

အစ်ကို့ မွေးနေ့အတွက် ညီ ဒီရက်ပိုင်း တရားတွေထဲက သိလိုက်တဲ့ ပုံပြင်လေး နှစ်ပုဒ်ကိုပဲ မွေးနေ့ လက်ဆောင် အဖြစ် ပေးလိုက် ပါရစေ အစ်ကို။ ညီ့မွေးနေ့ တုန်းက အစ်ကိုက ညီ့ကို ပုံပြင်တွေကို မွေးနေ့လက်ဆောင် ပေးခဲ့လို့ အခု အစ်ကို့ မွေးနေ့မှာလည်း ညီက ပုံပြင်တွေကို မွေးနေ့ လက်ဆောင် ပြန်ပေးတယ် လို့တော့ မဟုတ်ပါဘူး အစ်ကို။ တော်တော် များများကလည်း အစ်ကို သိပြီးသား ဆိုတော့ ညီလည်း ဘာလက်ဆောင် ပေးလို့ ပေးရမှန်း ကြံရာမရ ဖြစ်နေတုန်း ဒီပုံပြင်လေး တွေကို သိခွင့်ရလိုက် တာပါ။ အစ်ကို သိပြီးသားတွေ ဖြစ်နေရင်လည်း ထပ်မံဖတ်ရှုလို့ ဆင်ခြင်ပေးပါ အစ်ကို။

ပထမ တစ်ပုဒ်ကတော့…

တစ်ခါက ညီအစ်ကို နှစ်ယောက်ဟာ တရားသွားနာ ကြတယ်တဲ့ အစ်ကို…။ တရားနာက ပြန်လာတော့ ညီလုပ်တဲ့သူက သူ့အဖေကို တိုင်တယ်တဲ့…။ ဘယ်လို တိုင်လဲ ဆိုတော့

“အဖေ… အဖေ… အစ်ကိုကြီးက တရားနာတဲ့ အချိန် တရားမှာ အာရုံမပြုဘဲ တောင်ကြည့် မြောက်ကြည့် လုပ်နေတယ်” ဆိုပြီး တိုင်တယ်တဲ့ အစ်ကို..။ အဲတော့ အဖေက

“ဟေ.. နေစမ်းပါဦး မင်းက.. မင်းအစ်ကိုကြီး အဲသလို တောင်ကြည့် မြောက်ကြည့် ကြည့်နေတာကို မင်းဘယ်လိုလုပ် သိသလဲ” လို့ ပြန်မေးတယ်..။

အဲတော့ ညီလုပ်တဲ့သူ ပြန်ဖြေလိုက်တာက

“ကျွန်တော် တစ်ချိန်လုံး သူ့ကို သတိထားပြီး စောင့်ကြည့်နေတာ” တဲ့…။

ပထမ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ အစ်ကို…။

**************************************************

နောက် ဒုတိယ ပုံပြင်လေးကတော့…

တစ်ခါက မြို့တစ်မြို့မှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ရှိတယ်တဲ့ အစ်ကို၊ အဲဒီ စီးပွားရေး လုပ်ငန်းရှင်ဟာ တစ်နေ့ကျတော့ လုပ်ငန်းကို ထပ်မံတိုးချဲ့ဖို့ ငွေလိုတာနဲ့ အရင်က သူ့ဆီက ကြွေးယူထားတဲ့ သူတွေဆီကို ကြွေးသွားတောင်းတယ် အစ်ကို..။ ဒါပေမယ့်လည်း ကြွေးယူသူတွေ ကလည်း ယူတုန်းကသာ ကြည်ကြည် သာသာ၊ ကြွေးလည်း ပြန်တောင်းကော မရတာနဲ့ ဒီလုပ်ငန်းရှင် စိတ်ထဲ တအားပူလောင် ခံစားပြီး ပြန်လာရတယ်တဲ့..၊ အဲဒီလို ပြန်လာရင်း လမ်းခုလတ် ဇရပ်တစ်ခုမှာ ၀င်နားတယ် အစ်ကို…၊ ဒီလို နားပေမယ့်လည်း သူရှေ့ဆက် တိုးချဲ့မယ့် လုပ်ငန်း အကြောင်းတွေ တွေး၊ နောက် ကြွေးမရတာ တွေကို ပြန်စဉ်းစား.. ဒီလိုတွေ တွေးမိနေတော့ သူ့ရင်ထဲ ပိုပြီး ပူလောင်လာတယ်တဲ့..။ အဲဒါနဲ့ သူ အခုလို စဉ်းစားမိတယ်တဲ့ အစ်ကို..။ “အော်.. လူတွေကတော့ ငါ့ကို စီးပွားရေး လုပ်ငန်းရှင်ကြီး၊ တော်တော် ချမ်းသာတာပဲ ဆိုပြီး စိတ်ချမ်းသာမယ် ထင်နေကြတယ်၊ အင်းအခုလို ငါပူလောင် ပင်ပန်းနေတာ ကျတော့ ဘယ်သူမှ မသိကြပါလား” ဆိုပြီး စိတ်ပြေရာ ပြေကြောင်း ဇရပ်ပေါ်မှာ စာတစ်ကြောင်း ရေးခဲ့တယ်တဲ့ အစ်ကို..။ သူရေးခဲ့တာက…

ငါ့အပူ လူမသိ” တဲ့။

ဒီလိုနဲ့ ဒီ စီးပွားရေး လုပ်ငန်းရှင်လည်း ပြန်သွားတယ်ပေါ့ အစ်ကို..။

တစ်နေ့ကျတော့ အဲဒီ ဇရပ်ကို လူတစ်ယောက် ထပ်ရောက်လာတယ် အစ်ကို၊ အဒီလူကျတော့ ကုန်သည် ပွဲစားပေါ့..။ ဒီလူကလည်း သူ့ကုန်တွေ အရှုံးပေါ်လို့ စိတ်ပျက်ပျက်နဲ့ ဒီဇရပ်ကို ရောက်လာတာ အစ်ကို..။ ဒီတော့ ဒီလူ ဒီဇရပ်ကို ရောက်လာ တာလည်း အပူနဲ့ပဲပေါ့ အစ်ကို..။ ဒါနဲ့ ဒီလူက ဇရပ်ပေါ် နားမယ်ဆိုပြီး ထိုင်လိုက်တော့ စီးပွားရေး လုပ်ငန်းရှင် ရေးခဲ့တဲ့ “ငါ့အပူ လူမသိ” ဆိုတဲ့ စာကြောင်းလေး သွားတွေ့တယ်တဲ့ အစ်ကို..။ ဒါနဲ့ ဒီ ပွဲစားလည်း အင်း ဒီလူတောင် ရေးသေးတာ.. ငါလည်း ရေးမယ် ဆိုပြီး ခုန စာကြောင်း အောက်မှာပဲ သူလည်း စာတစ်ကြောင်း ထပ်ရေးလိုက် တယ်တဲ့ အစ်ကို..။ သူရေးလိုက် တာက

ဒီအပူ လူတိုင်းရှိ” တဲ့။

ဒီတော့ ဒီဇရပ်ပေါ်မှာ စာက နှစ်ကြောင်း ဖြစ်သွားတယ်ပေါ့…။

ငါ့အပူ လူမသိ” နဲ့
ဒီအပူ လူတိုင်းရှိ” ဆိုပြီး..။

အဲ.. တစ်ရက်လည်း ကျကော ဒီဇရပ်ကို ရဟန်းတစ်ပါး ရောက်လာပါ တယ်တဲ့..။ ဒီရဟန်းကလည်း အပူနဲ့ ရောက်လာတာ အစ်ကိုရေ..၊ ဘယ်လိုလဲ ဆိုတော့ ဒီရဟန်းက ရွာတစ်ရွာက ကျောင်းထိုင် ဘုန်းကြီးတဲ့… အဲဒါ ကျောင်းမှာ သိမ်ဆောက်ဖို့ အတွက် အလှူငွေ လိုတာနဲ့ အရင်က ကျောင်းဒကာ ဆီကို အလှူခံ တယ်ပေါ့ အစ်ကို..။ ဒါပေမယ့် ကျောင်းဒကာ ကလည်း ဒီရက်ပိုင်းမှာ စီးပွားရေးတွေ အဆင်မပြေ တာနဲ့ “အရှင်ဘုရား တပည့်တော် အခုတော့ မတတ်နိုင်သေးတဲ့ အကြောင်း၊ စီးပွားရေး ပြန်အဆင်ပြေ တာနဲ့ ချက်ချင်း လှူပါမယ် ဆိုတဲ့ အကြောင်း” လျှောက်တော့ ဒီကျောင်းထိုင် ဘုန်းကြီးလည်း ဘာမှ မတတ်နိုင်ဘဲ ပြန်လာခဲ့ရတယ် အစ်ကို၊ ဒါပေမယ့် ဒီရဟန်းတော်ရဲ့ ရင်ထဲမှာ သိမ်ဆောက်ဖို့ အတွက်ကို အာရုံ ရောက်နေတော့ ဒီသိမ်ကို ပြီးစီးအောင် ဘယ်လို လုပ်ရပါ့မလဲ ဆိုတဲ့ စိတ်နဲ့ ပူနေတာပေါ့ အစ်ကို…။ ဒီလိုနဲ့ ဒီဇရပ်ကို ရောက်လာ တယ်ပေါ့..။ ဒါနဲ့ ဒီဆရာတော်လည်း ဇရပ်ပေါ်မှာ နားမယ်လို့ ကြံတော့ ခုန စာလေး နှစ်ကြောင်းကို သွားမြင်တယ်တဲ့ အစ်ကို..၊ “ငါ့အပူ လူမသိ” နဲ့ “ဒီအပူ လူတိုင်းရှိ” ဆိုတာ..။

ဒီတော့ ဆရာတော်လည်း “အင်း.. ဒီစာနှစ်ကြောင်းက ဘယ်သူ ရေးသွားတာပါလိမ့်.. ငါလည်း အားကျမခံ စာတစ်ကြောင်းလောက်တော့ ရေးဦးမှ” ဆိုပြီး ခုန စာနှစ်ကြောင်း အောက်မှာ အခုလို စာတစ်ကြောင်း ထပ်ရေးတယ်တဲ့ အစ်ကို..။ ဆရာတော် ရေးလိုက်တာက..

ဘုန်းကြီးအပူ ပိုဆိုး၏” တဲ့..။

အဲဒီတော့ ဇရပ်ပေါ်မှာ စာလေးက ခုလို သုံးကြောင်း ဖြစ်သွားတာပေါ့ အစ်ကို…။

ငါ့အပူ လူမသိ
ဒီအပူ လူတိုင်းရှိ
ဘုန်းကြီးအပူ ပိုဆိုး၏

ဒုတိယ ပုံပြင်လေးကိုလည်း ဒီမှာပဲ အဆုံးသတ်လိုက် ပါတယ် အစ်ကို…။ အစ်ကိုကတော့ အတွေးကြွယ်တဲ့ သူဆိုတော့ ဒီပုံပြင်လေး နှစ်ပုဒ်ကနေ အတွေးတွေ အများကြီး ရမှာပါ အစ်ကို…။ ညီ အစ်ကို့အပေါ် ဆရာလုပ်သလို ဖြစ်သွားခဲ့ရင်တော့ ဒီနေရာကပဲ တောင်းပန်လိုက် ပါတယ်…။

တရားဓမ္မတွေ ထုံမွှမ်းပြီး အပူကင်းဝေး ချမ်းမြ အေးဆေးတဲ့ မွေးနေ့မင်္ဂလာ ဖြစ်ပါစေ အစ်ကို…။

+++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ညီငယ်
ဖိုးသား

7/31/2009, FRI:, 12:29:51 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

3 comments

  1. တကယ်ကောင်းတဲ့ ပုံပြင်လေးတွေပဲ.. အသိပညာလေးတွေ တိုးပါတယ်ဗျာ...

  2. ညီရေ...

    အကို့ မွေးနေ့ အတွက် အမှတ်တရ လက်ဆောင်အဖြစ် ရေးပို့ ပေးတာအတွက် ကျေးဇူးလည်းတင် တန်ဖိုးလည်း ထားပါတယ်။

    ပထမပုံပြင်လေးကတော့ အကိုအရင်က ကြားဖူးထားတယ်။ သူက ဇင်ပုံပြင်တစ်ပုဒ်နှင့် ခပ်ဆင်ဆင်တူတယ်။ ကောက်မယ်ဆိုရင်တော့ အဓိပ္ပါယ် နှစ်မျိုးသုံးမျိုးလောက် ကောက်လို့ ရလိမ့်မယ်ထင်တယ်။ ပထမပုံပြင်ကိုတော့ ဒီအတိုင်းလေးဘဲ ထားခဲ့လိုက်တော့မယ်။

    ဒုတိယပုံပြင်ကတော့ အခုမှဘဲ ဖတ်ဖူးတယ်။ ကောင်းပါတယ်ညီ။


    “ငါ့အပူ လူမသိ”
    “ဒီအပူ လူတိုင်းရှိ”
    “ဘုန်းကြီးအပူ ပိုဆိုး၏”

    ပုံပြင်က ရတဲ့ ဒီစာကြောင်းလေး သုံးကြောင်းနှင့် စပ်ဆက်ပြီး အကိုဉာဏ်မှီသလောက်တွေးမိတဲ့ ဓမ္မအတွေးလေးကို ညီ့ ကိုပြန်မျှဝေချင်ပါတယ်။

    ပူတတ်တဲ့ကိလေသာတွေကို မပယ်နိုင်သေးတဲ့ သူတွေအားလုံးအတွက်တော့ အကြောင်းတိုက်ဆိုင်လာရင် ပူကြရမှာ ဓမ္မတာပါဘဲ။ ဒါပေမယ့် ပူစရာကြုံတိုင်း ပူမနေရအောင်လို့  အကိုတို့ ရဲ့ မြတ်စွာဘုရားရှင်က ဓမ္မဆေးကို ညွှန်ကြားပေးထားခဲ့ပါတယ်။ အဲဒီဓမ္မဆေးကို မှီဝဲကြတဲ့ ဘယ်သူမဆို ပူစရာတွေကြုံပေမယ့်လို့  ပူနေစရာ မလို ဖြစ်ကြရပါတယ်။ ဒါပေမယ့် ဆေးမှီဝဲမှု အတိုင်းအတာပေါ်မူတည်ပြီ အပူပျောက်တဲ့ဒီဂရီ အနည်းအများတော့ ကွာကြတာပေါ့နော်။

    အကို စဉ်းစားကြည့်တာတော့ ဆေးမှီဝဲတဲ့ ပမာဏပေါ်မူတည်ပြီ အဆင့် (၃) ဆင့် ရှိပါလိမ့်မယ်။

    ဆေးကို ထိထိမိမိ ညွှန်ကြားထားတဲ့အတိုင်း စတင်မှီဝဲမိပြီဆိုတာနှင့် ပထမအဆင့်ကတော့ ပူစရာကို ပူပေမယ့်လို့  အပူဖြစ်ကြော တိုတဲ့အဆင့်ပါ။ အရင်က တစ်ပတ်လောက်ပူရင် အခု တစ်ရက်လောက်၊ အရင်က တစ်နေ့ လုံး ပူရင် အခု တစ်ဒင်္ဂလောက် စသည်ဖြင့် ပူတဲ့ အချိန်တိုတိုသွားတာမျိုး။ ဒါကတော့ ဆေးကို ပမာဏ နည်းနည်း စပြီး မှီဝဲတဲ့သူအတွက်ပေါ့။

    ဒုတိယအဆင့်ကတော့ ပူစရာကို ပူပေမယ့် ဒီအပူကို အကြောင်းပြုပြီး အနာဂတ်အကျိုးပေး ညံ့စရာ မလိုတော့တဲ့အဆင့် (ဒီအပူကို အကြောင်းပြုပြီး အပါယ်လေးပါးသွားရလောက်အောင် ဒီဂရီမမြင့်တော့တဲ့ ပူခြင်းပေါ့ ညီရာ)။ ဒါကတော့ ဆေးကို အပတ်လည်အောင် မှီဝဲပြီးသွားတဲ့ သူအတွက်ပေါ့။

    တတိယအဆင့်ကတော့ ပူစရာ ဘယ်လောက်ရှိရှိ ပူကို မပူတော့တဲ့ အဆင့်ပေါ့။ ဒါကတော့ ရောဂါပျောက်ပြီး ထပ်ဖြစ်စရာမရှိအောင်ကို ဆေးမှီဝဲပြီးသွားတဲ့သူပေါ့။

    အကို ညီ့ပုံပြင်ကို ဖတ်ပြီး တွေးမိတာလေးပါ ညီ။

    လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် ဆိုင်ရာ ကိလေသာကို မပယ်နိုင်သေးသမျှတော့ သူတို့ က အခွင့်သင့်တိုင်း နှိပ်စက်နေကြမှာပါဘဲ။

    အပူတွေကင်းနိုင်သမျှကင်းအောင် တို့ ဓမ္မညီအကိုတွေ ဗုဒ္ဓပေးထားခဲ့တဲ့ ဓမ္မဆေးတော်ကြီးကို အတူတကွ မှီဝဲကြပါစို့  ညီရေ။

    ခင်မင်စွာဖြင့်
    ဝိမုတ္တိသုခ

  3. ဒကာလေးမွေးနေ့ဆုတောင်း
    မွေနေ့မွေရက်.ကုသိုလ်ဆက်သက်ရှည်ကျမ္မာစိတ်ချမ်းသာပါစေ။
    မွေနေ့မွေရက်ကုသိုလ်ဆက်.တိုးတက်ချမ်းသာကြီးပွါပါစေ
    ဘုန်းဘုန်းဦးဥာဏိဿရ(ဂျိုဟိုး+မလေးရှား)

Leave a Reply