Latest News

*ဝေဘူဆရာတော် ညွှန်ပြတော်မူလေ့ရှိသော သန္ဒိဋ္ဌိက ဓမ္မလမ်းစဉ်*


၁။ ဘုရားအဆုံးအမ ဖြစ်တဲ့ ပိဋကသုံးပုံ အကုန်လုံးဟာ ဆင်းရဲမှလွတ်မှုတစ်ခု ဖြစ်၍ နည်းတွေ များသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံး လိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုခုကို ၀ီရိယမှန်မှန်နှင့် သန်သန်လုပ်ဖို့ အရေးကြီးတယ်။

၂။ စရဏနှင့် ၀ိဇ္ဇာ တစ်ပြိုင်နက် ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်ထဲမှာ အလုပ်နှစ်ခု ပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုတယ်)

၃။ ဘုရားစကား၊ ဆရာစကား တထစ်ချနာယူ၊ အရာရာရိုသေ၊ ကိုယ်ကိုနိုမ့်ချ၊ ခန်္တီနှင့် မေတ္တာ များများထားပြီး လုပ်ရတယ်။

၎။ ၀ိပဿနာတရားဆိုတာ ထင်ရှားရှိတဲ့ တရားကို မြင်အောင် ရှုမှတ်ခြင်းပင် ဖြစ်တယ်၊ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။

၅။ ထင်ရှားရှိတဲ့ တရားဆိုတာ တခြားမှာသွား၍ ရှာရတာမျိုးမဟုတ်။ ရှောင်မရ တိမ်းမရ မမြင်ချင်၍ မနေရအောင် ကိုယ်မှာအမြဲ ထင်ရှားရှိနေတဲ့ ရုပ်တရားတွေပဖြစ်တယ်။

၆။ ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ် တရားတွေထဲမှာ လူတိုင်း နားလည် လွယ်ကူတာဟာ အာနာပါန= ထွက်လေ ၀င်လေ ရှုမှတ်မှု ဖြစ်တယ်။

၇။ ထွက်လေ ၀င်လေဆိုတာ အမိဝမ်းမှမွေးကထဲက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘောဖြစ်တယ်၊ အလုပ်လုပ်နေရင်း စကားပြောနေရင်း စာကျက်နေရင်းလဲ ရှိနေတာပဲ။

၈။ ထွက်လေ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့ နေကြ၍ သတိမမူ ဂူမမြင် ဖြစ်နေကြတယ်၊ သတိမူရင် မြူကိုတောင် မြင်ရတယ် ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။

၉။ ကြည့် ဆိုရာမှာ ၀ိပဿနာ ဖြစ်ဖို့ရာအတွက် ထွက်လေ၀င်လေ ထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ် ရိပ်ရိပ်နှင့် တထိထဲထိနေတာကို တသိထဲသိနေအောင် တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင်ထူထူမိုးမှ နေပူဒဏ် မိုးရွာဒဏ် ခံနိုင်တယ်။
(၂၄-နာရီ တစပ်ထဲ ရပါစေ။)

၁၀။ တစ်ရက် ၂၄-နာရီ တစပ်လောက်ရလျှင် အလွန် သိသာပါတယ်၊ ဘုရားဆုံးမတာ မှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က (လဲလျောင်း မအိပ်သော) နိသဇ်ဓုတင်ဆောင်တဲ့ပုဂ်္ဂိုလ်များ ပိုပြီးတော့တောင်မှ အသက်ရှည်ကြ ကျန်းမာကြတယ်။ အိပ်ချင်လို့အိပ်ရင် တသံသရာလုံး နိုးတော့မှာ မဟုတ်ဘူး၊ အိပ်ချင်ရင် မအိပ်ချင်တဲ့ နေရာရှိတယ် အဲဒီကို ရောက်အောင်သွား။

၁၁။ ထိတာကိုသိနေလျှင် သိက္ခာသုံးပါး မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပကိ္ခယတရား ၃၇-ပါး ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ်။

၁၂။ ထိတာဟာ ရုပ်သဘောဖြစ်တယ်၊ သိတာဟာ နာမ်သဘောဖြစ်တယ်။

၁၃။ တရိပ်ရိပ်နှင့် နှာဖျား နှာဝမှာ ထိလိုက် ပျောက်လိုက် နေတာတွေကိုသာ တဆက်ထဲ သိမြင်အောင် ကြည့်ရှုနေရင် ကြာလျှင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး၊ အားကြီးလာတဲ့အခါ နှာဖျား နှာဝတွင်သာမက ခန္ဓာကိုယ်မှာလဲ အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကိုတွေ့ရမယ်။

၁၅။ တစ်ကိုယ်လုံး တရိပ်ရိပ် တရွရွ အမြဲမပြတ် ဖြစ်ပျက်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကိုကောင်းစွာ မြင်သောကြောင့်) ဒုက္ခနှင့် အနတ္တဟာ အလိုလိုထင်မြင် လာလိမ့်မယ်၊ ပါးစပ်က ဆိုနေဖို့မလိုဘူး၊ ၀ိပဿနာအလုပ်ဟာ ထိမှုကိုကြည့်ရှု သိနေရုံသာဖြစ်တယ်၊ ကြည့်ရှုနေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီးတိုးပြီး သိလာလိမ့်မယ်။

၁၆။ အဲဒီလို တရိပ်ရိပ်နှင့် ထိမှု သိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန် သိသာလှပါတယ်၊ ဘယ်လို သိသာသလဲဆိုတော့ ရေငတ်၍ နေသောသူသည် ရေကို သောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ ဖြစ်သွားတော့တယ်၊ သူများ မေးစရာမလို ကိုယ်တိုင်သိမယ် (သိနိ္ဒဋ္ဌိကော)။

၁၇။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်၊ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နှင့် တူတယ်။

၁၈။ ယုံယုံကြည်ကြည် လုံ့လ၀ီရိယရှိရှိနှင့် ထိမှုသိမှုတို့ကိုသာ တစ်ဆက်ထဲ ဖြစ်အောင်ကြည့်ရှုနေ၊ ထွေလီကာလီတွေကို လိုက်မလုပ်နှင့်၊ ယခုလုပ်၊ ယခုမီးငြိမ်း၊ ယခုချက်ချင်းပဲ ချမ်းသာတယ်။ (အကာလိကော)။

ဗုဒ္ဓဓမ္မ ဦးလောကနာထ

++++++++++++++++

လေးစားရိုသေစွာဖြင့်
ဖိုးသား

5/27/2010 8:28:15 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply