Latest News

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၄)*

ပရမတ္ထ တရားကား လေးပါးရှိ၏။ ၎င်းတို့ကို ပရမတ္ထ (ထင်ရှားရှိသော အမှန်တရား) ဟု ခေါ်ရခြင်းမှာ ၎င်းတို့ကို ထိတွေ့ ခံစားရသောကြောင့် ဖြစ်၏။ ၎င်း တရားများသည် စိတ်၏ ထင်မြင်ချက်များ မဟုတ်ကြချေ။ ဤ ပရမတ္ထ တရား လေးပါးသည်ပင် ကျွန်ုပ်တို့၏ အတွေ့အကြုံ အားလုံး၌ အကျုံးဝင် လေသည်။

ပထမ ပရမတ္ထ တရားကား ရုပ်ဓါတ်များ ဖြစ်၏။ ရုပ်လောက အတွင်းရှိ အရာခပ်သိမ်း တို့၌ ထို ရုပ်ဓါတ်များ ပါဝင်လျက် ရှိသည်။ အစဉ်အလာအားဖြင့် လက်တွေ့ ဘ၀တွင် ထို ရုပ်ဓါတ်များကို ကျွန်ုပ်တို့ ထိတွေ့ ခံစားရပုံ သဘောအရ ၎င်းတို့ကို ပထ၀ီဓါတ်၊ ၀ါယောဓါတ်၊ တေဇောဓါတ်နှင့် အာပေါဓါတ် ဟူ၍ ခေါ်ကြလေသည်။

ပထ၀ီ (မြေ) ဓါတ်သည် အတိုင်းအဆ ပမာဏ သဘောကို ဆောင်သည်။ ၎င်းကို ကျွန်ုပ်တို့၏ အတွေ့ အကြုံတွင် မာမှု ပျော့မှုအဖြစ် သိရသည်။ မိမိတို့ကိုယ်မှာ နာကျင်မှုများ ဖြစ်ပေါ်ခြင်းသည် ပထ၀ီဓါတ် လက္ခဏာများ ဖြစ်၏။ လမ်းလျှောက်စဉ် မြေကြီးနှင့် ထိသော ကာလ၊ ဖြစ်ပေါ်လာသော စမ်းသပ်၍ ထိတွေ့ရသော ဖဿ သဘောသည် ပထ၀ီဓါတ် ဖြစ်၏။ မာမှုသဘော၊ ပျော့မှုသဘော၊ ကျယ်ပြန့်မှု အတိုင်းအတာ သဘောတို့သည် ပထ၀ီဓါတ် သဘောချည်းသာ မှတ်။

တေဇော (မီး) ဓါတ်၏ သဘောကား ပူမှု အေးမှု ဖြစ်၏။ ၀ိပဿနာ တရား အားထုတ်နေစဉ် တစ်ခါတစ်ရံ ခန္ဓာကိုယ်၌ အပူဓါတ် လွန်ကဲ လာတတ်သည်။ ထိုအခါ ခန္ဓာကိုယ်သည် လောင်ကျွမ်း နေသည်ဟု ခံစားရသည်။ ထိုသို့ လောင်ကျွမ်းနေသည်ဟု ခံစားရ ခြင်းသည် တစ်စုံတစ်ယောက်ကို လောင်ကျွမ်းခြင်းမျိုး မဟုတ်ပါ။ ဤကား တေဇော (မီး) ဓါတ်က သူ့သဘောကို သူဆောင်၍ ပြနေခြင်းသာ ဖြစ်ပါသည်။ ၎င်းမှာ အပူသဘော အအေး သဘောကို အာရုံမှာ ထိတွေ့ ခံစားခြင်းသာ ဖြစ်၏။

ဝါယော (လေ) ဓါတ်၏ သဘောကား တုန်ခါခြင်း၊ ရွေ့လျားခြင်း ဖြစ်၏။ စင်္ကြံလျှောက်၍ တရား ရှုမှတ်စဉ် ကျွန်ုပ်တို့ ထိတွေ့ ခံစားရ သည်မှာ ဓါတ်များ၏ လှုပ်ရှား ကစားနေသော သဘောကို ဖြစ်၏။ ခြေထောက်၊ ခြေဖ၀ါး စသည်တို့ကား ပညတ်များ ဖြစ်ကြသည်။ ဓါတ်များ၏ စီးဆင်းနေသည့် သဘောကို ကျွန်ုပ်တို့က အမည်နာမ တပ်၍ ခေါ်ခြင်းသာ ဖြစ်၏။ ဤကား ဖ၀ါးလည်း မဟုတ်၊ ခြေထောက်လည်း မဟုတ်၊ ကိုယ်လည်း မဟုတ်၊ ငါလည်း မဟုတ်၊ လှုပ်ရှားမှုနှင့် ထိတွေ့မှု ခံစားချက် အစုသာ ဖြစ်ပါသည်။

အာပေါ (ရေ) ဓါတ်ကား ယိုစီးမှု သဘော ဖြစ်၏။ ဤ ဓါတ်သည် အခြားဓါတ်များကို အတူတကွ အစုအခဲအဖြစ် တည်စေရန် ဖွဲ့စည်းပေး ပါသည်။ ဂျုံမှုန့်များသည် သွေ့ခြောက်နေလျှင် တစ်ခုနှင့် တစ်ခု အစေး မကပ်တော့ဘဲ တခြားစီ ပြန့်ကျဲသွားနိုင် ပါသည်။ ထိုဂျုံမှုန့်များကို ရေထည့်လိုက်သော အခါ ထို အမှုန့်များသည် တစ်ခုကို တစ်ခု တွယ်ကပ် သွားကြပါသည်။ ဤသို့လျှင် ရေဓါတ်သည် မိမိ၏ သဘောကို ဖော်ဆောင်သည်။ ရုပ်ဓါတ်များ အားလုံးကို ရေဓါတ်က မကွဲမပြား၊ တသားတည်း တစပ်တည်း ပေါင်းစပ် တည်နေစေရန် စွမ်းဆောင်သည်။

ဤ အခြေခံ မဟာဘုတ် ဓါတ်ကြီး လေးပါးနှင့် အတူ ပေါ်ပေါက်လာသော ၎င်းအပေါ် မှီခိုနေသော ဓါတ်လေးပါး (မဟာဘုတ် ဓါတ်လေးပါးနှင့် တသီးတခြား ခွဲခြား၍ မရသော အ၀ိနိဗ္ဘောဂ ဓါတ်လေးပါး) လည်း ရှိသေး၏။ ၎င်းတို့မှာ ၀ဏ္ဏခေါ် အဆင်းဓါတ်၊ ဂန္ဓခေါ် အနံ့ဓါတ်၊ ရသခေါ် အရသာဓါတ်၊ ဩဇာခေါ် အဆီအစေး အာဟာရ ဓါတ်တို့ ဖြစ်ကြပါသည်။

စကြ၀ဠာ တိုက်ကြီး တစ်ခုလုံးကို ဤ အဋ္ဌကလာပ်ရုပ် ရှစ်ပါးဖြင့် သာလျှင် ထိတွေ့ ခံစား၍ ရပါသည်။ ထို ရုပ်ရှစ်ပါးကို တွေးတောနေစရာ မလိုဘဲ သိသာနိုင် ပါသည်။ ကြမ်းပြင်ဆိုသော ဝေါဟာရသည် ပညတ် ဖြစ်ပြီး မုချ ဧကန် တည်ရှိနေသော အရာ မဟုတ်ပါ။ တကယ် အာရုံပေါ်မှာ သိမြင် ထင်ရှားလာ သည်ကား မာမှု သဘော၊ အေးမှုသဘော ကြည့်လျှင် မြင်ရသော အဆင်းအရောင် သဘောများသာ ဖြစ်ပါသည်။ မျက်စိက အဆင်းကိုသာ မြင်ပါသည်။ နာမည် ပညတ်ကို မျက်စိက မမြင်နိုင်ပါ။ တံခါး အပြင်ဘက်သို့ လျှောက်သွားသော အခါ လူအများသည် သစ်ပင်ကို မြင်ပါသည်။ သို့သော ၎င်း သစ်ပင် ဆိုသည်မှာ မျက်စိဖြင့် မြင်ရသော အရာ တစ်ခုကို ပညတ်တပ်ခြင်း၊ အမည် မှည့်လိုက်ခြင်းသာ ဖြစ်ပါသည်။

ဆက်ပါဦးမည်။

ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာမှ...

လေးစားစွာဖြင့်
ဖိုးသား

21/02/2010, SUN:, 20:23:26

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply