အိန္ဒိယနိုင်ငံ, နယူးဒေလီမြို့ ဆင်ခြေဖုံး ရပ်ကွက်ရှိ တီဟာ အကျဉ်းထောင်သည် လူမဆန် အကြင်နာ ကင်းမဲ့သည့် အရာမှာ ထိပ်တန်းက ပြေးလျက်ရှိ၏။ ပြဿနာပေါင်း ကလည်း သောင်းခြောက်ထောင်။ ထို့ကြောင့် နာမည် ကျော်ကြားလှ၏။ ``လောကငရဲ´´ဟူသတတ်။
ထိုကဲ့သို့သော အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား တစ်ယောက်က ပြောလိုက်သည့် စကား တစ်ခွန်းမှာ ကိုယ့်နားကိုပင် မယုံကြည်စရာ ဖြစ်လောက်ပါပေ၏။
``ကျွန်တော် အကျဉ်းထောင် ထဲမှာ ဘာဝနာ ရှုမှတ်နေပါတယ်´´တဲ့။
လောကကြီးသည် အံ့သြစရာ ကောင်းလှ၏။ တခါတရံ ``လုံးဝ မဖြစ်နိုင်´´ ဟု ထင်သည့်အရာ များက ကိုယ့်ရှေ့မှာပင် ထင်ထင်ရှားရှား ဖြစ်နေ၏။ ၁၉၉၃-ခုနှစ်၌ ဆရာကြီး ဂိုအင်ဂါသည် ထို တီဟာ ထောင်အတွင်းမှာ ၁၀-ရက် တရားစခန်းပွဲ ကျင်းပခဲ့၏။ ထောင် အုပ်ချုပ်ရေးမှူး အမျိုးသမီး ရဲအရာ ရှိကြီး ဘေဒီ၏ တိုက်တွန်း တောင်းပန်ချက်ကြောင့် ဆရာကြီး ဂိုအင်ဂါက ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
´´ဘာဝနာဆိုတာ မျက်စိမှိတ်ပြီး ရှာဖွေရေး ခရီးထွက်တာပါ´´
´´ဘာဝနာရဲ့ လက်ငင်း အကျိုးကတော့ ကောင်းမွန်တဲ့ ဘ၀တစ်ခုမှာ နေထိုင် သွားနိုင်ခြင်းပဲ ဖြစ်ပါတယ်´´
အကျဉ်းထောင် အတွင်းမှာ ကျင်းပသည့် ဆရာကြီး ဂိုအင်ဂါ၏ တရားစခန်းမှ ထွက်ပေါ်လာသည့် အသံများ ဖြစ်ပါသည်။ (ဤအကြောင်းအရာ အားလုံးကို VCDဖြင့် မှတ်တမ်း တင်ထားပါသည်။ စိတ်ဝင်စားသူ များ လေ့လာ ကြည့်ရှုနိုင်ပါသည်။ မိမိသည် ဤVCDကို ကြည့်လိုက်သည့်အခါ စိတ်ထဲမှာ အံ့သြခြင်း ကြည်နူးခြင်း တို့ဖြစ်ရပါသည်။)
တရားစခန်း ပြီးသောအခါ ဘာသာပေါင်းစုံ ကိုးကွယ်နေသည့် အကျဉ်းသားများ၏ စိတ်ဓာတ် သည် ပြောင်းလဲသွားကြ၏။ ယခင်ကလို မရိုင်းစိုင်းတော့။ ထို့ကြောင့် ထောင်အရာရှိများနှင့် ဆက်ဆံ သည့်အခါ ပိုပြီး အဆင်ပြေသည်ကို တွေ့ရ၏။ အကျဉ်းသား အချို့သည် ထောင်မှ လွတ်မြောက်သွား သည့်အခါ လူကြီးလူကောင်း ဆန်ဆန် နေထိုင် သွားကြလေ၏။ ဤကား ဘာဝနာ၏ စွမ်းအင်ပင်တည်း။
ဘာဝနာသည် အကျဉ်းသားများ ကိုတောင် နူးညံ့သိမ်မွေ့အောင် လုပ်နိုင်သည်ဆိုလျှင် အရပ်ထဲမှာ ရှိသည့် လူတို့အတွက်မှာ မူကား အဘယ်ဆိုဘွယ်ရာ ရှိပါအံ့နည်း။
လူကြီးလူငယ်မဟူ လူမှုရေး, စီးပွားရေး စသည့် အလုပ်များကို လုပ်ကိုင် ဆောင်ရွက်သည့်အခါ အလိုမကျမှု၊ ဂနာမငြိမ်မှု၊ အပြောင်းအလွဲ မြန်မှု၊ အားငယ်မှု၊ စိတ်ညစ်မှု၊ မထိန်းချုပ်နိုင်မှု၊ ပတ်ဝန်း ကျင်တစ်ခုလုံးကို အဆိုးမြင်နေမှု၊ သည်းမခံနိုင်မှု စသည့် အကျင့်ဆိုး, စရိုက်ဆိုးများ တခါတရံ ဖြစ်ပေါ် လာတတ်ပါသည်။
ယင်းအကျင့်ဆိုးများ ရှိနေသမျှ ကာလပတ်လုံး ဘ၀မှာ ငြိမ်းချမ်းမှု, သာယာမှုတို့ မဖြစ်နိုင် တော့ပေ။ ထို့ကြောင့် ယင်းအကျင့် ဆိုးများကို ဖယ်ရှားပစ်ရ ပေမည်။ ဘာဖြင့် ဖယ်ရှားမည်နည်း။ ``နည်းလမ်း´´ လိုနေ၏။ ယင်းနည်းမှာ အခြားမဟုတ်၊ ဘုရားမြတ်စွာ၏ ``ဘာဝနာ´´ တည်း ဟူသော နည်းပင် ဖြစ်ပေသည်။ (သတ္တာနံ ၀ိသုဒ္ဓိယာ)
ဤနေရာ၌ ဘာဝနာဟု ဆိုသော်ငြားလည်း ယခုဘ၀မှာပင် သံသရာ ဤဘက်ကမ်းမှ ပြည်နိဗ္ဗာန် ဟိုဘက်ကမ်းကို ချက်ချင်း ရောက်နိုင်မည့် ဘာဝနာကို မဆိုလိုသေးပါ။ (ယင်းဘာဝနာ ကိုတော့ ထိုထို ကမ္မဋ္ဌာန်း ဆရာများထံ၌ နည်းခံကြပါတော့)။ လူတို့ နေ့စဉ်ဘ၀မှာ အလွယ်တကူ ကျင့်သုံးနိုင်သော ဘာဝနာကို ဆိုလိုပါသည်။ (အိမ်တွင်း ဘာဝနာဟု ပြောနိုင်ပါသည်။) ယင်းဘာဝနာဆိုတာ ဘာလဲ။ ဘယ်လဲ။
သမထဘာဝနာ (သမထကမ္မဋ္ဌာန်း) ကို ဘယ်လို အားထုတ်ရမလဲ
စိတ်ကို ဖြူစင်အောင်, မြင့်မြတ်အောင် အဆင့်ဆင့် မြှင့်တင်ပေးသည့် ကျင့်စဉ်ကို ``ဘာဝနာ´´ ဟုခေါ်၏။ (ဘာဝနာနှင့် ကမ္မဋ္ဌာန်း အတူတူပင်)။ ယင်းဘာဝနာသည် သမထ ဘာဝနာနှင့် ၀ိပဿနာ ဘာဝနာ ဆိုပြီး ၂-မျိုးရှိပါသည်။ သမထ ဘာဝနာ ဆိုသည်ကား ၀င်လေထွက်လေ (အာနာပါန) စသည့် အာရုံတစ်ခုခုကို စိတ်တည်ငြိမ်မှု ``သမာဓိ´´ ရရှိအောင် တစိုက်မတ်မတ် ရှုတ်မှတ်ခြင်း ပင်တည်း။
မည့်သည့် အာရုံကိုပဲ ရှုရှု (ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်ကိုပဲ အာရုံပြုပြု၊ မေတ္တာ - လူနတ် တိရစ္ဆာန်များအား မေတ္တာကိုပဲ ပို့ပို့) တည်ငြိမ်မှု သမာဓိရဖို့သာ အဓိကဖြစ်၏။ ယင်းသို့ တည်ငြိမ်နေလျှင် အကုသိုလ် တရားဆိုးများ ဖြစ်ခွင့်မရှိတော့။ ယင်းသို့ဖြစ်ခွင့် မရှိလျှင် စိတ်သည် ငြိမ်းအေးနေ၏။ ထိုသို့ ငြိမ်းအေး စေတတ်သော နည်းကိုပင် ``သမထ´´ဟု ခေါ်ရပေသည်။
``ဦးဇင်းဘုရား၊ တပည့်တော် ဘာဝနာကို ဘယ်လို ရှုမှတ်ရသလဲ ဆိုတာကို သိချင်တာနဲ့ တရား စာအုပ်တွေကို ဖတ်တယ်၊ ဆရာတော်ပေါင်း မြောက်မြားစွာရဲ့ တရားတော် တွေကို နာတယ်၊ ဒါပေမဲ့ ယောင်ဝါးဝါး ဖြစ်နေတယ်၊ အတိအကျ ကောက်ချက်ချလို့ မရဘူး ဖြစ်နေတယ်၊ ဟို ဆရာတော်က တစ်မျိုးရေးလိုက် ဒီဆရာတော်က တစ်မျိုး ဟောလိုက်နဲ့ ဆိုတော့ အယူအဆတွေက အမျိုးမျိုး ဖြစ်နေတယ်ဘုရား၊ ဒီတော့ ဘာဝနာကို ဘယ်လို ရှုမှတ်ရမလဲ ဆိုတာကို ရှင်းရှင်း လင်းလင်း မသိဘူး ဖြစ်နေတယ်ဘုရား´´ဟု တက္ကသိုလ် ကျောင်းသား တစ်ယောက်က သူ၏ ခံစားချက်ကို မိမိအား လျှောက်ထားလေ၏။
သူပြောသည့် စကားမှာ သဘာဝကျလှ၏။ လူမမည် ကလေးတစ်ယောက် အဖို့ အလွန်ကြီးကျယ် ခန်းနားသော ဈေးကြီးထဲသို့ ရောက်သွားသောအခါ ဘယ်နားရောက်လို့ ရောက်မှန်းမသိ၊ ကိုယ် လိုချင်သည့် ပစ္စည်း ဘယ်နားမှာ ရှိလို့ရှိမှန်းမသိ ဖြစ်သကဲ့သို့ တရားကို စိတ်ဝင်စားကာစ လူငယ် လူရွယ်တစ်ယောက် အဖို့ ပိဋကတ်စာပေ ကျမ်းဂန်ကြီးများ၊ သုတ္တန် တရားတော်များကို လေ့လာ ဖတ်ရှု နာယူသောအခါ ကမ္မဋ္ဌာန်း, ဘာဝနာ, သမထ, ၀ိပဿနာ, သတိပဋ္ဌာန် ဆိုသည့် စကားလုံးများ၏ အဓိပ္ပါယ်ကို ဘယ်လိုမှတ်လို့ မှတ်ရမှန်းမသိ၊ တရားကို ဘယ်လို အားထုတ်လို့ အားထုတ်ရမှန်း မသိ ဖြစ်ကုန်တော့ သည်။
ထို့ကြောင့် လယ်တီ ဆရာတော်စသော ထင်ရှား ကျော်ကြားသည့် ဆရာတော်ကြီး များ၏ တရား ရှုမှတ်ပုံ နည်းများကို အခြေခံကာ လူငယ် လူရွယ်များအား ရည်ရွယ်၍ နေ့စဉ်ဘ၀မှာ ကျင့်သုံးနိုင်သော ဘာဝနာ ရှုမှတ်ပုံကို တင်ပြလိုက်ပါသည်။
ဘာဝနာကို ပွားများအားထုတ်သော (သို့မဟုတ်) ကမ္မဋ္ဌာန်း စီးဖြန်းသော သူသည် ထိုင်ခြင်း၊ သွားခြင်း၊ ရပ်ခြင်း၊ လျောင်းအိပ်ခြင်းတည်း ဟူသော ဣရိယာပုထ် (မျှတအောင် နေနည်း) ၄-မျိုး တို့တွင် မိမိတို့ ကြိုက်နှစ်သက်သလို ရှုမှတ်နိုင် ပါသည်။ သို့သော် တရားစခန်း ပွဲ၌ကား စုပေါင်း၍ အားထုတ်သည့် အတွက် ထိုင်၍ အားထုတ်ခြင်း သည်သာ အကောင်းဆုံး ဖြစ်ပါသည်။
သမထကို အားထုတ်သော သူသည် ရှေးဦးစွာ ခါးကို ဖြောင့်ဖြောင့်ထားပြီး ထိုင်ပါ။ (အိပ်ရာပေါ် ၌ လှဲလျောင်း၍လည်း ရှုမှတ်နိုင်၏။) ထို့နောက်မှ -
• မိမိ၏စိတ်ကို နှာသီးဖျားဖြစ်စေ၊ နှုတ်ခမ်းဖျား၌ ဖြစ်စေ ခိုင်မြဲစွာ ကပ်ထားပြီး ၀င်လေ ထွက်လေကို အာရုံပြုပါ။
• ၀င်လေ ထွက်လေကို မှန်မှန်ရှူပါ။ ၀င်လာပြီ ထွက်သွားပြီဟု နှုတ်က ဆိုစရာမလိုပါ။
• အခြား မည်သည့် အာရုံအပေါ်မှာပဲ ဖြစ်ဖြစ် စိတ်မရောက်စေဘဲ ၀င်တိုင်း ထွက်တိုင်း သိအောင် ရှုမှတ်ပါ။
• နှာသီးဖျား (သို့) နှုတ်ခမ်းဖျား၌ ၀င်လေ ထွက်လေ ထိထိနေတာကို သိသိနေပါ။
• ညောင်းလည်းမပြင် ယားလည်း မကုတ်ဘဲ နာရီဝက်၊ တစ်နာရီ စသည်ဖြင့် မိမိသတ်မှတ် ထားသည့် အချိန်ကာလထိ ရှုမှတ်ပါ။
အချိန်ကြာကြာ ရှုမှတ်သည့်အခါ စတင် အားထုတ်ခါစထက် စိတ် တည်ငြိမ်မှု ပို၍ပို၍ ရှိလာ၏။ စိတ်ကလည်း ပို၍ ထက်သန်လာ လေ၏။ ထိုကဲ့သို့ အရှိန်ရလာလျှင် -
• မိမိ၏စိတ်ကို သတိကပ်ပြီး ၀င်လေ ထွက်လေကို တစ်ကြိမ်မျှ မလွတ်စေရအောင် ဂရုတစိုက် ရှုမှတ်ပါ။
ယင်းသို့ အားထုတ်ပါက ၀င်လေ ထွက်လေသည် သိမ်မွေ့သည်ထက် သိမ်မွေ့ လာပါလိမ့်မည်။ အသက်ရှူလို့ ရှူမှန်း မသိလောက် အောင်ကို ဖြစ်တတ်ပါသည်။ ထိုသမာဓိမျိုး ရရှိပါက အလွန် ငြိမ်းချမ်းသော ခံစားမှုမျိုးကို ရနိုင်ပါသည်။
၁၀-ရက် တရားစခန်း ၀င်သည့် ဘာသာခြား တစ်ယောက်က ``နှာသီးဝမှာ စိတ်ကလေး ငြိမ်နေ ဘို့ဆိုတာဟာ အပြော လွယ်သလောက် အလုပ် ခက်ပါတယ်၊ အတွေးတွေဟာ ရောက်ရောက် လာတယ်၊ အမှတ်ရတာတွေ, မျှော်လင့်တာတွေ ၀င်လာပါတယ်၊ ၃-ရက်လောက် ကြာမှ သတိမြဲလာ တယ်၊ အတွေးတွေဟာ တိမ်တွေလိုပဲ လွင့်သွားပါတယ်၊ သိမ်မွေ့ နူးညံ့တဲ့ ၀င်လေ ထွက်လေကို သိလာပါတယ်´´ဟု သူ့အတွေ့ အကြုံကို ပြောပြလေ၏။
တချို့ ဇွဲကောင်းသော သူများကား ၃-နာရီ၊ ၄-နာရီထိ မရပ်မနား ရှုမှတ်ကြပါသည်။ အချိန် ကာလမှာ မိမိတို့ သတ်မှတ်သည့် အပေါ်မှာ မူတည်ပါသည်။ တချို့ ကမ္မဋ္ဌာန်း ဆရာများက ၅-ရက်, ၇-ရက်, ၁၀-ရက် တရားစခန်းများ၌ သင့်လျော်သလို ၃-ရက် ၄-ရက် လောက်ထိ သမထ သက်သက် ကိုသာ အားထုတ် ခိုင်းပါသည်။ သမာဓိ အားကောင်းဖို့ အတွက်ပင်တည်း။ သဘာဝ ကျလှ၏။ မိမိတို့ ကြိုက်နှစ်သက် သလို ပြုလုပ်နိုင် ပါသည်။ ပါရမီ နုသောသူများကား သမာဓိ အားကောင်းဖို့ အတွက် သမထကို အချိန်ကြာကြာ အားထုတ် သင့်ပေသည်။ ဘာ့ကြောင့်နည်း။ သမာဓိ အားကောင်းမှ သာလျှင် ၀ိပဿနာ ရှုမှတ်သည့်အခါ ပို၍ လွယ်ကူမည် ဖြစ်သောကြောင့်တည်း။
မည်သို့ဖြစ်စေ၊ သမထ ရှုမှတ်သည့် အတွက် မကောင်းသည့် စိတ်များ ဖြစ်ချင်သလို ဖြစ်ခွင့် မရှိသည်ကတော့ သေချာလှ၏။ အဆက်မပြတ် ရှုမှတ်နေသည့် အတွက် အကုသိုလ် စိတ်များ သောင်းကြမ်းချင် သလောက် သောင်းကြမ်းခွင့် မရတော့ရကား စိတ်အေးငြိမ်းမှု ရရှိနိုင်သည်မှာ ပြောဘွယ် မလိုတော့ပေ။
ဒကာ တစ်ယောက်က ဘာဝနာ ရှုမှတ်လိုက်သည့် အတွက် ရရှိသည့်အကျိုးတရားကို ဤသို့ ပြောပြ၏။ ``ချမ်းသာသုခ ဆိုတာ မိမိကိုယ်ထဲမှာ ရှိတယ်ဆိုတာကို သိလာပါတယ်´´ဟူ၏။
(ဤနေရာ၌ သမထ ကမ္မဋ္ဌာန်း နည်းပေါင်း ၄၀-ထဲမှ အသုံးများသော ``အာနာပါန´´ဟု ခေါ်တွင်သော ၀င်လေ ထွက်လေ ကိုသာ တင်ပြထား၏။ ဘုရားအဆူဆူတို့ သည်လည်း ဤအာနာပါနဖြင့် ဈာန်ရအောင် အားထုတ်ပြီးမှ မဂ်ဖိုလ်ရအောင် အားထုတ်ကြ ပါသည်။)
ဝိပဿနာ ဘာဝနာ (၀ိပဿနာ ကမ္မဋ္ဌာန်း) ကို ဘယ်လို အားထုတ်ရမလဲ
´´၀ိပဿနာဆိုတာ အရှိကို အရှိအတိုင်း, အမှန်ကို အမှန်အတိုင်း တွေ့မြင် သိရှိစေနိုင်တဲ့ ဉာဏ်မျက်စိပဲ ဖြစ်ပါတယ်´´။ (ဆရာကြီးဂိုအင်ဂါ)
``ကျွန်တော် လူတွေကို မယုံကြည်ဘူး၊ လူတွေက ကျွန်တော်ကို ကောင်းကောင်း မဆက် ဆံဘူး၊ ဒီတော့ လူတွေကို မုန်းတယ်၊ ကျွန်တော့်ဆီမှာ ဗုံးတစ်လုံးသာ ရှိမယ်ဆိုရင် သူတို့ထဲမှာ ပစ်ထည့်လိုက် ချင်တယ်၊ ကျွန်တော် တရားမထိုင်ခင်က ဖြစ်တဲ့စိတ်ပါ၊ အခု ကျွန်တော် တရားရှုမှတ် လိုက်တော့ အဲဒီစိတ်တွေ လျော့သွားတယ်၊ ဘာဝနာဟာ အဒီလိုလောက် မုန်းတီးခြင်း မလိုတမာ ဖြစ်ခြင်းစတဲ့ စိတ်တွေကနေ ဝေးရာကို တဖြေးဖြေးနဲ့ ခေါ်ခေါ်သွား ပါတယ်၊ ဒါကြောင့် တရား အားထုတ်မှုဟာ ဘ၀ရဲ့ နေနည်းတစ်ခုပါ´´ တဲ့။ (တပည့် ယောဂီ)
သမထကို ရှုမှတ် ပွားများသော သူသည် သမာဓိ (စိတ်တည်ငြိမ်မှု) ရရှိလာ၏။ ထိုအခါ ၀ိပဿနာကို ပြောင်း၍ ရှုမှတ် ရတော့မည်။ မည်မျှလောက် သမာဓိ (တည်ငြိမ်မှု) ရှိရမည်ဟု သတ်မှတ်ချက် မရှိ။ မိမိ ကြိုက်နှစ်သက်သည့် အတိုင်းပင်တည်း။
သမထ ဆိုသည်ကား စိတ်တည်ငြိမ်မှု ရအောင် အာရုံ တစ်ခုခုအပေါ်မှာ စိုက်ပြီး ရှုမှတ်ရ ပါသည်။ ၀ိပဿနာ ဆိုသည်ကား ရုပ်နှင့် နာမ်(စိတ်)တို့၏ ဖြစ်ပေါ်ပြီး ပျက်, ပျက်သွားသည့် သဘောကို ရှုမှတ် ရပေသည်။ (ရုပ်ဆိုသည်ကား မသိတတ်သည့် သဘောတည်း။ မြေရေ လေမီး၊ ကိုယ်၊ ၀င်လေ ထွက်လေစသည့် အရာဝတ္တုများ။ နာမ်ဆိုသည်ကား- သိတတ်သော သဘောတည်း။ စိတ်နှင့် ဝေဒနာ လောဘ ဒေါသ သဒ္ဓါ ပညာစသည့် တရားများ။)
နောက်တစ်မျိုး မှတ်ရန်ကား သမထဆိုသည်မှာ တစ်နေရာတည်းမှာ စိုက်ပြီး ရှုမှတ်ရ၏။ ၀ိပဿနာ ဆိုသည်မှာ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ကျက်ပြီး ရှုမှတ်ရ၏။
အလွန် အလေးဂရု ပြုထိုက်သော ဆရာတော် ကြီးများ၏ ၀ိပဿနာရှုနည်းကို လေ့လာကြည့် သည့်အခါ မိမိအကြိုက် ၂-နည်း တွေ့ရပါသည်။ အခြားသော နည်းများလည်း ရှိသေး၏။ ထိုထို ကျမ်းဂန်များ၌ ကြည့်ကြပါတော့။ ယင်း ၂-နည်းမှာ - - -
၁။ ``မြင်ရင် မြင်တယ်၊ ကြားရင် ကြားတယ်´´ဟု စသည်အားဖြင့် ပေါ်လာသမျှ အာရုံကို ရှုမှတ်ခြင်း၊
၂။ ငယ်ထိပ်မှ စတင်ကာ တဖြေးဖြေးနဲ့ တစ်ကိုယ်လုံးကို ဖြန့်ကျက် ရှုမှတ်ခြင်းတို့ ဖြစ်ပါသည်။
အမှတ် (၁) နည်းအရ ၀ိပဿနာကို အားထုတ်သော သူသည် -
• မိမိ၏စိတ်ကို သတိကပ်ပြီး ၀င်လေ ထွက်လေ အာရုံပြုပါ၊ အာရုံပေါ်မှာ စိတ်တည်ငြိမ်မှု ရှိအောင် ကြိုးစားပြီး အားထုတ်ပါ။
• စိတ်တည်ငြိမ်မှု သမာဓိ ရလာသောအခါ ခန္ဓာကိုယ် ပေါ်မှာ စိတ်ကို ဖြန့်ကျက်ပြီး ထင်ရှားသည့် အာရုံကို မမြဲသည့် သဘောဖြင့် တင်ပြီး ရှုမှတ်ပါ။ ဝေဒနာ ထင်ရှားလျှင် ဝေဒနာကို ရှုပါ၊ ဒေါသ ထင်ရှားလျှင် ဒေါသကို ရှုပါ။ ထင်ရှားသည့် အာရုံ တစ်ခုခုကို ရှုမှတ်ပါ။
• နာကျင်မှုစသော ဝေဒနာများ (နာမ်) ပေါ်လာလျှင် ``နာလျှင် နာတယ်၊ ကျင်လျှင် ကျင်တယ်´´ ဟု သတိဖြင့် စိုက်ပြီး ရှုမှတ်ပါ။
• စိတ်က ဟိုဟိုဒီဒီ ကြံစည်တွေးတောမိ လျှင်လည်း ထိုစိတ် (နာမ်တရား) ကို စိုက်၍ ရှုမှတ်ရမည်။ စိတ်ကူးလျှင် ``စိတ်ကူးတယ်´´၊ ကြံလျှင် ``ကြံတယ်´´ဟု ရှုမှတ်ပါ။
• ထိုသို့ ရှုမှတ်နေစဉ် အသံ (ရုပ်တရား) ကြားလျှင် ``ကြားတယ်၊ ကြားတယ်´´ဟု သတိဖြင့် မှတ်ပါ။ သမာဓိ အားကောင်းကောင်းနှင့် မှတ်လျှင် ကြားရသည့် အသံ မမြဲဆို သည်ကို သိလာပါလိမ့်မည်။
• အသံနောက်ကို စိတ်က မလိုက်မိအောင် သတိထားပါ။ ကြားကာမျှပဲ ရှုမှတ်ပါ။
• သွားတဲ့ အခါမှာလည်း ``သွားတယ်´´၊ ရပ်တဲ့ အခါမှာလည်း ``ရပ်တယ်´´၊ ထိုင်တဲ့ အခါမှာလည်း ``ထိုင်တယ်´´ဟု မိမိလှုပ်ရှားတိုင်း ရှုမှတ်ပါ။ စားရင်း သောက်ရင်းနှင့် လည်း ``စားတယ်၊ သောက်တယ်´´ဟု ရှုမှတ်နိုင်ပါသည်။
အလုပ်ပေး တရားခွေတစ်ခု၌ တရားပြ ဆရာတော်ကြီးက ယောဂီ (တရား အားထုတ်သူ) များအား ဤကဲ့သို့ လမ်းညွှန်ထား၏။
``လိုရင်းအနှစ်ချုပ်မှာ ကိုယ်အမူအရာ (ရုပ်တရား) ဖြစ်တိုင်း, စိတ်ခံစားမှု ဖြစ်တိုင်း ထင်ရှားသည့် အာရုံတစ်ခုခုကို သတိဖြင့် ရှုမှတ်နေဖို့ပါပဲ၊ သမာဓိ အားကောင်းကောင်းနဲ့ ရှုမှတ်လျှင် ဖြစ်ပေါ်ပြီး ပျောက် ပျောက်သွားသည့် ရုပ်, စိတ်တို့ကို အလိုလို သိမြင်လာပါတယ်၊ ရုပ်တရားဟာ ရေမြှုပ်, ရေပွက်များလို ပျောက်ပျက် သွားတာကို စိတ်ထဲမှာ ထင်မြင်လာပါတယ်၊ ဖြစ်ပေါ်ပြီး ပျောက် ပျက်နေသည့် သဘောကို မမြင်လျှင်လည်း ဆက်အားထုတ်ပါ၊ သမာဓိအားနည်းလို့ မမြင်တာပါ၊ သမာဓိအား ကောင်းလာလျှင် မြင်လာပါလိမ့်မည်´´ ဟူ၍ မိန့်တော်မူ ထားသည်မှာ မှတ်သားဖွယ် ကောင်းလှ၏။
``အမှတ် (၂)နည်းအရ ငယ်ထိပ်မှ စတင်ကာ တဖြေးဖြေးနဲ့ တစ်ကိုယ်လုံးကို ဖြန့်ကျက်ပြီး ရှုမှတ်ပုံ´´ ကိုတော့ ပို၍နားလည်, သဘောပေါက် လွယ်အောင် ဆရာတော်တစ်ပါး၏ ကိုယ်တွေ့ ရှုမှတ်နည်းကို တင်ပြလိုက်ပါ၏။
• ``ရှေးဦးစွာ ၀င်လေ ထွက်လေကို သတိကပ်ပြီး ရှုမှတ်ပါတယ်။ သမာဓိ ရလာတဲ့အခါမှာ နှာသီးဝမှာ တလှုပ်လှုပ် တရွရွ ဖြစ်လာပါတယ်၊ ပုရွက်ဆိတ် လေးများ တက်လာသလို ခံစားရပါတယ်၊ အဲဒီ သဘောလေး ကတော့ အခုမှတ် အခုတွေ့ပါတယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ အားထုတ်နေကျ, ရှုမှတ်နေကျ ဖြစ်လို့ပါ။´´
• ``အဲဒီအချိန်မှာ ရှုမှတ်စိတ်ကို ငယ်ထိပ်ပေါ်ကို တင်လိုက်ပါတယ်၊ ငယ်ထိပ်ပေါ်မှာ ပူမှု အေးမှု လေးတွေ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတယ်၊ ရံဖန်ရံခါမှာ တလှုပ်လှုပ် တရွရွနဲ့ ယားယံမှု လေးတွေ ဖြစ်လာပါတယ်။ တခါတရံ မှာလည်း တင်းတင်း ကျပ်ကျပ် ခံစား ရပါတယ်´´။
• ``စိတ်စိုက်ပြီး မမြဲတဲ့သဘောကို ရှုမှတ်လိုက်တဲ့ အခါမှာ ငယ်ထိပ် တ၀ိုက်မှာ ဖြစ်ပေါ် လာပြီး ပျောက်ပျက်သွားတဲ့ ရုပ်မှုန်လေး တွေကို ထင်ထင်ရှားရှား မြင်လာပါတယ်၊ ရေပြင်ကို တုတ်နှင့် ရိုက်ပုတ်လာသည့် အခါ ရေများ ဖြာထွက်သကဲ့သို့ ရုပ်ကလာပ်, ရုပ်မှုန်လေးများ အလွှာလိုက် အလွှာလိုက် ပျက်စီးသွားတာကို မျက်လုံးဖြင့် မြင်ရသလို ထင်ထင်ရှားရှား မြင်တွေ့ရ ပါတယ်။´´
• ``အဲဒီကနေတဆင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ ဘယ်မှာပဲ ကြည့်လိုက်လိုက်၊ လက်ကိုပဲ ကြည့်ကြည့်၊ ခြေထောက်ကိုပဲ ကြည့်ကြည့် ရုပ်ကလာပ်, ရုပ်မှုန်လေးများ တဖွားဖွားနဲ့ ဖြစ်ပေါ်ပြီး ပျောက်ပျက် သွားတာကို စိတ်ထဲမှာ မြင်တွေ့ရ ပါတယ်း။´´
