Latest News

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၃)*

ကျွန်ုပ်တို့ အနေနှင့် ထူးထူးခြားခြား အစွဲအလမ်း ကြီးနေသော အခြား ပညတ်တစ်ခုမှာ ယောက်ျားနှင့် မိန်းမဆိုသော ပုဂ္ဂိုလ် ပညတ် ဖြစ်၏။ သင့်မျက်စိကို မှိတ်လိုက်သော အခါ ၀င်သက် ထွက်သက် ဖြစ်ပေါ် နေသည်ကို လည်းကောင်း၊ အာရုံ ခံစားမှုများ ဖြစ်ပေါ်နေသည်ကို လည်းကောင်း၊ အသံများ ဖြစ်ပေါ်နေသည်ကို လည်းကောင်း၊ အတွေးများ ဖြစ်ပေါ် နေသည်ကို လည်းကောင်း သိနေရ ပါသည်။

ဘယ်မှာ ယောက်ျား မိန်းမ ရှိသလဲ။ ယောက်ျား မိန်းမ ဆိုသည်မှာ စိတ်က ယူဆထားသော အယူအဆ ပညတ် တစ်ခုသာ ဖြစ်ပါသည်။ ထို ပညတ်မှ အပ ယောက်ျား မိန်းမ မရှိပါ။ စိတ်က တိတ်ဆိတ် ငြိမ်သက် သွားသော အခါ ယောက်ျား မိန်းမဆိုသော သဘောလည်း ကင်းဆိတ် သွားပါသည်။ သမုဒ္ဒရာ ရေပြင်ပေါ်၌ ဖြစ်ပေါ်လာသော လှိုင်းတံပိုးများကို စဉ်းစား ကြည့်ပါ။ ထို လှိုင်းလုံးများကို ကြီးတယ် ငယ်တယ် လှပတယ်၊ သို့မဟုတ် ခံ့ညား ထည်ဝါတယ်ဟု သဘောထား ကြည့်ပါ။ ကြီးမှု ငယ်မှု လှပမှု ခံ့ညားမှု ဆိုသော သဘောတို့သည် သမုတိ သစ္စာနယ်မှာ မှန်ကန်မှု ရှိပါသည်။ သို့သော် ထို ကြီးသော ငယ်သော လှသော ခံ့ညားသော လှိုင်းတံပိုး တို့သည် အခြေခံ ဖြစ်သော သမုဒ္ဒရာ ရေထု အစိုင်အခဲ ကိုမူ ထင်ဟပ် ပြနိုင်ခြင်း မရှိပါ။ သမုဒ္ဒရာ ရေပြင်ပေါ်မှာ လှိုင်းတံပိုး ထသည်ကို ကြီးတယ် ငယ်တယ် လှတယ် ခံ့ညားတယ်ဟု ကျွန်ုပ်တို့ စိတ်က မှတ်သား စွဲလမ်းသလို ကျွန်ုပ်တို့သည် တစ်စုံတစ်ခုသော သဏ္ဌာန ပညတ် များကို အစွဲအလမ်း ပြုနေကြခြင်းသာ ဖြစ်၏။

ပုံသဏ္ဌာန် တွေသည် သမုဒ္ဒရာ ရေပြင်ပေါ်က လှိုင်းလုံးတွေနှင့် တူပါသည်။ ပုံသဏ္ဌာန် တွေကိုပင် ကျွန်ုပ်တို့မှာ နှိုင်းယှဉ်ရ ဆုံးဖြတ်ရနှင့် အလုပ် ရှုပ်နေကြသည်။ ထိုသို့ သဏ္ဌာန ပညတ် များကို နှိုင်းယှဉ် ဆုံးဖြတ် တန်ဖိုး သတ်မှတ် နေခြင်းကြောင့် ၎င်းတို့မှာလည်း တကွဲစီ တပြားစီ၊ တသီးတခြားစီ ဖြစ်ကုန်ကြ ရသည်။ တရား အားထုတ်သော အခါ ကျွန်ုပ်တို့သည် ပညတ်များကို တပ်မက် စွဲလမ်းခြင်း တဏှာမှ လွတ်မြောက်ပြီး မိမိတို့နှင့် ခန္ဓာငါးပါး ရုပ်နာမ် နှစ်ပါးတွင် ပါဝင်လျက် ရှိသော အခြေခံ မူလဓါတ်များ၏ တူညီသည့် သဘောကို ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့လာရသည်။

ပညတ် တရားတို့တွင် နက်နက်ရှိုင်းရှိုင်း အထုံပါအောင် အမြစ်စွဲ စေသာ အရိပ်များ၏ လိုဏ်ဂူကြီး ထဲတွင် ကျွန်ုပ်တို့ကို အချိန် အကြာဆုံး နေရအောင် သံကြိုး ခတ်ထားသော ဇာတိ ပဋိသန္ဓေနှင့် သေခြင်း တရားတို့၏ သံသရာ စက်ထဲမှာ တ၀ဲလည်လည် ဖြစ်အောင် ချည်ဖွဲ့ တုပ်နှောင် ထားသော ပညတ်သည်ကား အခြားမဟုတ်။ အတ္တပညတ် (ငါစွဲ) ပင် ဖြစ်တော့၏။ ထို အတ္တစွဲ ငါစွဲကား ရုပ်နာမ် ဓမ္မတို့၏ ဖြစ်ပျက် အစဉ် ရေအလျဉ်၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေသည် ဟူသော အယူအဆ၊ မမြဲသော အနိစ္စ တရားတို့၏ ကွယ်ရာတွင် မြဲသော ထာဝရ ပရမတ္ထ ဓာတ်တစ်ခု ရှိနေသည် ဟူသော အထင် အမြင်မျိုး ဖြစ်၏။ ထိုအမြဲ ရှိနေသည်ဟု ယူဆသော အတ္တကောင် သည်ပင် ကျွန်ုပ်တို့၏ အနှစ်အသား ဖြစ်သည်ဟူသော အတ္တစွဲ ငါစွဲ ဖြစ်၏။ အတ္တကိုယ်၊ ငါ၊ ငါ့ဟာ၊ ငါ့ကို စသော ပညတ်များသည် စိတ်ထဲတွင် ထင်မြင်သော ထင်မြင်ချက် များသာ ဖြစ်၏။

