သင်သည် တောင်ထိပ်သို့ ရောက်ပြီးနောက် တောင်ထိပ်ပေါ်တွင် အမြဲတမ်း မနေနိုင်ပါ။ တောင်အောင်သို့ တစ်ဖန် သင် ပြန်ဆင်းရမည် ဖြစ်၏။ ထို့ကြောင့် ပထမနေရာတွင် အဘယ်ကြောင့် အပင်ပန်းခံ ကြောင့်ကြစိုက်၍ နေရသနည်း။ ထိုနေရာသို့ ရောက်လျှင် ပြီးပြီပဲ။ အပေါ်သို့ ရောက်နေစဉ် အောက်တွင်ရှိသော အရာများ အကြောင်းကို သိရသည်။ သို့သော် အောက်မှာ ရှိတုန်းတော့ အပေါ်မှာရှိသော အရာများ အကြောင်းကို မသိနိုင်ချေ။ အပေါ် တက်သောသူ မြင်ရသည်။ အောက်သို့ ရောက်သော သူမှာ အပေါ်က မြင်သလို မမြင်ရတော့ပါ။ သို့သော် မြင်ဖူးခဲ့ ပြီးပြီပဲ။ တောင်ပေါ် ရောက်စဉ်က မြင်ခဲ့ရသည်များကို တောင်အောက်သို့ ရောက်သောအခါ ပြန်လည် အောက်မေ့သော နည်းဖြင့်မူ နေနိုင်ပါသည်။ မမြင်နိုင်တော့ဘူး ဆိုသော်လည်း အနည်းဆုံးတော့ သိနေဆဲပါပဲ။
ယခု အပြင်းအထန် အချိန်ပေးပြီး အားထုတ်ခဲ့ကြသော ၀ိပဿနာ တရားပတ် အဆုံးသို့ ရောက်ပြီ။ ယခု ပေါ်လာသော ပြဿနာမှာ ယခု ဤနေရာတွင် ပြင်းပြင်းထန်ထန် အားထုတ်ခဲ့သည့် အကျင့်ကို နေ့စဉ် ဘ၀ထဲတွင် ဘယ်လိုကျင့်ကြံ အားထုတ်ရမလဲ ဆိုသော ပြဿနာ ဖြစ်ပါသည်။ အဆင့် တစ်ဆင့်မှာတော့ လွယ်လွယ် ကူကူပင် ဖြေဆိုနိုင်ပါသည်။ လွယ်လွယ်ကလေး ဖြေလိုက်ရင်တော့ သတိကို မြဲမြဲစွဲစွဲ ထားပြီးနေပါ။ စားသတိ၊ သွားသတိ၊ နေသတိ၊ အိပ်သတိ၊ နေရာတိုင်း အခါတိုင်းမှာ သတိဖြင့် နေပါဟု ဖြေနိုင်ပါသည်။ အာရုံ ပြတင်းပေါက်များမှာ အမျိုးမျိုးသော စိတ်ထွေပြားစရာ အာရုံတွေ ၀င်လာနေကြ စေကာမူ အကယ်၍သာ တပ်မက်မှု တဏှာ၊ မလိုမုန်းထားမှု ဒေါသ၊ ဘာတွေ ဘယ်လို ဖြစ်ချင်သည် ဆိုသော မျှော်လင့် တောင့်တမှုတွေ မရှိဘူး ဆိုရင်တော့ စိတ်သည် ကြည်လင်မြဲ ကြည်လင်နေပြီး ညီညွတ် မျှတလျက်ပင် ရှိနေပါလိမ့်မည်။ သတိပဋ္ဌာန် တရားသည် အကြီးမားဆုံးသော ကာကွယ်ဆေးပင် ဖြစ်၏။
စိတ်တည်ငြိမ်မှု၊ စိတ်၏ တိတ်ဆိတ်မှုကို အထောက် အကူပြုသော တရား အချို့လည်း ရှိပါသည်။ ၎င်းမှာ နေ့စဉ် နေ့စဉ် မိမိအိမ်မှာ တရားထိုင်သော အလေ့အကျင့်ကို မြဲအောင် လုပ်ခြင်းပင် ဖြစ်ပါသည်။ အိမ်မှာ တစ်နေ့လျှင် တရားနှစ်ကြိမ် ထိုင်နိုင်အောင် ကြိုးစားပါ။ တစ်ကြိမ် ထိုင်လျှင် တစ်နာရီလောက် အနည်းဆုံး ထိုင်ပါ။ တစ်နာရီထက် ပိုပြီး ထိုင်နိုင်လျှင်လည်း ကောင်းပါသည်။ (တစ်နာရီ မထိုင်နိုင် နာရီဝက် ထိုင်နိုင်သည် ဆိုလျှင်လည်း ရပါသည်။ လုံးလုံး မထိုင်ဘဲ နေသည်ထက်တော့ အများကြီး ပို၍ အကျိုး ထူးပါသည်။) ထိုကဲ့သို့ အိမ်မှာ တရားထိုင်သော အလေ့ အကျင့်သည် သမာဓိ အင်အားကို လည်းကောင်း၊ ၀ိပဿနာ သတိပဋ္ဌာန်၏ အင်အားကို လည်းကောင်း ပို၍ အားသန်စေနိုင် ပါသည်။ ယခု တစ်လတာ ဤရိပ်သာမှာ အားထုတ်ထားခဲ့၊ ထူထောင် ထားခဲ့သော သမထ သမာဓိအား၊ ၀ိပဿနာ ဉာဏ်အားကို အိမ်မှာ ဆက်လက် အားထုတ်ခြင်းဖြင့် ပို၍ အင်အား ကောင်းလာစေနိုင် ပါသည်။
ဤရိပ်သာထဲတွင် တစ်လလုံးလုံး ၀ိပဿနာကို အပြင်းအထန် အားထုတ်ထား သူများ အဖို့ အိမ်မှာ တစ်နေ့ တစ်နာရီလောက် အားထုတ်ရခြင်းသည် အလွန် လွယ်ကူနေ ပါပြီ။ သို့သော် ဤ တရား အားထုတ်ထားသူများ အဖို့ အားထုတ်ဖို့ ကိစ္စသည် နေ့စဉ် လောကီ အလုပ်တာဝန် တစ်ခုလို တာဝန်ရှိသည့် အလုပ်တစ်ခုဟု သတ်သတ်မှတ်မှတ် လုပ်ဖို့တော့ လိုပါသည်။ ထိုကဲ့သို့ ဤအလုပ်ကို မလုပ်မဖြစ်သော တာဝန်ကြီး တစ်ခုလို သတ်မှတ်ပြီး မလုပ်လျှင်တော့ အိမ်မှာ တရား အားထုတ်ခြင်း ကိစ္စကို စွဲစွဲမြဲမြဲ ထိန်းသိမ်းထားရန် လွယ်ကူမည် မဟုတ်ပါ။ တရား အားထုတ်ခြင်းကို အိမ်မှာ အမြဲအစွဲ လုပ်ရာတွင် စည်းကမ်း ထိန်းသိမ်းလိုမှု စိတ်လည်း လိုသည်။ ၀ီရိယ လုံ့လ ထည့်မှုလည်း လိုသည်။ တရား အားထုတ်ခြင်းကို နေ့၏ အခြား တာဝန် ၀တ္တရားများ မဆောင်ရွက်မီ ဦးဦးဖျားဖျား အထူးဦးစားပေး ဆောင်ရွက်ရသော ကိစ္စအဖြစ် သဘောထားဖို့ လိုပါသည်။
ဤကိစ္စသည် နေ့၏ အစမှာ ဦးစားပေး လုပ်ရမည့် အလုပ် ဖြစ်သည်ဟု သဘောထားသလို နေ့စဉ် နေ့တိုင်း ၀တ္တရား မပျက် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်သည်ဟုလည်း စိတ်ထဲတွင် အလေး အမြတ်ထားရမည့် ကိစ္စတစ်ရပ်လည်း ဖြစ်ကြောင်း ခံယူကျင့်သုံးဖို့ လိုပါသည်။ အကောင်းဆုံး ကတော့ တရား အားထုတ်ပြီးမှ အခြားအလုပ်တွေကို လုပ်မည်ဟု အချိန်ကို ဦးစားပေး သတ်မှတ်ခြင်းသည် ပိုကောင်းသည်။ အခြား အလုပ် တာဝန်တွေ ကြားမှာ တရား အားထုတ်ချိန်ကို ကြား ထိုးထည့်ခြင်းသည် အဆင်ပြေနိုင်မည် မဟုတ်ပါ။ နေ့စဉ် အခြား ဘာအလုပ်၊ ဘာတာဝန်ကိုမှ မဆောင်ရွက်ခင် ကြိုတင်၍ ၀ိပဿနာ တရားကို အားထုတ်ခြင်း၊ ထိုသို့ အားထုတ်ပြီးမှ အခြား အလုပ်ကိစ္စ တာဝန် ၀တ္တရားများကို ဆောင်ရွက်ခြင်းသည် သင့်ကိုယ်သင် ဘ၀တွင် ပြုပြင် ပြောင်းလဲရာ၌ အကောင်းဆုံး နည်းလမ်းပင် ဖြစ်၏။
နေ့စဉ် တရားအားထုတ်သော အချိန်ကို သတ်မှတ်သော အခါ သင့်အတွက် အနှောင့်အယှက် မပြုနိုင်သော အချိန်ကို ရွေးချယ် သတ်မှတ်သင့် ပါသည်။ အနှောင့်အယှက် ကင်းသော အချိန်သည် တရား အားထုတ်ရာတွင် အထောက်အကူ အများကြီး ပေးပါသည်။ တရား အားထုတ်သော အချိန်ကို သတ်သတ်မှတ်မှတ် ထားပါ။ နေ့စဉ်ရက်ဆက် ထိုအချိန်မှာပင် တရား အားထုတ်ခြင်း အားဖြင့် နေ့စဉ်ပုံမှန် ဆောင်ရွက်နေကျ အလေ့အထကို ပျက်တော့မည် မဟုတ်ပါ။
တရားအားထုတ်ဖို့ အကောင်းဆုံး အချိန်ကတော့ သင်အိပ်ယာက ထစ ဦးဦးဖျားဖျား နံနက် စောစော အချိန် ဖြစ်ပါသည်။ ညနေပိုင်း တရား အားထုတ်ချိန် ကိုတော့ မိမိအတွက် စိတ်အပန်း ပြေမည့် အချိန်၊ အနားရမည့် အချိန်ကို သင့်တော်သလို သတ်မှတ်နိုင် ပါသည်။ လက်တွေ့ စမ်းသပ်ပါ။ အဓိကကတော့ ဒီမှာ ရိပ်သာဝင်ပြီး တစ်လလုံးလုံး ဇွဲနှင့် မာန်နှင့် ထူထောင်ထားသော တရား အားထုတ်ခြင်း အလေ့အထကို ဆက်လက်ပြီး မပျက်မကွက် အားထုတ်ခြင်းသည် မခန့်မှန်းနိုင် လောက်အောင်ပင် တန်ဖိုး ကြီးမားလှပါသည်။
သတိပဋ္ဌာန် တရားကို စွဲမြဲသွားအောင် လုပ်သော အခြားနည်း တစ်နည်းလည်း ရှိပါသေးသည်။ ထိုနည်းသည် နေ့စဉ် ဘ၀ထဲမှာ ဆောင်ရွက်နေကျ စားမှု၊ သွားမှု၊ လာမှု၊ နေမှု၊ ထိုင်မှု၊ လမ်းလျှောက်မှု၊ လဲလျောင်းမှု စသော ဣရိယာ ပုတ်တိုင်းမှာ သတိဖြင့် ရှုမှတ်သောနည်း ဖြစ်ပါသည်။ တစ်နေ့မှာ တစ်ကြိမ်သာလျှင် တိတ်ဆိတ် ငြိမ်သက်စွာ အစားအစာ စားသောက်သော အကျင့်ကို အားထုတ်ပြီး ကျင့်ပါ။ ထိုအချိန်တွင် သတိဖြင့် ဆင်ခြင်၍ စားသုံးပါက ထိုနည်းသည် ကြည်လင်သော အသိဉာဏ် ဖြစ်ပေါ်မှုကို များစွာ အထောက်အကူ ပြုကြောင်း၊ ဤရိပ်သာတွင် တစ်လ အားထုတ်ထားသော စိတ် အင်အားများကို ပို၍ နိုးကြားလာအောင် အထောက်အကူ ပြုကြောင်း တွေ့ရပါလိမ့်မည်။ သတိပဋ္ဌာန် တရားကို ထပ်တလဲလဲ အားထုတ်ခြင်း အားဖြင့် အတိတ်က ထူထောင် သိုမှီးထားသော စိတ်အင်အား များကို အခက်အခဲမရှိ အလွယ်တကူ တိုးပွားအောင် ဆောင်ရွက်နိုင်ကြောင်း တွေ့ရပါလိမ့်မည်။
နေ့စဉ် ဘ၀ထဲတွင် ကျွန်ုပ်တို့သည် လမ်းများစွာ လျှောက်လေ့ ရှိပါသည်။ ထိုသို့ စင်္ကြံလျှောက်ပြီး တရားရှုမှတ်သော အကျင့်ကိုလည်း တစ်ကြိမ် ကျင့်နိုင်ပါသည်။ စင်္ကြံလျှောက်ရာတွင် တမင်တကာ “ကြွတယ်၊ လှမ်းတယ်၊ ချတယ်” ဆိုပြီး ဖြည်းဖြည်း လျှောက်ရင်း မှတ်နေဖို့ မလိုပါ။ ရိုးရိုး လမ်းလျှောက်သည့် အတိုင်း လျှောက်ရင်း ခန္ဓာကိုယ်၏ လှုပ်ရှားမှုများကို သတိနှင့် မှတ်လည်း ရပါသည်။ သို့မဟုတ် ခြေထောက်နှင့် မြေကြီး ထိထိသွားသည့် အခြင်းအရာကိုပဲ အာရုံပြုပြီး မှတ်လျှင်လည်း ရပါသည်။ နောက်တစ်ကြိမ် စမ်းသပ်ကြည့်ပါ။
နေ့ပိုင်းမှာ တာဝန်ဝတ္တရားတွေ ဆောင်ရွက်ရင်း စိတ်ထဲ ဖိစီးမှုတွေ ဖြစ်ပြီး စိတ်မော လူမော ဖြစ်လာသော အခါမှာလည်း အာနာပါန ထွက်သက် ၀င်သက်ကို မှတ်သော နည်းကို သတိရပါ။ မျက်စိ ဖွင့်လျက်ပင် တရားထိုင်သော ပုံမျိုး ဖမ်းနေစရာ မလိုပါ။ ၀င်သက် ထွက်သက်ကို မှန်မှန်ရှူပြီး မှတ်လိုက်ပါ။ ပိန်ဖောင်းကိုလည်း မှတ်ချင် မှတ်ပါ။ ရပါသည်။ မိနစ်အတန်ကြာ အာနာပါနကို ထူထောင်လိုက် သည်နှင့် စိတ်သက်သာရာ ရပြီး စိတ်အေးချမ်းသာ ဖြစ်သွားသည်ကို မျက်မှောက် တွေ့မြင် ခံစားရပါလိမ့်မည်။
ယခုလို နေ့စဉ်ဘ၀ အမှုကိစ္စ ဆောင်ရွက်ရာတွင် သတိပဋ္ဌာန် တရားကို အသုံးချတတ် သွားလျှင် နောက်တော့ သင့်နောက်က ထပ်ကြပ်မကွာ သတိပဋ္ဌာန် လိုက်ပါတော့ သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ဓမ္မဆိုသည်မှာ ကျွန်ုပ်တို့ ဘ၀ တစ်ခုလုံးကို လွှမ်းခြုံနေသော တရား ဖြစ်ပါသည်။ တမင် တရားထိုင်ပြီး အားထုတ်မှ တရား အားထုတ်ခြင်း မဟုတ်ပါ။ ဓမ္မဆိုသည် တရားအားလုံးကို ခေါ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ အနေနှင့် တရားကို သိမြင်သော စိတ်နှင့် ဉာဏ်နှင့် ညီညွတ်အောင် နေတတ်ဖို့ကိုသာ အားထုတ်ရပါသည်။
ပညာမျိုးစေ့၊ ကရုဏာ မျိုးစေ့ကို စိုက်ပျိုး ထားခဲ့ကြပြီ။ ဤမျိုးစေ့များ ရှင်သန်လာအောင် ပြုစု ပျိုးထောင်ပေးနိုင်လျှင် ၎င်းတို့မှာ အစွမ်း သတ္တိများ ဖြစ်လာပါသည်။ မမျှော်မှန်း နိုင်သော အကျိုး မျိုးစုံကို ပေးတော့မည် ဖြစ်ပါသည်။ အဓိကမှာ ရိုးရိုးကလေး လွယ်လွယ်ကလေး နေပါ။ ငြိမ်သက်ပြီး အေးချမ်းသည့် စိတ်ကို ရလျှင် ဓမ္မဆိုသော တရားသည် သဘာဝအရ အလိုလို ပေါ်လာတော့သည်။
ခဏတိုင်း ခဏတိုင်းမှာ တရား (ဓမ္မ) နှင့်အညီ နေတတ်ဖို့ရန် ပထမဆုံး အနိစ္စ ၀ိဇ္ဇာဉာဏ်ကို ထူထောင်ပါ။ မမြဲဘူးဆိုသည့် ဘ၀၏ အမှန်တရားကို အစဉ် နှလုံးသွင်းထားပါ။ မိမိသည် မလွဲမသွေ သေဆုံးမည့်သူ ဖြစ်သည် ဆိုသည်ကို အစဉ် သတိရနေပါ။ သဘာဝ တရားကြီး တစ်ခုလုံး အမြဲမရှိ၊ အစဉ်သာလျှင် မရပ်မနား ဖောက်ပြန် ပြောင်းလဲနေသည် ဆိုသည်ကို သတိတရား လက်ကိုင်ထားပြီး ရှုပွားနေပါ။ ထိုကဲ့သို့ အနိစ္စ လက္ခဏာကို ရှုမှတ် ဆင်ခြင်နေသည့် စိတ်သည် အမြဲ တည်ငြိမ်ပြီး ညီညွတ် မျှတနေပါသည်။
နောက် ဆင်ခြင်သင့်သောကိစ္စ တစ်ခုမှာ မေတ္တာ ကရုဏာတရား ဖြစ်ပါသည်။ မေတ္တာ ဘာဝနာ ပွားများသည့် အခါ ငါ သူတစ်ပါးဆိုသော အတ္တစွဲ၊ သက္ကာယ ဒိဋ္ဌိစွဲများကို ပယ်ဖျက်လိုက်လျှင် တစ်လောက လုံးသည် တစ်ခုတည်း၊ တစ်သဘောတည်း ဧကောဓမ္မော ဖြစ်သွားပါသည်။ ထိုသို့ တစ်လောကလုံး ငါ သူတစ်ပါး မရှိတော့ဘဲ သဘာဝ တရားသည် တစ်လုံး တစ်စည်းတည်း ဗလာသက်သက် ဘာမျှမရှိ ဖြစ်နေသောအခါ တစ်လောကလုံး အပေါ် အညီအမျှ သဘောထားသော မေတ္တာ ကရုဏာ ပေါ်လာပါသည်။
တတိယ ပွားများသင့်သည့် ကိစ္စ တစ်ရပ်မှာ ဂါရ၀တရား၊ နိဝါတ တရား ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကို ပလွှားခြင်း မပြုဘဲ နှိမ့်ချသည့်စိတ် ဖြစ်ပါသည်။
တရားသိ၍ တရားရှိသူသည် အနေအထိုင် ရိုးသား၍ နှိမ့်နှိမ့်ချချ သက်သက်သာသာ နေပါသည်။ ယောဂီ ပုဂ္ဂိုလ်များသည် တရား ဓမ္မကို ဘယ်လို ဟောပြောရမလဲဟု မေးတတ်ကြပါသည်။ တရားကို ဝေငှရန် အတွက် အကောင်းဆုံး၊ အရေးအကြီးဆုံး အရည်အချင်း တစ်ရပ်မှာ တရား နာတတ်အောင် လုပ်ဖို့ပင် ဖြစ်ပါသည်။ ငြိမ်သက် တိတ်ဆိတ်သောစိတ် ရှိသောအခါ ကျွန်ုပ်တို့သည် သတိကို ထူထောင်လိုက် သည်နှင့် တစ်ပြိုင်နက် မိမိနှင့် သူတစ်ပါး အကြားမှာ ဆက်သွယ်နိုင်သော အကောင်းဆုံး ဆက်သွယ်နည်းသည် ပေါ်ပေါက် လာပါသည်။ ဖွင့်ထားသော စိတ်ဖြင့် သူတစ်ပါးကို လက်ခံနိုင်အောင် ကြိုးစားပါ။ ထိုသို့ အသင့် ခံယူနိုင်သော သတ္တိနှင့် ငါ သူတစ်ပါး စသော အတ္တစွဲ ကင်းရှင်းသွားသော အခါ နားလည် သိမြင်မှုနှင့် တရားဓမ္မကို မျှဝေ ခံစားမှုနယ်လည်း အလွန် ကျယ်ပြန့်လာပါ လိမ့်မည်။
ဝိပဿနာ၏ ရိုးရိုး အဓိပ္ပါယ်မှာ အဖြစ်အပျက် များကို ရှင်းရှင်းလင်းလင်း မြင်အောင် ရှုခြင်းပင် ဖြစ်ပါသည်။ မိမိ ရုပ်နာမ်ကတော့ အခြေခံပေါ့။ သို့သော် မိမိ ရုပ်နာမ်ကိုသာ မက အရာရာ အစစ အားလုံးကို ရှင်းလင်း ပြတ်သားစွာ ရှုပွားခြင်းသည် ၀ိပဿနာ ဖြစ်ပါသည်။ မဂ်လမ်း ဆိုသည်ကတော့ လောဘမရှိ၊ ဒေါသမရှိ၊ မောဟမရှိဘဲ သတိတရား မြဲမြံ လက်ကိုင်ထားပြီး အရာရာကို အသင့်အတင့် နှလုံးသွင်းပြီး မတုန်မလှုပ်သော ဥပေက္ခာ မေတ္တာစိတ်ဖြင့် နေသွားတတ်ဖို့သာ ဖြစ်ပါသည်။
တစ်လတိတိ ရိပ်သာမှာ အားထုတ်ခဲ့တာ၊ ဒါမှမဟုတ် တစ်သက် အားထုတ်ထားတာ တွေဟာ သစ္စာတရားကို သိမြင်ခြင်းရဲ့ အစကနဦး အလုပ်သာ ဖြစ်ပါသေးသည် ဆိုသည်ကို သိစေလိုပါသည်။
>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။
လေးစားစွာဖြင့်
ဖိုးသား
8/25/2009, TUE:, 4:21:09 PM
မောင့်အနာလော့ဂ်ကျမ်း

++++++++++++++++++++++++++++++++++++++++++++++

0 comments