• ``ပြီးတော့ စိတ်ကို စိုက်ကြည့်လိုက် ရင်လည်း ရှေးစိတ်က ပျောက်ပျောက် သွားလိုက်၊ နောက်စိတ်က ပေါ်ပေါ်လာလိုက်၊ အဲဒီပေါ်တဲ့စိတ်က ပျောက်သွားရင်လည်း နောက် နောက်စိတ်က ပေါ်လာပြန်ရော၊ အဲဒီလိုနဲ့ စိတ်အစဉ်အတန်းကြီးဟာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာကို တွေ့ရပါတယ်၊ ဒါဟာ အနိစ္စ လက္ခဏာကို လက်တွေ့ မြင့်တွေ့ ခြင်းပဲ ဖြစ်ပါတယ်´´။
ဤကား လက်တွေ့ အားထုတ်နေသည့် ဆရာတော်က မိမိကို ပြောပြခြင်း ဖြစ်ပါသည်။ ထို ဆရာတော်သည် အခု သြစတေးလျ နိုင်ငံ၌ သာသနာ ပြုလျက်ရှိ၏။ မိမိသည် တရားစခန်းပွဲ ၂-ကြိမ် ၀င်ဖူးပါသည်။ အမှန်အတိုင်း ၀န်ခံရလျှင် ထိုဆရာတော် ကဲ့သို့ အနိစ္စ လက္ခဏာကို ကောင်းကောင်း မမြင်ခဲ့ရပါ၊ ယင်းသို့မမြင်ခြင်းမှာ သမာဓိအား နည်းသောကြောင့်တည်း။
တရား ရှုမှတ်ရသည်မှာ မလွယ်ကူလှ။ မိမိစိတ်ကို ၀င်လေ ထွက်လေအပေါ်မှာ တင်လိုက် လျှင်ပင် အတွေးများက တသီတတန်းကြီး အလျှိုအလျှို ပေါ်ထွက်လာပါ တော့သည်။ စိတ် တည်ငြိမ်မှု ရဖို့ကိုပင် မနည်း ကြိုးစားရပေသည်။ ထိုသို့ ကြိုးစားခြင်းဖြင့် စိတ်၏ တည်ငြိမ်မှုကို ရရှိနိုင်ပါသည်။
ဝိပဿနာ ရှုမှတ်သော သူသည် ရုပ်, စိတ်တို့၏ ဖြစ်ပေါ်ပြီး ပျောက်ပျောက် သွားသည့် သဘော ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း စိတ်တည်ငြိမ်မှု ကတော့ ထိုက်သလောက် ဖြစ်နေပါ၏။ ထို့ကြောင့် အလိုမကျမှု, ကြောင့်ကြမှု စသော အပေါ်ယံ စိတ် အညစ်အကြေးများ ၀င်ရောက်ခွင့် မရှိ တော့ပါ။ ဤကား လက်ငင်း ရနိုင်သော အကျိုးတရားတည်း။ (သတိပဋ္ဌာန် ဆိုသည်မှာလည်း ၀ိပဿနာ ပင်တည်း၊ အတူတူပင်။)
ဘာ့ကြောင့် ဘာဝနာကို ပွားများရသလဲ
ရုပ်ခန္ဓာကိုယ် ကြီးသည် အစားအစာတည်း ဟူသော အာဟာရ လိုအပ်သကဲ့သို့ စိတ်သည်လည်း အာဟာရ လိုအပ်ပေသည်။ စိတ်ထဲ၌ ပူပန်မှု ကြောင့်ကြမှု အလိုမကျမှု မနာလိုမှု ၀န်တိုမှု အလို ရမက်ကြီးမှု မသိ နားမလည်မှု စသည်တို့ လွန်လွန်ကဲကဲ ဖြစ်နေလျှင် စိတ်သည် ပင်ပန်း ဆင်းရဲနေ၏။ ယင်းပင်ပန်း ဆင်းရဲမှုကို ``စိတ်၏ဖိစီးမှု´´ဟုပြောကြ၏။``စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ ကိုယ်ကြေ´´ ဆိုသည့်အတိုင်း ယင်းသို့ စိတ်ဖိစီးမှု များနေလျှင် နေလို့ထိုင်လို့ မကောင်းတော့။ အခန့်မသင့်လျှင် ရောဂါများပင် ၀င်ရောက်နိုင်၏။ တချို့ ဆိုလျှင် စိတ်ဖိစီးမှုများ လွန်ကဲနေသည့် အတွက် လုံးဝ အိပ်လို့မရ။ သမထ (သို့) ၀ိပဿနာ ကိုသာ အားထုတ်လိုက် စမ်းပါ။ လုံးဝ အဆင်ပြေသွား နိုင်ပါသည်။
ထို့ကြောင့် စိတ်ဖိစီးမှုများ ကျဆင်းဖို့အတွက် စိတ်၏ အာဟာရသဖွယ် ဖြစ်သော သမထ (သို့) ၀ိပဿနာ ကိုသာ တတ်စွမ်းသမျှ အားထုတ်သင့်လှ ပေသည်။ ဆေးသိပ္ပံ ပညာရှင်များက စိတ်ဖိစီးမှု ကျဆင်းဖို့ အတွက် ဘာဝနာကို ပွားများ အားထုတ်သင့်ကြောင်း အကြံပြုထား၏။
အထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေက ``သူ့မှာ ရောဂါဖြစ်စဉ် ဒုက္ခ ဝေဒနာ၏ ဒဏ်ကို အလူးအလှိမ့် ခံခဲ့ရကြောင်း၊ အလွန်ပြင်းထန်သော ထိုဒုက္ခ ဝေဒနာကို ဘာဝနာဖြင့် ခုခံခဲ့ရကြောင်း၊ ဘာဝနာသာ ပွားများမှု မရှိလျှင် အခုလို အသက်ရှည်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် လူမှု ဒုက္ခတွေကို ခံနိုင်ရည် ရှိဖို့အတွက် တစ်ရက်လျှင် ၁-နာရီ ၀န်းကျင်လောက် ဘာဝနာကို အားထုတ်သင့်ကြောင်း´´ စသည်ဖြင့် မဟာစည် ဆရာတော်၏ ဟောတရား စာအုပ် နိဒါန်း၌ သူကိုယ်တိုင် ရေးသား တိုက်တွန်း ခဲ့ပါသည်။
သမထ (သို့) ၀ိပဿနာကို ရှုမှတ်စဉ်အတွင်း၌ စိုးရိမ်မှု ကြောင့်ကြမှု ပူပန်မှုတို့ မရှိတော့ရကား စိတ်၏ တည်ငြိမ်မှု, ငြိမ်းအေးမှုကိုလည်း အပြည့်အ၀ ရရှိနိုင်ပါသည်။ ထို့ကြောင့် လောကဓမ်တို့၏ ထိုးနှက်မှုကိုလည်း ခုခံနိုင်စွမ်းရှိပါသည်။
နောက်ပြီး မိမိစိတ်၏ အကြောင်းကိုလည်း ပို၍ သိမြင်လာပါသည်။ ကိုယ့်စိတ် အကြောင်း ကိုယ် သိမှလည်း ပြင်လို့ရမည် ဖြစ်ပါ၏။ တချို့ဆိုလျှင် တရား ရှုမှတ်ပြီးနောက် မိမိ၏ အမှားများကို သိရှိပြီး ကိုယ် ပြစ်မှားမိခဲ့သူ များကို ခွင့်လွှတ်ဖို့ပင် တကူးတက သွား၍ တောင်းပန်ကြ၏။ ဤသည်တို့ကား မျက်မှောက် ဘ၀၌ ဘာဝနာ၏ လက်တွေ့ အသုံးဝင်ပုံတို့ ပင်တည်း။
လူငယ်လေး တစ်ယောက်ကတော့ ပြော၏။ ``တရား ရှုမှတ်လိုက်သည့် အတွက် ကိုယ် ဘာလုပ်ရမယ်, ဘာလုပ်သင့်တယ် ဆိုတဲ့ အဖြေကို ရလာပါတယ်´´ ဟူ၏။
ထို့အပြင် ဘာဝနာ ရှုမှတ်ခြင်းကြောင့် မျက်မှောက် ဘ၀၌ ဈာန်, မဂ်, ဖိုလ်များကို မရရှိတောင် နောက်နောင် ဘ၀များ၌ အလွယ်တကူ ရရှိနိုင်ပါသည်။ ဤကား ဘာဝနာ ရှုမှတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးတရားများ ဖြစ်ပါသည်။
ဘာနှင့်ပစ်ပစ် ပစ်မှတ်မှန်ဖို့က အရေးကြီးပါတယ်
လူငယ်လေး တစ်ယောက်က ``ဘာဝနာကို ၁-နာရီလောက်ပဲ ရှုမှတ်ချင်သည် ဆိုလျှင် သမထနှင့် ၀ိပဿနာကို ဘယ်လို အချိန်ခွဲခြားပြီး ရှုမှတ်ရမည်လဲ´´ဟု မေး၏။
တချို့ကား ၁-နာရီ ဆိုသည့် အချိန်သည် အလွန် တိုတောင်းသည့် အတွက် ``သမာဓိဖြစ်ဖို့ အရေးကြီးတယ်´´ဆိုပြီး ``သမထ´´ သက်သက်ကိုသာ ရှုမှတ်၏။ သမထဆိုပြီး အထင် မသေးသင့်။ အကျိုးကျေးဇူးကား ကုန်နိုင်ဘွယ်မရှိ။ ဘာဝနာအလုပ် မဆိုးထားဘိ၊ နေ့စဉ် ပြုလုပ်နေရသည့် အလုပ် ကိစ္စများ မှာတောင် စိတ်တည်ငြိမ်မှု (သမာဓိ) ရှိဖို့ လိုအပ်၏။ စိတ် မတည်ငြိမ်လျှင် အမှားအမှား အယွင်းယွင်း ဖြစ်ကုန်တော့သည်။ ထို့ကြောင့် သမထသည် အလွန် အရေးကြီးလှ ပါသည်။
ဘုရားမြတ်စွာ၏ အရေးကြီးဆုံး ဖြစ်သည့် ``သီလ သမာဓိ ပညာ´´ ဟူသော ကျင့်စဉ် သုံးမျိုးတွင် သမာဓိ (သမထ) ကျင့်စဉ်သည် ဒုတိယ ကျင့်စဉ် ဖြစ်သောကြောင့် သမထကို အချိန် ရသလောက် အားထုတ်သင့်၏။ သမထ အရေးကြီးပုံကို ဆရာတော်ကြီး တစ်ပါးက အောက်ပါအတိုင်း အင်္ဂလိပ် ဘာသာဖြင့် ရေးတော်မူထား၏။
Sometimes, when we find it difficult to concentrate the mind by means of vipassana meditation, we have to use samatha for some time so that we can concentrate our mind well on the object of meditation. Having attained deep concentration of the mind, we return to vipassana and observe whatever arises in body and mind as it really occurs.