ထိုအယူစွဲ ပညတ်သည် ရုပ်နာမ်တို့၏ ဖြစ်စဉ်ကို ငါနှင့် ထပ်တူပြုခြင်း၊ မည်သူမည်ဝါ ဖြစ်သည်ဟု စိတ်က ထင်မြင်လိုက် ခြင်းကြောင့် ဖြစ်ပေါ်လာရ လေသည်။ အစ ပထမတွင် ဤ ငါ၊ အတ္တ သဘောသည် မပေါ်ပေါက်သေးပါ။ သို့သော် ကျွန်ုပ်တို့မှာ ထို ငါ့ကိုယ်စသော သက္ကာယ ဒိဋ္ဌိကို အစွဲအလမ်း ကြီးလွန်းသည့် အတွက် ဤစိတ်ကူး အထင်ကိုပင် ကျွန်ုပ်တို့မှာ ကာကွယ်ရင်း၊ ပုံကြီး ချဲ့ရင်း၊ အလိုလိုက် အကြိုက် ဆောင်ရင်း ဘ၀ များစွာကို ကုန်လွန်စေခဲ့ ကြရလေသည်။

သတိပဋ္ဌာန် အလုပ် (ကမ္မဋ္ဌာန်း) ကို အားထုတ်သော အခါ ၀ိပဿနာ ဉာဏ်က ထိုဉာဏ် ပညတ်များ၏ သဘော သဘာဝကို အထင်အရှား သိမြင်အောင် အထောက်အကူ ပြုသည်။ ထို တရားများသည် အစစ်အမှန် တရား ပရမတ် တရားအားဖြင့် ထင်ရှား မရှိကြောင်း ၀ိပဿနာ ဉာဏ်က သိစေသည်။ ဤ ပညတ်တို့ သည်ကား သာမန် စိတ်ကူးများ၊ ထင်မြင် ယူဆချက် များသာ ဖြစ်ကြောင်း၊ အတ္တ ပညတ်များ အပေါ်တွင် အပိုဆောင်း၍ ယူသော အယူအဆ တစ်ရပ်သာ ဖြစ်ကြောင်း သိစေပါသည်။

ကျွန်ုပ်တို့ကို နှောင်ဖွဲ့နေသော အခြား ပညတ် အချို့လည်း ရှိကြသေး၏။ ၎င်းတို့မှာ ဌာန ပညတ်၊ ကာလ ပညတ်၊ ပိုင်ဆိုင်မှု ပညတ် (ပိုင်ရှင်)၊ ယောက်ျား ပညတ်၊ မိန်းမ ပညတ်၊ အတ္တ ငါ ပညတ် စသည်တို့ ဖြစ်ကြသည်။ တရား အားထုတ်၍ ၀ိပဿနာ ဉာဏ် ပေါ်လာသော အခါ၌ ထို ပညတ်များက ကျွန်ုပ်တို့၏ စိတ်ကို ဘယ်လောက် ပြင်းပြင်းထန်ထန် ဖမ်းစားနေကြောင်း ကိုယ်တိုင် သိလာရ၏။ ကျွန်ုပ်တို့၏ ဘ၀များစွာ တို့မှာလည်း ဤ ပညတ်စွဲ များတွင် တ၀ဲလည်လည် ပတ်ချာ လှည့်၍ သံသရာ လည်နေရကြောင်း ကိုလည်း သိလာရ၏။ ကျွန်ုပ်တို့သည် အရိပ်အယောင် ပညတ် လောကထဲမှာ ဘယ်လောက်ကြာကြာ နေခဲ့ရပြီ ကိုလည်း သိလာရ တော့သည်။

ကုလု ရင်ပိုချီ အမည်ရှိ တိဗက် ယောဂီ ဆရာကြီးက အောက်ပါအတိုင်း ရေးသား ခဲ့၏။

“သင်သည် စိတ်၏ အထင်မှား အမှတ်မှား ၀ိပလ္လာသ တရားများ တည်ရာ အပေါ်ယံ လောကထဲမှာ နေနေရသည်။ ပရမတ္ထ သစ္စာတရား တစ်ခုကား ရှိ၏။ ထို ပရမတ္ထ သစ္စာတရားသည် သင်ပင် ဖြစ်၏။ ထို အမှန် သစ္စာတရားကို သင် နားလည်သော အခါ သင်သည် ဘာမှ မဟုတ် (အနတ္တ) ဖြစ်ကြောင်းကို သင် သိသွား လိမ့်မည်။ အနတ္တ ဖြစ်ခြင်းကြောင့်ပင် သင်သည် အရာခပ်သိမ်း ဖြစ်တော့သည်။ ဤမျှသာ ပါပဲ။”

ဂိုလ်းစတိန်း၏ ကိုယ်တွေ့ဝိပဿနာမှ...

ဆက်ပါဦးမည်။

လေးစားစွာဖြင့်
ဖိုးသား

2/13/2010, SAT:, 2:49:41 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply