တတိယ ပရမတ္ထ တရားသည်ကား စေတသိက် တရားများ ဖြစ်၏။ စေတသိက် တရားများသည် စိတ်၏ ဂုဏ်သတ္တိများ ဖြစ်ကြ၏။ စေတသိက် တရားများမှာ စိတ်ဝိဉာဏ်နှင့် အာရုံတို့၏ ဆက်စပ်ပုံများကို အဆုံးအဖြတ် ပေးသော အရာများလည်း ဖြစ်၏။ သိစိတ်ဝိဉာဏ် ဖြစ်ပေါ်သော ခဏတိုင်း ခဏတိုင်း၌ စေတသိက် အတွဲအစပ် အပေါင်းအစပ် အမျိုးမျိုး ပေါ်လာကြသည်။ ပြီးနောက် တစ်ပြိုင်နက် ချုပ်ပျောက် သွားကြသည်။
လောဘ ဒေါသ မောဟ စေတသိက် သုံးပါးသည် အကုသိုလ်ကံ ကိစ္စ အားလုံး၏ အခြေအမြစ်များ ဖြစ်ကြပါသည်။ အကုသိုလ် မူလ စေတသိက် သုံးပါးဟုလည်း ခေါ်သည်။ ဥပမာ လောဘ စေတသိက်မှာ ၀တ္ထု အာရုံတို့၌ ကပ်ငြိခြင်း၊ ငြိတွယ်ခြင်း သဘောရှိ၏။ သိစိတ်ဝိဉာဏ် ခဏတွင် လောဘ စေတသိက် ဖြစ်ပေါ်လာသော အခါ ထိုလောဘ စေတသိက်က စိတ်ကို မြင်မြင်သမျှ ကြားကြားသမျှ အားလုံးကို ငြိတွယ် တပ်မက်သည့် သဘော ဖြစ်ပေါ်အောင် လွှမ်းမိုး ခြယ်လှယ်တော့သည်။ ဤကား လောဘ စေတသိက်၏ သဘာဝ လက္ခဏာပင် ဖြစ်၏။ သို့သော် ၄င်းစေတသိက် သည်လည်း အနိစ္စ သဘောရှိ၏။ မမြဲ၊ အမြဲရှိသည်ဟု ယူမှားသော အတ္တကောင် ငါကောင်လည်း မဟုတ်ချေ။ လောဘသည်လည်း သူ့သဘော သူဆောင်၍ ဖြစ်ပြီး ချုပ်တတ်သော စိတ်၏ ဂုဏ်သတ္တိ တစ်ရပ်မျှသာ ဖြစ်တော့သည်။
ဒေါသသည်လည်း စေတသိက် တစ်ခုမျှသာ ဖြစ်သည်။ အာရုံကို နှိမ်နင်း တိုက်ခိုက်သော သဘော လက္ခဏာရှိသည်။ ရန်ပြုတတ်သည့် သဘောရှိသည်။ ရန်ငြိုးဖွဲ့ခြင်း၊ မကောင်း ကြံစည်ခြင်း၊ စိတ်ဆိုးခြင်း၊ စိတ် အနှောင့်အယှက် ဖြစ်ခြင်း၊ သတ်ချင် ဖြစ်ချင်စိတ် ဖြစ်ခြင်း စသည့် စိတ်၏ အခြင်းအရာ လက္ခဏာများ အားလုံးသည် ဒေါသ စေတသိက်ကို ဖော်ဆောင်သော အချက်အလက်များ ချည်းသာ ဖြစ်ကြကုန်၏။ ဒေါသ စေတသိက်သည်လည်း ငါမဟုတ်၊ အတ္တမဟုတ်၊ ငါ့ဟာ ငါ့ပစ္စည်းမဟုတ်၊ အမြဲမရှိပါ။ ဖြစ်ပြီးနောက် ချက်ချင်း ပျက်ချုပ်ပျောက်ကွယ် သွားတတ်သော အနိစ္စတရား တစ်ရပ်သာ ဖြစ်တော့သည်။
မောဟ စေတသိက်သည် စိတ်ကို ပိတ်ဖုံးထားတတ်သော သဘော ရှိ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အာရုံကို သတိ မပြုမိတတ်ဘဲ ဖြစ်တတ်၏။ မောဟကြောင့် ဘာတွေ ဖြစ်ပျက်နေသည်ကို ကျွန်ုပ်တို့မှာ မသိနိုင်ဘဲ ဖြစ်နေတတ်သည်။
အပြန်အားဖြင့် ကုသိုလ် စေတသိက်သည်လည်း သုံးပါးအပြား ရှိ၏။ ၎င်းတို့မှာ အလောဘ၊ အဒေါသ၊ အမောဟ စေတသိက်များ ဖြစ်ကြ၏။ အလောဘ စေတသိက်သည် စွန့်ကြဲခြင်း၊ ရက်ရောခြင်း၊ ပေးကမ်း လှူဒါန်းခြင်း၊ တပ်မက်မှု စွဲလမ်းမှု သံယောဇဉ် ကင်းပြတ်ခြင်း သဘော ရှိ၏။ အဒေါသ စေတသိက်၏ သဘောသည်ကား မေတ္တာဖြစ်၏။ သူတစ်ပါး သတ္တ၀ါ အားလုံးတို့၏ ကောင်းကျိုး ချမ်းသာကို အလိုရှိသောစိတ်၊ သတ္တ၀ါ အားလုံးအပေါ်မှာ မိတ်ဆွေ သဘောထားသော စိတ်မျိုး ဖြစ်၏။ အမောဟ စေတသိက်သည် ပညာ သဘောကို ဆောင်သည်။ ပညာသည် အမြင် ကြည်လင်ခြင်း အမှုကိစ္စကို ပြုတတ်သည်။ ပညာသည် စိတ်၏ အလင်းရောင် နှင့်လည်း တူသည်။ မှောင်မိုက်သော အခန်းတစ်ခု အတွင်းသို့ ၀င်သွားသော အခါ သင့်မှာ မြင်နိုင်သော အစွမ်းသတ္တိ မရှိတော့သည့် အတွက် အရာခပ်သိမ်းတို့နှင့် ခလုတ်တိုက်ပြီး လဲကျနိုင်သည်။ အလင်းရောင် ထွန်းညှိ လိုက်သောအခါ အခန်းတွင်းမှာ ရှိသော အရာဝတ္ထုများ အားလုံးသည် ရှင်းရှင်းလင်းလင်း ပေါ်လာသည်။ ဤကား ပညာ စွမ်းဆောင်နိုင်သော ကိစ္စ ဖြစ်၏။ ပညာက စိတ်ကို အလင်းရောင် ထွန်းညှိပေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရုပ်နာမ် ဓမ္မများ၏ ဖြစ်စဉ်ကို လည်းကောင်း၊ ပါဝင်သော အတွင်းသား အကြောင်းအရာ များကိုလည်းကောင်း သိမြင်နိုင် ပါသည်။
ဤ စေတသိက်များ အားလုံးသည် ပုဂ္ဂိုလ်မရ၊ အတ္တ မရှိသော အနိစ္စ ဓမ္မများ ချည်းသာ ဖြစ်ကြ၏။ လောဘသဘော ရှိသော်လည်း လောဘ ကြီးနေသော ပုဂ္ဂိုလ် တစ်စုံ တစ်ယောက်ကား မရှိပါ။ ဒေါသ ရှိသော်လည်း ဒေါသ ထွက်နေသူ တစ်စုံတစ်ယောက် မရှိပါ။ ထို့အတူ ပညာ ရှိသည် ဆိုသော်လည်း ပညာရှိသော ပုဂ္ဂိုလ် တစ်စုံတစ်ယောက် မရှိပါ။ စွန့်ကြဲခြင်း ဒါန ရှိသော်လည်း ဒါန ပြုသူ ပုဂ္ဂိုလ်၊ အတ္တ တစ်စုံ တစ်ယောက်ကား မရှိပါ။ အခိုက်အတန့် တစ်ခုမှာ ပေါ်လာပြီး ပျောက်သွားသော စိတ်ဝိဉာဏ်များသာ ရှိပြီး ထိုစိတ်ဝိဉာဏ် ပေါ်လာခိုက်မှာ ယှဉ်ဖော် ယှဉ်ဖက်အဖြစ် ပါလာသော စေတသိက်များသာ ရှိပါသည်။ ထို စေတသိက် များသည်လည်း သူ့နည်းနှင့်သူ သူ့သဘောကို သူဆောင်ပြီး ဖြစ်ပေါ်နေကြ ပါသည်။ သို့ဆိုလျှင် “အတ္တ” ဆိုသော အယူအဆ၊ “ငါ” “ကိုယ်” ဆိုသော အယူအဆ ဘယ်ကဘယ်လို ပေါ်ပေါက်လာပါ သနည်း။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဘာကြောင့် ငါရှိသည်ဟု ယုံကြည်ချက် အထုံဓလေ့ ဖြစ်နေကြရ ပါသနည်း။
စေတသိက် တရားများတွင် အမြင်မှားမှု ဒိဋ္ဌိ စေတသိက်သည် တစ်ခု အပါအ၀င် ဖြစ်၏။ ထိုဒိဋ္ဌိ အမြင်သည် ရုပ်နာမ် ဓမ္မတို့၏ ပြောင်းလဲနေသော အမျိုးမျိုးသော အခြင်းအရာများကို ငါဟု သဘောထား မှတ်ယူတတ် လေသည်။ ၀ိဉာဏ်စိတ် ဖြစ်ပေါ်ဆဲ ခဏ၀ယ် ထို ဒိဋ္ဌိအမြင် ဖြစ်ပေါ်လာသော အခါ ငါဆိုသော ပညတ်စွဲ ဖြစ်ပေါ်လာပါ တော့သည်။ သို့သော် ထိုစေတသိက် သည်ပင်လျှင် ပုဂ္ဂိုလ်မရ၊ အတ္တမရှိသော အနိစ္စ ဓမ္မမျိုးသာ ဖြစ်၏။ တစ်ချိန်တွင် ပေါ်ပေါက်လာပြီးနောက် တစ်ချိန်တွင် ပျောက်ကွယ်သွားသော သဘောရှိသည်။ ကျွန်ုပ်တို့သည် ခဏတိုင်း ခဏတိုင်းမှာ သတိပဋ္ဌာန် တရားကို အားထုတ်နေနိုင်သော အခါ၌မူကား ထိုဒိဋ္ဌိ အမြင်မှားမှု သဘောသည် ဖြစ်ပေါ်လာနိုင်ခြင်း မရှိတော့ပါ။ ထိုအခါ ကျွန်ုပ်တို့သည် ငါစွဲ ငါ့ဟာစွဲ ငါ့ကို အစွဲများမှ ကင်းလွတ်သွားနိုင် ပါတော့သည်။ သတိပဋ္ဌာန် တရားကို အားထုတ်ဆဲ ခဏတိုင်းသည် ဤ အတ္တစွဲ၊ ငါစွဲ ကင်းရှင်းပြီး သန့်ရှင်း စင်ကြယ်နေသော ကာလ အခိုက်အတန့်များ ဖြစ်နေကြပါသည်။
ဆက်ပါဦးမည်။
ဆရာဦး ဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာမှ...
လေးစားရိုသေစွာဖြင့်
ဖိုးသား
6/12/2010, SAT:, 11:07:25 PM

*ပညတ်နှင့် ပရမတ်- ဂိုလ်းစတိန်း (အပိုင်း-၁)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၂)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၃)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၄)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၅)*

0 comments