``တခါတရံ ၀ိပဿနာကို ရှုမှတ်သည့်အခါ ဘယ်လိုမှ ရှုမှတ်လို့ မရ၊ ထိုအခါ သမထကို ရှုမှတ်ရ၏၊ သမထကို ရှုလိုက်တော့မှ စိတ်သည် သမာဓိ ရလာပြီး တည်ငြိမ်လာ၏၊ စိတ်တည်ငြိမ်မှ ၀ိပဿနာကို ပြန်လည် ရှုမှတ်ရပါသည်။´´ (ဘာသာပြန်)
တချို့ သမာဓိ အားကောင်းသူများ ကတော့ ၀ိပဿနာကိုပဲ အားထုတ်ကြ၏။ ၀ိပဿနာဟု ဆိုသော်လည်း သမာဓိ (သမထ) ကတော့ ပါဝင်ရ ပေသည်သာ။ ၀ိပဿနာ ဘာဝနာမှာ ``ဉာဏ် ပညာက ခေါင်းဆောင်၊ သတိ သမာဓိတို့က နောက်လိုက်´´ ဆိုသည်ကို မေ့မပစ်ပါနဲ့။ ဘာကိုပဲ မှတ်မှတ် မှတ်ကောင်းဖို့ပဲ အရေးကြီးပါသည်။
တချို့ လူများက အချိန် ၁-နာရီအတွင်းမှာ သမထကို နာရီဝက်၊ ၀ိပဿနာကို နာရီဝက်ဟု ခွဲခြားပြီးလည်း ရှုမှတ်ကြ၏။ မည်သို့ မှတ်မှတ် ဘာဝနာပင်တည်း။ သမထနှင့် ၀ိပဿနာကို တစ်ခုစီ အချိန် သတ်မှတ်ဖို့ရန် အရေးမကြီးပါ။ မိမိ ဆန္ဒအပေါ်မှာ မူတည်ပါသည်။ အဓိက ပန်းတိုင်မှာ ယုတ်မာ သည့်စိတ်, သေးသိမ်သည့်စိတ်, ကြမ်းတမ်းသည့် စိတ်, ရိုင်းစိုင်းသည့် စိတ်တို့ မဖြစ်ဖို့ ပင်တည်း။
ဤမျှလောက် ဆိုလျှင် မိမိတို့ နေ့စဉ်ဘ၀မှာ လူမှုကိစ္စများကို လုပ်ကိုင် ဆောင်ရွက်ရင်းနှင့် အချိန် ရသလောက် လိုက်နာ ကျင့်သုံးနိုင်သော -
``ဘာဝနာဆိုတာ ဘာလဲ ´´
``ဘာဝနာသည် ဘယ်လဲ´´ ဆိုသည့် မေးခွန်းကို ဖြေဆိုနိုင် လောက်ပါပြီ။ လက်ခံနိုင်ဖို့ ခက်ခဲနေသလား။ ``အမှန်တရားသည် လက်တွေ့နောက်မှာ ရှိ၏´´ဟူသော ဆိုရိုးစကားကို သင် ကြားဖူးပါ လိမ့်မည်။ ထို့ကြောင့် လက်တွေ့ ကြိုးစားကြည့် စေချင်ပါသည်။
``ဧဟိပဿိကော - လာပါ၊ စုံစမ်းပါ၊ တကယ်လက်တွေ့ လုပ်ကြည့်ပါ´´ဟု ဓမ္မက သင့်ကို ကြိုဆိုနေလျက်ပါ။
-------------------
(ဤဆောင်းပါးသည် လက်တွေ့ ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြသည့် ဆရာတော် ကြီးများ၏ ရှုမှတ် နည်းများ, ယခု အားထုတ်နေဆဲ ဖြစ်သည့် သီတင်းသုံးဖေါ် ရဟန်းတော်များ၏ အတွေ့ အကြုံများ, တရား စခန်းဝင် ယောဂီ လူပုဂ္ဂိုလ်များ၏ အတွေ့ အကြုံများကို အခြေခံလျက် ရေးထားခြင်း ဖြစ်ပါသည်။ လူမှုရေး စီးပွား ရေး သားရေး သမီးရေး တို့ဖြင့် ရုန်းကန် လှုပ်ရှားနေကြသော လူငယ် လူရွယ်များအား မိမိတို့ အချိန်ရသလောက် ဘာဝနာ ရှုမှတ်ပြီး သောက ကင်းဝေးသော, ငြိမ်းချမ်း သာယာသော ဘ၀တစ်ခုကို တည်ဆောက်နိုင်ဖို့ အဓိက ရည်ရွယ်ပါသည်။ မရှင်းလင်းသည့် အဓိပ္ပါယ်များ, အကြောင်း အရာများ၊ သံသယ ဖြစ်စရာ အချက်အလက် များကို မေးမြန်းလိုပါက ashindevindabhivamsa@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင် ပါသည်။)
``သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ´´
အရှင်ဒေ၀ိန္ဒာဘိဝံသ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့
(၂၆၊ ၀၇၊ ၂၀၀၉)
+++++++++++++++++++++++++++++++++++++++++++
လေးစားရိုသေစွာဖြင့်
ဖိုးသား
8/4/2009, TUE:, 12:52:03 PM
0 comments