
Q. ဘုန်းဘုန်း ဖိုးသား တစ်ခု သိချင်လာလို့ပါ..
၁) အာဇီဝဋ္ဌမက သီလနဲ့ ပုံမှန် ရှစ်ပါးသီလနဲ့ ဘယ်ဟာက ပိုမြတ်ပါသလဲ ဘုန်းဘုန်း..
၂) အာဇီဝဋ္ဌမက သီလမှာ ၀ိကာလ ဘောဇနာမပါ၊ ပုံမှန် ရှစ်ပါးသီလမှာ ကျတော့ ကုန်းတိုက်၊ ကြမ်းတမ်း၊ အနှစ်မရှိတဲ့ စကားတွေ ပြောဆိုတာ ရှောင်ကြဉ်တာ စသဖြင့်မပါ၊ ဒါမှ မဟုတ် မုသာဝါဒ မှာပဲ အဲဒီ ကုန်းတိုက် စကားတွေ ဘာတွေ ရှောင်ကြဉ်တာ ပါသွားသလား ဘုန်းဘုန်း..
၃) နောက် အာဇီဝဋ္ဌမက သီလနဲ့ ပုံမှန် ရှစ်ပါးသီလကို ရောသမမွှေပြီး စောင့်ထိန်း ချင်သူအဖို့ ဘယ်လို လုပ်သင့် ပါသလဲ ဘုန်းဘုန်း၊
၎) အာဇီဝဋ္ဌမက သီလရဲ့ နောက်ဆုံး အချက် မိစ္ဆာဇီဝကို ရှောင်တာက အရက်သေစာ သောက်စားတာ တွေပါ ရှောင်ကြဉ်တာ ပါတယ်လို့လည်း ပြောကြတယ်.. အဲဒါကော ဟုတ်ပါသလား ဘုန်းဘုန်း။ ဖိုးသား သိချင်တာက သီလက သူ့ဟာသူနေရင်း မကျူးလွန်တာထက် ခံယူ ဆောက်တည်ပြီးမှ မကျူးလွန်တာ ကမှ သီလ မည်တယ်၊ သီလ ဆောက်တည်တယ်လို့ ဖတ်ဖူးတော့.. ရောသမမွှေ သီလကျတော့ ဘယ်လို ဆောက်တည် ရမလဲ ဘုန်းဘုန်း.. ဘုန်းဘုန်း အားရင်၊ အဆင်ပြေရင် ဖြေကြား ပေးပါဦး.. ဖိုးသားကို
ဖိုးသားကြောင့် ဘုန်းဘုန်း အလုပ် အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် ဘုန်းဘုန်း။ ဖိုးသား သိချင်လာလို့ပါ။
ဘုန်းဘုန်းကျန်းမာပါစေ
ရိုသေစွာဦးတင်လျက်
ဖိုးသား
စိန့်ပီတာစဘတ်၊ ရုရှား
***********************************************
A. မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီးရဲ့ အာဇီဝဋ္ဌမက သီလ အဖွင့်ကို ကိုးကားပြီး ပြောရရင် “အသက် မွေးဝမ်းကျောင်း အတွက် ပစ္စည်းဥစ္စာ ရှာဖွေရသော အလုပ်အကိုင် အရောင်းအ၀ယ် ဟူသမျှကို ပါဠိလို အာဇီဝလို့ ခေါ်ပါတယ်။ မတရားသော ပစ္စည်းဥစ္စာ ရှာဖွေမှုကို မိစ္ဆာဇီဝလို့ ခေါ်ပါတယ်။ ရှစ်ပါးမြောက်ကို ပါဠိလို အဋ္ဌမလို့ ခေါ်ပါတယ်။ ပါဏာတိပါတာ ဝေရမဏိမှ စပြီး ရေတွက်ပါက မိစ္ဆာဇီဝါ ဝေရမဏိသည် ၈-ပါးမြောက် သိက္ခာပုဒ် ဖြစ်သဖြင့် မိစ္ဆာဇီဝမှ ရှောင်ကြဉ်မှုပြုလျှင် ရှစ်ပါးမြောက် ရှိသော သီလကို အာဇီဝဋ္ဌမကသီလလို့ ခေါ်ပါတယ်။
၁)
အာဇီဝဋ္ဌမက သီလ ဆောက်တည်ပုံကို ပါဠိတော်နဲ့ အဋ္ဌကထာ များမှာ တိုက်ရိုက် မပြကြပါ။ ငါးပါးသီလ စသည် ဆောက်တည်ပုံကို နည်းယူ၍ ရှေးပညာရှိ ကြီးများက ဖော်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှစ်ပါးသီလနဲ့ ဒီအာဇီဝဋ္ဌမက သီလ ဘယ်ဟာက ပိုမြတ်သလဲ ဆိုတာထက် ရှစ်ပါး သီလဟာ ဥပုသ် နေ့များမှာ အထူး ဆောက်တည်ရတဲ့ သီလမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဥပေါသထ သီလလို့ ဆိုခြင်းပါ။ ဒီအာဇီဝဋ္ဌမက သီလကတော့ ငါးပါး သီလလိုမျိုး ဆောက်တည်သည် ဖြစ်စေ၊ မဆောက်တည်သည် ဖြစ်စေ ကျူးလွန်ရင် အပြစ်ရှိတဲ့ သီလမျိုး ဖြစ်ပါတယ်။ ငါးပါး သီလဟာ သူတော်ကောင်းများ အမြဲ စောင့်ထိန်းရမယ့် ကိုယ်ကျင့်သီလ ဖြစ်သလို အာဇီဝဋ္ဌမက သီလဟာလည်း အထက်တန်း သူတော်စင်တို့ အမြဲ ထိန်းရမယ့် ကိုယ်ကျင့်သီလ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအာဇီဝဋ္ဌမက သီလကို ကျမ်းဂန်များမှာ အာဒိဗြဟ္မစရိယ သီလ (မဂ္ဂဗြဟ္မစရိယ၏ အစဖြစ်သော သီလ) လို့လည်း ခေါ်ပါတယ်။ အာဇီဝဋ္ဌမက သီလ လုံခြုံမှ မဂ်ဖိုလ် ရနိုင်ပြီး မလုံရင် မဂ်ဖိုလ် မရနိုင်ဟု ဆိုပါတယ်။ ဒါကြောင့် ဒီအာဇီဝဋ္ဌမက သီလသည် မဂ်ဟူသော မြတ်သော အကျင့်၏ အစအခြေခံ သီလ ဖြစ်သည်ဟု မှတ်သားနိုင် ပါတယ်။
၂)
အာဇီဝဋ္ဌမက သီလမှာ ၀ိကာလ ဘောဇန မပါတာဟာ ၀ိကာလ ဘောဇနထက် ပိုပြီး အရေးကြီးတဲ့ အကုသိုလ် အပြစ်ကြီးတဲ့ သီလတွေကို အဓိက ဦးစားပေး စောင့်ထိန်း စေလို၍ ဖြစ်တယ်လို့ နားလည်နိုင် ပါတယ်။ ရှစ်ပါး သီလမှာ ကုန်းတိုက်ချောပစ် အတင်းအဖျင်း များမှ ရှောင်ကြဉ်မှု ဆိုတဲ့ သိက္ခာပုဒ် အမည်များသာ တိုက်ရိုက် မပါခြင်း ဖြစ်ပါတယ်။ သီလ ဆောက်တည်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကာယကံ ၀စီကံ အကုသိုလ်တွေ မဖြစ်အောင် ထိန်းပေးခြင်း ဖြစ်တဲ့အတွက် မပါသော်လည်း ၀စီကံအပြစ် မဖြစ်အောင် ထိန်းရပါတယ်။ ရှစ်ပါးသီလလို့ ခေါ်တဲ့ ဥပုသ် သီလဟာ သာမန် ပုဂ္ဂိုလ်များ ဥပုသ်နေ့များမှာ အထူး စောင့်စေလိုတဲ့ အတွက် သတ်မှတ်ထားချက် ဖြစ်ပြီး အာဇီဝဋ္ဌမက သီလကတော့ အဆင့်မြင့် သူတော်စင်များ အမြဲ စောင့်ထိန်းရမယ့် သီလ သတ်မှတ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ဥပုသ်သီလမှာ အာဇီဝဋ္ဌမက သီလမှာပါတဲ့ စောင့်ထိန်းရ ခက်တဲ့ သီလများ မပါဘဲ အာဇီဝဋ္ဌမက သီလမှာတော့ အသေးအဖွဲ ဖြစ်တဲ့ ၀ိကာလစတဲ့ သီလများ မပါခြင်း ဖြစ်ပါတယ်။ ဘယ်မှာပါသည် ဖြစ်စေ မပါသည် ဖြစ်စေ အဓိက ကတော့ သီလ စောင့်ထိန်းမှုဟာ ကာယကံ၊ ၀စီကံ အမှုတွေ မကျူးလွန် မိအောင် ထိန်းပေးခြင်း ဖြစ်တဲ့အတွက် ကာယကံ၊ ၀စီကံ အမှုများကိုသာ ကောင်းအောင် ကြိုးစားနေရင် ဒီသီလ အမျိုးမျိုးကို ထိန်းပြီးသား ဖြစ်နေမှာပါ။
၃)
အာဇီဝဋ္ဌမက သီလနဲ့ ရှစ်ပါးသီလကို ရောသမမွှေပြီး စောင့်ထိန်း လိုပါက နှစ်ခုလုံးမှာ ပါတဲ့ သီလတွေကို မလွတ်အောင် စောင့်ထိန်းလိုက်ရုံ ပါပဲ။ သိပ်ရှုပ်နေမယ် ထင်ရင်တော့ မိမိရဲ့ ကာယကံ၊ ၀စီကံနဲ့ ပတ်သက်တဲ့ အပြစ်တွေ မဖြစ်အောင်သာ လုံခြုံအောင် ထိန်းလိုက်ပါ။ ဒါဆိုရင် ဒီသီလနှစ်မျိုးကို တစ်မျိုးစီ ဆောက်တည်နေတယ် လို့လည်း ပြောလို့ ရသွားသလို ဒကာလေး ပြောသလို ရောသမမွှေပြီး စောင့်တယ်လို့လည်း ပြောလို့ ရသွားပါပြီ။
