Latest News

*မြက်ခင်းစိမ်းပေါ်က လမ်း*

ခေါင်းလေး နည်းနည်းကိုက်တာနဲ့ လန်းလန်း ဆန်းဆန်း ဖြစ်သွားအောင် ဆိုပြီး အခန်းထဲကနေ ကော်ရစ်တာကို ထွက်လိုက်တယ်။ အေးမြမြ လျှပ်ပြေးသွားတဲ့ လေနဲ့အတူ လူက လန်းသွားသလိုပဲ..။ တောင်ကြည့် မြောက်ကြည့် လိုက်ကြည့်ရာကနေ အဆောင်ရှေ့က မြက်ခင်းပေါ် အကြည့်ရောက်သွားမိတယ်။ သြော်.. မြက်ခင်းတွေတောင် စိမ်းစိုလာပြီပဲ။ အင်းလေ နွေဦးလည်း ရောက်ပြီကိုး.. ဆိုတဲ့ အတွေးနဲ့အတူ မြက်ခင်းပေါ်က လူသွားလမ်းရာလေးကို အကြည့်ရောက်သွားပြန်တယ်။ “ဖြတ်လျှောက်ပါ များတော့လည်း မြက်တောင် မပေါက်နိုင်တော့ဘဲ လူသွားလမ်းရာ ပေါ်လာရတာ ပါလား” ဆိုတဲ့ အတွေးနဲ့အတူ နောက်ဆက်တွဲ အတွေးတွေက ခေါင်းထဲ အစီအရီ ၀င်လာလိုက်တာ...

**********************************

ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မန္တိ
မြန်မာလို အဓိပ္ပါယ်ကို အတိအကျ မသိပေမယ့် “အကြောင်းကြောင့် ပေါ်လာသမျှ အရာအားလုံးတို့သည် ချုပ်ဆုံးခြင်း သဘောရှိကြတယ်” ဆိုတာကိုတော့ နားလည်ထားမိတယ်။ ဘုရားရှင် ပဉ္စ၀ဂ္ဂီငါးဦးကို ဟောကြားထားတဲ့ တရားဦး ဓမ္မစကြာထဲက ဆိုတာကိုတော့ သိတဲ့သူ များမှာပါ။ အာရုံပြုပြီး ထဲထဲဝင်ဝင် ရွတ်ဆိုမိတိုင်း ရရှိလိုက်တဲ့ အရသာက ပြောမပြတတ်အောင်ပါပဲ။ မြတ်စွာဘုရားရဲ့ နှုတ်ထွက်တော် ပါဠိစကားလုံးတွေကို ရွတ်ဆိုခွင့် ရနေတာကိုက တော်တော် ကံကောင်းနေတာပဲ၊ မြတ်စွာဘုရားကို ပူဇော်သမှုနဲ့ ရွတ်ဆိုနေတာပဲ ဆိုတဲ့ အတွေးတွေ ထည့်ပေါင်းလိုက်လို့ကတော့ အရသာက ရှိပြီးရင်း ရှိရင်း...

အရသာ အားလုံးတို့တွင် တရားတည်းဟူသော အရသာသည် ကျန်အရသာ အားလုံးတို့ကို အောင်၏.. တဲ့.. ကြားဖူးတာ ကြာပေမယ့် နှစ်နှစ်ကာကာ ရွတ်ဆို ခံစားမိတာက ပဲခူးအောင်သုခ ဆရာတော် ဘုရားရဲ့ တရားတစ်ပုဒ်မှာပါ။ အဲလို ရွတ်ဆိုရတာကလည်း အရသာ တကယ် ထူးပေစွ..

ကြိမ်ဖန်များစွာ ပွားရမှာ.. ကြိမ်ဖန်များစွာ ပွားရမှာ.. ဆိုတဲ့ ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတဲ့ တရားသံကလည်း နားထဲမှာ တော်တော့်ကို ယဉ်ပါးနေပါပြီ။ ဘယ်လို ပွားရမလဲ.. ဆိုတော့ ဆရာတော် ဘုရားက အနတ္တ လက္ခဏာသုတ်ကို လက်ကိုင်ထားလို့ ဟောကြားပါတယ်..။ ဒီ ဓမ္မစကြာနဲ့ အနတ္တလက္ခဏာသုတ် နှစ်ခုနဲ့တင် ပဉ္စ၀ဂ္ဂီငါးဦးတို့ အာသဝေါ ကုန်ခန်း ရဟန္တာ ဖြစ်ခဲ့ကြပါတယ်..။

နေတံမမ နေသောဟ မသ္မိ၊ နမေသော အတ္တာ
ဤအရာသည် ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ် “အတ္တ” မဟုတ်။ ရှူဆဲ ထုတ်ဆဲ အမူအယာနဲ့အတူ ပေါ်လာသမျှ အရာတွေကို ခံစားကြည့်ပါ။ ပေါ်လာတဲ့ အမူအယာဟာ ငါ့ဥစ္စာ ဟုတ်ရဲ့လား.. ငါပါလို့ စကားပြောသလား.. တံလျှပ်ကဲ့သို့ တရိပ်ရိပ်နဲ့.. ချုပ်ရင်းပျောက်၊ လောင်ရင်းကုန်... ကုန်ဆုံးတာပဲ ရှိနေတာ... ဒီလို ပွားများပေးရပါမယ်။

ရွှေဟင်္သာ ဆရာတော် ဘုရားကို အမေးအဖြလိုမျိုး အင်တာဗျူးတုန်းက အင်တာဗျူးတဲ့သူက “အရှင်ဘုရား ၀ိပဿနာ တရား အားထုတ်ပါသလား” လို့ မေးသတဲ့။ ဆရာတော် ဘုရားကြီးတို့က ၀ိနည်း လေးစားတဲ့ ပုဂ္ဂိုလ်တွေ ဆိုတော့ “တို့များကွယ်.. အနတ္တ လက္ခဏသုတ်ကိုတော့ ပွားပါတယ်” လို့ ဖြေတယ်..။ ဒါကို မေးတဲ့သူက “အနတ္တ လက္ခဏသုတ်က ၀ိပဿနာတရား ဟုတ်ပါသလား” လို့ ထပ်မေးတော့ “မင်းတို့တတွေ တယ်လည်း မိုက်သကိုး” လို့ ဆရာတော် ဘုရားကြီးက မိန့်တော် မူသတဲ့...။

ကျေးဇူးတော်အရှင် တိပိဋက မင်းကွန်းဆရာတော် ဘုရားကလည်း

ဤကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကားငါနှင့်
ဤမှာဇီဝ၊ ဤအတ္တဟု
ညွှန်ပြဖို့ရာ၊ မရှိပါသည်
ခန္ဓာနာမ်ရုပ်မျှပါ တကား...။

နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း
ရှည်လျားကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျှက်၊ ခဏပျက်၍
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ၊ အနိစ္စသည်
ဒုက္ခ အနတ္တပါတကား..။

ဆိုပြီး အနတ္တလက္ခဏာသုတ်ကို အခြေတည်လို့ ဖွဲ့ဆိုခဲ့တဲ့ တရားလင်္ကာလေး ကလည်း တကယ့်ကို မှတ်သားလိုက်နာ ကျင့်ကြံဖွယ်ပါ။ ဒီလို လိုက်နာကျင့်ကြံ ပွားများရာမှာလည်း ကြိမ်ဖန်များစွာ၊ အဆက်မပြတ်၊ တရစပ်... ပွားများဖို့ အရေးကြီးကြောင်းလည်း မှတ်သားမိပါတယ်။

“ဒီနေ့မနက် ၈ နာရီကနေ နောက်နေ့မနက် ၈ နာရီအထိ တစပ်တည်း မပြတ်မလပ် ရှုမှတ်ကြည့်ပါ။ ထူးခြားလာပါလိမ့်မယ်” ဆိုတဲ့ ဝေဘူဆရာတော် ဘုရားရဲ့ တန်ဖိုးဖြတ် မရတဲ့ အဆုံးအမကိုလည်း ပိုင်းလော့ ဆရာတော်ဘုရား ကျေးဇူးနဲ့ပဲ နာကြား မှတ်သားခွင့် ရခဲ့ပါသေးတယ်...။

ဆရာတော် ဘုရားကြီးတို့လို တစပ် ရှုမှတ်ဖို့ အချိန်မပေးနိုင်သူများ အနေနဲ့လည်း အားငယ် စိတ်ပျက်စရာ မလိုပါဘူး..။ အချိန် အားရင် အားသလို၊ အချိန် လစ်လပ်ရင် လစ်လပ်သလို ပွားများပေးနေ ဖို့ပါပဲ...။ ပွားများရာမှာလည်း ကိုယ်ကြိုက်နှစ်သက်ရာ၊ ကိုယ်နဲ့ အံဝင်နိုင်မယ့် နည်းနာတွေနဲ့ ရှုမှတ်နိုင်ပါတယ်...။ အဓိကကတော့ နည်းလမ်းမှန်မှန်နဲ့ ကိုယ့်ဆရာသမားတွေရဲ့ သြ၀ါဒကို ခံယူပြီး ရှုမှတ်နေဖို့ပါ။ ဒီလိုသာ ရှုမှတ်နေရင်တော့ ထင်းခုတ်တဲ့ ပုဆိန်ရိုးဟာ စစချင်းမှာ လက်ရာမထင်ပေမယ့် ကိုင်ပါများ၊ ခုတ်ပါများရင်တော့ လက်ရာ ထင်လာမှာပါပဲ...။ ကိလေသာတွေ ခမ်းသထက် ခမ်းလာမှာပါပဲ..။

ဒီနေရာမှာ ကိလေသာ ပယ်ပုံနဲ့ ပတ်သတ်လို့ မူလဓမ္မ ဆရာတော်ဘုရား ဟောကြားတဲ့ ဥပမာလေးကိုလည်း ဓမ္မဒါန ပြုချင်ပါသေးတယ်။ ဆရာတော် ဘုရားက..

ကိလေသာ ပယ်ပုံမှာ.. ဥပမာအားဖြင့် ရေပုံးထဲကို ရေအပြည့် ထည့်ထားပြီး ထိုရေပုံးထဲကို သဲတွေထည့်မယ်ဆိုရင် ရေပုံးထဲ ဝင်သလောက် ရေတွေလျှံထွက် သွားလိမ့်မယ်။ ပုံးနှင့်အပြည့်သဲတွေ ထည့်လိုက်လျှင် ရေအားလုံးထွက်ပြီး သဲပဲကျန်တော့မယ်။ ထိုသဲထဲမှာ အစိုဓာတ်လောက်ပဲ ရှိနေလိမ့်မယ်။

ထို့အတူ- သိပျက်သဘောရှိသော စိတ်အစဉ်က ရေပုံးနဲ့တူပါတယ်။ စိတ်အစဉ်မှာ ရှိသော အဟုတ်ထင်ထင်ခြင်း၊ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ လိုချင် ဖြစ်ချင်ရချင်ခြင်း ကိလေသာတွေက ပုံးထဲက ရေတွေနဲ့ တူပါတယ်။ ပျက်နေတယ်- လို့ရွတ်ခြင်းက ကိလေသာတွေ ထွက်သွားအောင် သဲထည့်တာနဲ့ တူပါတယ်။

ပျက်နေတယ်- လို့ရွတ်ပွားလို့ကောင်းတဲ့ တရားတွေ ပြည့်စုံပြီး ရဟန္တာ ဖြစ်တာကတော့ ရေပုံးထဲက သဲထဲမှာ အစိုဓာတ် ကျန်နေခြင်းနဲ့ တူပါတယ် ဆိုပြီး ဆရာတော် အရှင် ဓမ္မဓရကို ရှင်းပြတော် မူပါတယ်။ ဒီ ဥပမာမှာလည်း အဓိကကတော့ ရေပုံးထဲ သဲဖြည့်နေဖို့ပါပဲ..။ ကြိမ်ဖန်များစွာ ဖြည့်ရင်တော့ ကိလေသာရေတွေ လွင့်စင်သွားမှာပါ။

***************************************

ဘာပဲ ပြောပြောလေ.. ဒီ အတွေးတွေကို ပေးခဲ့တဲ့ အဆောင်ရှေ့က မြက်ခင်းစိမ်း ပေါ်မှာတော့ လမ်းကြောင်းရာက ထင်းလို့...။


ဆရာတော် ဘုရားတို့၏ အဆုံးအမများကို တန်ဖိုးထား လေးစားစွာ ဦးထိပ်တင်လျက်
ဖိုးသား

5/20/2010, THUR:, 1:52:15 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဆရာတော်တွေရဲ့ အဆုံးအမလေးကို နာယူမှတ်သားသွား ပါတယ် ဖိုးသားရေ..။
    အဆင်ပြေပျော်ရွှင်ပါစေနော်။

Leave a Reply