Latest News

*တစ်နေ့တွင်*


မဟာပါလသည် ရဟန်း တရားကို အားထုတ်ရာတွင် ဣရိယာပုတ် လေးမျိုးအနက် အိပ်ခြင်း ဣရိယာပုတ်ကို ပယ်၍ လျောင်း၊ ထိုင်၊ ရပ် ဣရိယာပုတ် သုံးမျိုးဖြင့်သာ အားထုတ်၏။ မဟာပါလသည် မည်သည့် အခါမျှ မအိပ်၊ ကြမ်းပြင်ပေါ်၌ မည်သည့် အခါမျှ ကျောကုန်းကို မဆန့်။

မျက်စိကု ဆရာသည် မဟာပါလအား ကြည်ညိုပါ၏။ မျက်စိ ရောဂါကိုလည်း ပျောက်ကင်းစေလို ပါ၏။ ရဟန်း တရားကိုလည်း ကျင့်စေလို ပါ၏။ ထို့ကြောင့် မျက်စဉ်းဆီကို အိပ်ပြီး ခတ်ပါရန် အကြိမ်ကြိမ် လျှောက်ထား၏။ တောင်းလည်း တောင်းပန်၏။ သို့ရာတွင် မဟာပါလက မလိုက်နာ။ မြတ်သော သူတို့သည် မိမိတို့၏ ပါရမီမြောက် အဓိဋ္ဌာန်ကို ဖျက်ရိုးမရှိ။

လုပ်ငန်းတစ်ခု အောင်မြင်ရေးအတွက် အခြေခံ အနေဖြင့် အင်္ဂါ (၄)ရပ် ရှိဖို့လို၏။ ယင်းအင်္ဂါ (၄)ရပ်ကို ဣဒ္ဓိပါဒ်ဟု ခေါ်သည်။
  • ခိုင်မာသော ရည်မှန်းချက် ရှိရမည်။
  • မဆုတ်နစ်သော ကြိုးပမ်းမှု ရှိရမည်။
  • စိတ်ဓါတ် ခိုင်မာရမည်။
  • လုံလောက်သော ဉာဏ်ပညာ ရှိရမည်။
ဤအင်္ဂါ (၄)ရပ်ကို အခြေခံ၍ ဆောင်ရွက်ပါက လောကီဖြစ်စေ၊ လောကုတ္တရာ ဖြစ်စေ တစ်နေ့တွင် မလွဲမသွေ အောင်မြင်ရ၏။ တစ်နေ့တွင် ဆိုရာ၌ ဣဒ္ဓိပါဒ် ကြားမပြတ်သော “တစ်နေ့တွင်” ဖြစ်၏။ ဣဒ္ဓိပါဒ် ကြားပြတ်သွားပါက “တစ်” ကပင် ပြန်စရ၏။ ထိုအခါ “တစ်နေ့တွင်” သည် မဆုံးနိုင်သော “တစ်နေ့တွင်” ဖြစ်ပေလိမ့်မည်။

မဟာပါလသည် သူ၏ တရား အားထုတ်မှု လုပ်ငန်း၌ ဘ၀မှာ လွတ်မြောက်ရေး ပန်းတိုင်အတွက် “တစ်”က ပြန်မစလို၊ ရှေ့သို့သာ တိုး၍ တိုး၍သွား၏။ ထို့ကြောင့် အဓိဋ္ဌာန်ကို ဖျက်၍ အိပ်ပြီး မျက်စဉ်းဆီကို မခတ်၊ ထိုင်လျက်သာ ခတ်၏။ ထိုအခါ မျက်စိရောဂါက မသက်သာ၊ တိုး၍ တိုး၍သာ လာ၏။

မျက်စိကု ဆရာကလည်း ဆရာနာမည် ပျက်မှာ စိုးရိမ်၊ နောက်ဆုံး မတတ်သာတော့၍ မဟာပါလအား-

“အရှင်ဘုရား တပည့်တော် ညွှန်ကြားချက် အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မပြုနိုင်ပါက မျက်စိရောဂါ ကင်းပျောက်နိုင်ဖွယ် မရှိပါ။ ယနေ့မှ စ၍ တပည့်တော် ကလည်း မျက်စဉ်းဆီ ပေး၍ ကုသတော့မည် မဟုတ်ပါ။ အရှင်ဘုရား ကလည်း တပည့်တော်၏ ကုသမှုကို ခံယူနေသည် ဟူ၍ မှတ်ယူတော် မမူပါလင့်” ဟူ၍ လျှောက်ထားပြီး အဆက် ဖြတ်လိုက်၏။

မဟာပါလသည် စိတ်ဓါတ်ကျခြင်း မရှိဘဲ ပို၍ အားတင်းကာ ရဟန်း တရားကို အားထုတ်၏။ ထိုနေ့ ညဥ့်သန်းခေါင်ယံ လွန်ချိန်၌ မျက်စိ နှစ်ဖက်တို့သည်လည်း ကွယ်လေ၏။ အာသဝေါ တရားတို့သည်လည်း ကုန်ခန်းလေ၏။ ထိုအခါ မဟာပါလသည် ဘ၀မှ လွတ်မြောက်သော ရဟန္တာ ဖြစ်လေ၏။ ထိုအချိန်မှ စ၍ မဟာပါလအား စက္ခုပါလ မထေရ် ဟူ၍ အမည်သစ် တွင်လေ၏။

---------*****----------

ဖတ်နေရင်း ကြည်ညိုလွန်း၍ ထုတ်နုတ် ကူးယူ ရေးသားလိုက်ပါ၏။ ဆရာကြီး ဦးရွှေအောင် ရေးသားသော ဓမ္မပဒ ယမက၀ဂ်မှ…

လေးစားစွာဖြင့်
ဖိုးသား

1/23/2010, SAT:, 11:28:45 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. သူတော်ကောင်းတို့ အကြောင်းဖတ်ရတာ အားကျဖို့ ကောင်းပါတယ် ဖိုးသားရေ။ မျှဝေတာကျေးဇူးပါ။
    အဆင်ပြေပျော်ရွှင်ပါစေ။

Leave a Reply