၎)
အထက်မှာ ပြောခဲ့သလိုပဲ မိစ္ဆာဇီဝဆိုတာ မကောင်းသဖြင့် အသက် မွေးတာ၊ မတရားသဖြင့် အသက် မွေးတာလို့ ဆိုတဲ့အတွက် မိစ္ဆာဇီဝမှ ရှောင်ကြဉ် တာဟာ မကောင်းတဲ့ မတရားတဲ့ အသက်မွေးမှုမှ ရှောင်ကြည်တာပါ။ အရက်သေစာ သောက်စားမှုမှ ရှောင်ကြဉ် တာလို့ တိုက်ရိုက် မပြောသော်လည်း မိစ္ဆာဇီဝမှ ရှောင်ကြည်မှုမှာ အရက်သေစာ သောက်စားမှုမှ ရှောင်ကြဉ်မှု ကိုလည်း ထည့်သွင်း ယူနိုင်ပါတယ်။ အရက်သောက်ပြီ ဆိုကတည်းက ကောင်းတဲ့ အသက်မွေးမှုလို့ ပြောလို့ မရနိုင်ပါဘူး။ မကောင်းသဖြင့် အသက်မွေးမှုလို့ ပြောလို့ ရပါတယ်။ ဒါကြောင့် အရက်သေစာ သောက်စားမှု ကိုလည်း မိစ္ဆာဇီဝထဲမှာ ထည့်သွင်း ယူနိုင်ပါတယ်။
မှန်ပါတယ်။ သီလဟာ ခံယူ ဆောက်တည်ပြီး စောင့်ရတဲ့ သီလရှိသလို ခံယူသည်ဖြစ်စေ မယူသည် ဖြစ်စေ စောင့်ရမယ့် သီလမျိုးလည်း ရှိပါတယ်။ ခုနပြောခဲ့သလို ငါးပါးသီလနဲ့ အာဇီဝဋ္ဌမက သီလတွေ ကတော့ ခံယူသည် ဖြစ်စေ မယူသည် ဖြစ်စေ စောင့်ရမှာ ဖြစ်ပြီး ဥပုသ် သီလမျိုးကတော့ သီးသန့် ခံယူပြီး စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ ရောသမမွှေ သီလကို ခံယူ ဆောက်တည်လို ရင်တော့ ကိုယ်ခံယူလိုတဲ့ သီလ အရေအတွက်ကို လိုက်ပြီး ငါးပါးသီလ ခံယူပုံအတိုင်း “အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ (ရှစ်ပါးဆိုရင် အဋ္ဌင်္ဂ သမ္ပန္နာဂတ သီလံ၊ ကိုးပါးဆိုရင် န၀င်္ဂ သမ္ပန္နာဂတ သီလံ စသည်) ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ စသဖြင့် ခံယူ ဆောက်တည်နိုင် ပါတယ်။ ပြီးတော့မှ စောင့်လိုတဲ့ သီလ သိက္ခာပုဒ်များကို ပါဏာတိ ပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ စသည်ဖြင့် ဆောက်တည်နိုင် ပါတယ်။
အင်း… ဒကာလေး မေးလို့သာ အားလုံးကို ပြည့်စုံအောင် ဖြေပေးလိုက်ရ တာပါ။ ရောသမမွှေ ဆိုတဲ့ စကားလုံး အသုံးကိုတော့ သဘောမကျ ပါဘူး။ သီလ ဆောက်တည်မှုကို ကိုယ်လုပ်ချင် သလို ဟိုရွှေ့ဒီရွှေ့ ဟိုပြောင်း ဒီပြောင်း ဟိုပေါင်း ဒီပေါင်း လုပ်တာမျိုး မဖြစ်ပါစေနဲ့။ သိပ်ရှုပ်နေတယ် ထင်ရင် ခုနပြောသလို ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံတွေ ကိုသာ အကောင်းဆုံး ဖြစ်အောင် လုံခြုံအောင် စောင့်ထိန်းဖို့ ကြိုးစားကြည့်ပါ။
မေတ္တာဖြင့်
ဘုန်းဘုန်းဦးဝိစိတ္တ
+++++++++++++++++++++++++++++++
လေးမြတ်ရိုသေစွာ ဦးခိုက်လျက်
ဖိုးသား
7/1/2009, WED:, 2:25:17 PM
July 2, 2009 at 4:44 AM
ကျေးဇူးပါပဲ ကိုဖိုးသားရေ.. အခုမှပဲ သိတော့တယ်..