Latest News

*ကမ္ဘာပျက်ပုံ*


ဖြစ်ဖြစ်သမျှ အရာဝတ္ထု အစုစုသည် တစ်နေ့ကျလျှင် ဧကန်ပျက်ရမည့် အနိစ္စတရားသာ ဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါတို့ တည်ရာ ဤ ကမ္ဘာလောကကြီးလည်း ထို အနိစ္စ နယ်ပယ်တွင် ပါဝင်ရကား ခိုင်မြဲ တည်တံ့နိုင်မည် မဟုတ်။ တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရချေမည်။ ကမ္ဘာလောက ပျက်ဖို့ရာ အကြောင်းမှာ မီး၊ ရေ၊ လေအားဖြင့် သုံးမျိုးရှိ၏။ မီးကြောင့် ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေနှစ်စင်း ပေါ်လာ၏။ ရိုးရိုးနေက နေ့အခါထွက်၍ နေသစ်က ညဥ့်အခါ ဆက်လက် တက်လာသဖြင့် ညဥ့်အခါဟု မရှိတော့ပြီ။ ထိုနေအသစ်၏ ပူလောင်မှုကြောင့် မြစ်ငယ် ချောင်းငယ်များ၌ ရှိသော ရေတွေ ခြောက်ခန်းရ တော့သည်။ ထို့နောက် သုံးစင်းမြောက် နေအသစ် ပေါ်လာပြန်သော အခါ မြစ်ကြီးများ၌ ရှိသော ရေတွေ ခြောက်ခန်း၏။ လေးစင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမ၀န္တာ အတွင်းရှိ အိုင်ကြီး ခုနစ်အိုင်လည်း ခြောက်ခန်း ရတော့သည်။

ထို့နောက် ငါးစင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒ္ဒရာရေ ခြောက်ခန်း၏။ ခြောက်စင်းမြောက်နေ ထွက်လာသော အချိန်မှာ ကမ္ဘာလောက၌ အစိုအစေး ဟူ၍ လုံးဝမရှိတော့။ ခုနစ်စင်းမြောက်နေ ပေါ်လာသော အခါ ဤကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထလျှက် ကာလအတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပထမဈာဉ် ဗြဟ္မာ့ဘုံတိုင်အောင် မီးတောက်မီးလျှံ စွဲရကား ဟိမ၀န္တာတောင်၊ မြင်းမိုရ်တောင်၊ စကြ၀ဠာ တောင်ကြီးများနှင့် တကွ ငွေ၊ ရွှေ၊ ရတနာ၊ နီလာ၊ မြသား၊ အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာ မရှောင်သာ လောင်စာချည်း ဖြစ်ရလေတော့၏။ မီးလောင်စာ မရှိ၍ မီးတောက်မီးလျှံ ငြိမ်းလျက် ပြာအမှုန့်မျှ မကျန်တော့သည့် အခါကျမှ ကမ္ဘာပျက်ခြင်းကိစ္စ ပြီးတော့သည်။ [ရေဖျက်၊ လေဖျက်ဖို့ အလှည့်ကြုံသည့် အခါ၌လည်း ဆားငန်ရေထိ၍ မြေ့မြေ့ကြေရပုံ၊ လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။]

ဤသို့ ကမ္ဘာ လောကဓါတ်ကြီး၏ ပျက်စီးနေရာ အချိန်အခါသည် “နှစ်ပေါင်း မည်မျှကြာသည်ဟု” မခန့်မှန်းနိုင် လောက်အောင်ပင် ကြာ၏။ ၁၀ နှစ်တန်းမှ တဖြည်းဖြည်းတက်၍ အသက် အသင်္ချေတန်းသို့ ရောက်၊ ထို အသင်္ချေတန်းမှ တဖြည်းဖြည်း ဆုတ်၍ ၁၀ နှစ်တန်းသို့ရောက်၊ ဤ တက်ကပ်၊ ဆုတ်ကပ် တစ်စုံကို အန္တရကပ် (အကြားကပ်) ဟု ခေါ်၏။ ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးနေရာ အချိန်အခါသည် ထို အန္တရကပ်ပေါင်း ၆၄ ကပ်မျှ ကြာသတဲ့။ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တစ်ဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ် မဆောက်ခင် ပျက်မြဲအတိုင်း တည်နေသကဲ့သို့) ကမ္ဘာအသစ် မတည်ခင် ပျက်မြဲအတိုင်း တည်သောအချိန်လည်း အန္တရကပ် ၆၄ ကပ်မျှ ကြာသတဲ့။

သတ္တ၀ါတိုင်း ဗြဟ္မာ့ပြည်မှာ

ထိုသို့ ကမ္ဘာ ပျက်နေတုန်းအခါ ပျက်မြဲတိုင်း တည်နေသော အခါဝယ် သတ္တ၀ါတို့လည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏။ “ကမ္ဘာ ပျက်လိမ့်မည်” ဟု အနှစ် တစ်သိန်းလောက်ကပင် နတ်များ ကြွေးကြော် ထားကြသောကြောင့် ကြားကြားသမျှ သတ္တ၀ါတွေ ရှေးကလို မမေ့မလျော့ နိုင်ကြဘဲ ကုသိုလ်တရား ပွားများ၍ နေကြလေရာ ကမ္ဘာပျက်ခါနီး အခါဝယ် အားလုံးပင် ဗြဟ္မာ့ပြည်သို့ ရောက်ဖို့ရန် ဈာဉ်ကို ရကြလေသည်။ ထို့ကြောင့် နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိသူမှတစ်ပါး သတ္တ၀ါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၏။ [နိယတ မိစ္ဆာအယူ ရှိသူတို့ကား ငရဲသက် မစေ့သေးလျှင် မပျက်သော ကမ္ဘာသို့ ပြောင်းရွှေ့၍ ငရဲခံရသတဲ့။]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာ မှ

လေးစားစွာဖြင့်
ဖိုးသား

10/21/2009, WED:, 8:50:00 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. လာဖတ်သွားပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply