Latest News

*အရိန္ဒမာ သိပါသည် (သို့) အချစ်ကြောင့် ဒုက္ခရောက်ရသူများ*

ရာဇ၀င်မှာ စာတင်ခဲ့တဲ့ သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ဓမ္မ မောင်နှမတို့…။ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရေးတဲ့ ကဗျာ တစ်ပုဒ်ပါ..။ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က ဒီကဗျာလေးကို အမည် ပေးထားတာက “အရိန္ဒမာ သိပါသည်” တဲ့။ ကျွန်တော့် စိတ်ထဲ ပေါ်ရာ ပေးလိုက်တာက “အချစ်ကြောင့် ဒုက္ခရောက်ရ သူများ”။ ဒီလို အချစ် ဇာတ်လမ်းတွေ ပေါ်ပေါက်ခဲ့ရ တာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး..။ အတိတ် အကြောင်းတွေက အခြေခံတာကိုး..။ ဒီလို အကြောင်းမဲ့ မဟုတ်လို့လည်း ကျွန်တော် ဒီဇာတ်လမ်းထဲမှာ ဘယ်သူ့ ဘယ်သူကိုမှ အပြစ် ဖွဲ့မနေချင် တော့ပါဘူး…။

ဒါပေမယ့် ဒီကဗျာလေးမှာ စာရေးဆရာ ဦးတည်တာက အလွမ်းသမား အဖြစ် ကြွင်းကျန်ရစ်တဲ့ မင်းကျန်စစ်ပါ။ လက်ရုံးရည်တွေ ဘယ်လောက်ပဲ ထက်မြက်မြက်၊ ဒီ လက်ရုံးရည်ကိုသုံးပြီး ရန်သူတွေကို ဘယ်လောက်ပဲ နိုင်နိုင်.. ဟော.. ခုလို နှလုံးရည်ပိုင်း မှာတော့ မင်းကျန်စစ်တို့ အရှုံးပေးသွား ရပြီ..။ ဒါဟာ ဘာ့ကြောင့်လဲ ဆိုတော့ ဘ၀ အဆက်ဆက်က သန္ဓေတည် ခိုင်မြဲခဲ့တဲ့ မသိမှု အ၀ိဇ္ဇာကြောင့်လေ…။ မသိတော့ လိုချင်၊ လိုချင်တော့ စွဲလမ်း၊ စွဲလမ်းတော့ လုပ်၊ လုပ်တော့ ရ..၊ အော် ဘယ်တော့များမှ ဆုံးပါ့မလဲ..။ ဒီနေရာမှာ ရတာက ဇာတိပါ…။ မသိမှုက အခြေတည် လိုက်တော့ သွေဖီလိုက်တဲ့ လမ်းတွေ…။ လမ်းမှားမှန်းမသိ လျှောက်လာလိုက်တဲ့ မင်းကျန်စစ်… ခုတော့ ဘယ်ဇာတိ ရောက်နေပါလိမ့်…။

ဒီနေရာမှာ ကျွန်တော်ကသာ သက်သက် သာသာလေး လုပ်တော့ ရတယ်လို့ ပြောလိုက်တာပါ..။ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီးကတော့ ဒီလို မပြောပါဘူး…။ မင်းတို့ကွာတဲ့ မသိတော့ လိုချင်၊ လိုချင်တော့ စွဲလမ်း၊ စွဲလမ်းတော့ လုပ်၊ လုပ်တော့ ရ… ဘာရမလဲ… မသိဘဲ လုပ်ချင်ရာ လုပ်တော့ အပါယ်ဇာတိပဲ ရမှာပေါ့ကွာတဲ့…။

ကဲ.. ဘယ်လို လုပ်ကြမလဲ.. အချစ်အတွက် အသက်ပင် သေသေ၊ အရေပင်ခန်းခန်း မမော မပန်းကြတဲ့ ပုဂ္ဂိုလ်များ စဉ်းစားစရာ၊ ဆင်ခြင်စရာ ပါနော…။ ဒါကိုမှ သဘောမကျ လက်တွေ့မှ ယုံချင်တယ် ဆိုရင်တော့… သွားပေတော့..၊ ဖွတ်ထွက်မှ တောင်ပို့မှန်း သိရင်တော့ အဲဒီအချိန် ကိုယ်က ဒယ်အိုး ရောက်နေပြီနော…

++++++++++++++++++++++++++++++++++++++++++++

ကျွန်တော် ဒီကဗျာလေးကို စကူးတုန်း ကလည်း မသိမှုနဲ့ ကူးမိတာပါ…။ အချစ်ကို ခံစားပြီး ကူးတာတော့ မဟုတ်.. ကဗျာကို ခံစားပြီး ကူးခဲ့တာပါ..။ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာ စပ်နည်းစပ်ဟန် ကာရန် ယူပုံတွေကို သဘောကျလို့ပါ…။

ဒါပေမယ့် ခုတော့လည်း ဒီကဗျာလေးက ကျွန်တော့်အတွက် ခံစားစရာ မဖြစ်တော့ဘဲ.. ဆင်ခြင်စရာ သံဝေဂ ကဗျာတစ်ပုဒ် ဖြစ်သွားရပြီ ပေါ့လေ…။

*အရိန္ဒမာ သိပါသည်*

မြင်ကတည်းက
ရင်ထဲကစွဲခဲ့တယ် မဏိစန္ဒာ။

ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အရှင့်အာဏာ စော်ကားခဲ့သူမို့
ဩော်.. ဓါးထိကာ အသေသတ်ရင်လည်း
ကျေနပ်မှာပါ။

မလျော်တာ အခက်ကြံဆမိလို့
အနော်ရထာ မျက်မာန်ရှမှာလည်း
ခံရမယ် သေချာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာမအေးလေတော့
သေဘေးကိုတဲ့ မမြင်သာ
အကြင်နာက နှစ်ဆင့်ပိုကဲ။

မသင့်လျော်တာ ချစ်လာခဲ့သူမို့
အရှင့်ပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာ ဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့။

ဘုရင့်အာဏာ မဖီဆန်ရဲတာကြောင့်
လက်လွှဲကာ ရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ် သခင်ထင်သလား
ရင်ခွင်မှာ ဆယ်နေကဲသလို
အမြဲပူလောင်လှချည်ရဲ့
ကြိုးနှောင်ကာ အရှင်တည်းပါလို့
ရင်ထဲကို လှံမထိခင်က
ချစ်မိသူ အသည်းကြွေပြုန်းကာ
(မဏိစန္ဒာရယ်….)
ကိုယ်ကတော့ အမြဲသေဆုံးခဲ့ပြီပဲ။ ။


မောင်စိန်ဝင်း (ပုတီးကုန်း)

+++++++++++++++++++++++++++++++++++++++++++++++

အားလုံးသော ဓမ္မမိတ်ဆွေများ မသိမှုတရားကို ဖယ်ရှားနိုင်ကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

7/16/2009, THUR:, 2:42:58 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ကဲ...ဒါဆို လူပျိုကြီးပဲ လုပ်တော့ကိုယ့်လူ...။

Leave a Reply