Latest News

*ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေးမူ*

မြတ်စွာဘုရားရှင် သတ္တ၀ါတို့ အပေါ် မျှော်လင့်သည်မှာ ချမ်းသာစေလိုခြင်းပင် ဖြစ်၏။ သတ္တ၀ါတိုင်းက တူညီသော လိုလားချက် မှာလည်း တစ်ခုတည်းသော ချမ်းသာရေးသာလျှင် ဖြစ်သည်။ နှစ်မျိုးမရှိ။

ကောသမ္ဗီ အဓိကရုဏ်းကြီး ဖြစ်ပေါ်လာသော အခါ ဘုရားရှင်၏ ဆန္ဒတော်မှာ ပို၍ပင် ပေါ်လွင်လာခဲ့၏။ နေရာဌာန များစွာ၌ အကြောင်း အားလျော်စွာ လိုက်နာ ရှောင်ကြဉ်ရမည့် တရားများကို အမျိုးမျိုး အထွေထွေ ဟောပြတော် မူခဲ့ရပေ၏။ ဟောညွှန် ပြသမှုကလည်း ဒုက္ခလွတ်ကြောင်း အကောင်းချည်းသာ ဖြစ်၏။ အကျိုးများစေသည် ချည်းသာ ဖြစ်၏။ သို့ရာတွင် အခြေအနေ အားလျော်စွာ လိုက်နာ ကျင့်သုံးရန် အကောင်းထဲက အကောင်းဆုံးသည် အဘယ် အရာနည်းဟု သိရှိရန် အရေးကြီး လေသည်။

ဘုရားရှင်လည်း လိုလားတော် မူ၍ သတ္တ၀ါတိုင်းက ရယူလိုသော၊ တူညီသော၊ တစ်ခုတည်းသော အရာမှာ ချမ်းသာခြင်းပင် ဖြစ်ကြောင်း ငြင်းဖွယ်မရှိ။ သို့ရာတွင် ချမ်းသာအောင် လုပ်ဆောင်ရာတွင်ကား လုပ်နည်းလုပ်ဟန် အမျိုးမျိုး ထွက်ပေါ်လာ နိုင်၏။ အခြားဘာသာ ၀ါဒ နည်းများအရ မဆိုထားဘိ၊ ဗုဒ္ဓ ဒေသနာတော် နည်းအရပင်လျှင် ရှုမြင်ပုံခြင်း ကွဲပြားနိုင် ပေသည်။

ဘုရားရှင်၏ အလိုတော်ကား ရှင်းပေ၏။

၁။ ချမ်းသာလိုလျှင် (အရှင် ဘဂုထေရ် ကဲ့သို့) တစ်ယောက်တည်း ဆိတ်ငြိမ်ရာမှာ သတိပဋ္ဌာန်နှင့် နေ။
၂။ ထိုသို့နေရန် အခြေအနေ မပေး၍ အများနှင့် စုဝေး နေရလျှင် (အရှင် အနုရုဒ္ဓါတို့ ကဲ့သို့) မေတ္တာ သုံးမျိုးနှင့် နေဟု သင်ခန်းစာ ပေးတော်မူ လေသည်။

မြတ်စွာ ဘုရားရှင်ကား မေတ္တာဝါဒ လက်ကိုင်ရှိမှ သာလျှင် စည်းရုံးမှု၊ ချစ်ခင်ညီညွတ်မှု ရနိုင်၍ ချစ်ခင် ညီညွတ်မှု ရမှသာလျှင် ချမ်းသာနိုင်သည်ကို မြင်တော် မူသောကြောင့် ဖြစ်ပေသည်။

လူသည် ယေဘုယျ အားဖြင့် အုပ်စုအလိုက် အုပ်စုဖွဲ့၍ လောကီနယ်ပယ်၌ နေရသူ၊ အသိုင်းအ၀ိုင်း၊ အပေါင်းအဖော်၊ မိသားစု၊ မိတ်ဆွေ သင်္ဂဟနှင့် နေရသူ ဖြစ်သည်။ လောကုတ္တရာ နယ်ပယ်၌ တစ်ကိုယ်တည်း ကမ္မဋ္ဌာန်းနှင့် နေသူပင်လျှင် မေတ္တာကို လက်လွှတ်၍ မရ။ အုပ်စုလိုက် နေရသော လောကီ နယ်သားတို့ အတွက်ကား ဆိုဖွယ်ရာ မရှိ။ မေတ္တာဝါဒ ခံယူကျင့်သုံးမှု မရှိလျှင် ချစ်ခင်ညီညွတ်မှု မရ၊ နာနာဆန္ဒ (အကြိုက် အမျိုးမျိုး) ကြောင့် ငြင်းခုံ ကွဲပြားနေရမည်သာ ဖြစ်၏။ ချမ်းသာအောင် လုပ်ရင်းက ဒုက္ခ၀င်္ကဘာ လည်ကြရ ကုန်၏။

ထို့ကြောင့် ဘုရားရှင်သည် အုပ်စုနှင့် နေရသော လူသားတိုင်း အတွက် ပို၍ ပြည့်စုံသော ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး လမ်းညွှန်ကိုလည်း (ဆက္က အင်္ဂုတ္တရ ပါဠိတော်၊ သာရဏီယသုတ် စသည်တို့၌) ညွှန်ပြတော် မူခဲ့လေသည်။

“ရဟန်းတို့၊ သီတင်းသုံးဖော် (အတူတကွ နေရသူ) များ၏ ချစ်ခင်ခြင်း၊ လေးစားခြင်းကို ပြုတတ်ကုန်သော ဤ သာရဏီယ တရား ခြောက်မျိုးတို့သည် သင်္ဂြိုဟ် ထောက်ပံ့ရန် မငြင်းခုံ၊ ညီညွတ်ရန် တစ်ပေါင်းတည်း စည်းလုံးရန် ဖြစ်ကုန်၏…

တရား ခြောက်မျိုးတို့ကား…

၁။ မေတ္တာ ကာယကံထားခြင်း၊
၂။ မေတ္တာ ၀စီကံထားခြင်း၊
၃။ မေတ္တာ မနောကံထားခြင်း၊
၎။ မိမိပိုင် ပစ္စည်းများကို သီလရှိသော သီတင်း သုံးဖော်တို့နှင့် မခွဲခြား မကန့်သတ်ဘဲ အတူတကွ (အများဆိုင် ကဲ့သို့) သုံးစွဲခြင်း၊
၅။ တူညီသော ကိုယ်ကျင့် (သီလ) ရှိခြင်း၊
၆။ တူညီသော အယူဝါဒ (အမြင်) ရှိခြင်းတို့ ဖြစ်ကုန်၏”

ဤကား ကောသမ္ဗီ အဓိကရုဏ်းကြီးမှ ထွက်ပေါ်လာခဲ့သည့် ဘုရားရှင် မေတ္တာဝါဒ ပဓာန ညွန်ကြားအပ်သော ရလာဒ်ကြီး ပင်တည်း။

ဓမ္မာစရိယ ဦးဌေးလှိုင် ရေးသားသော မေတ္တာဝါဒ (ဗြဟ္မ၀ိဟာရ အဖွင့်) မှ..

လေးစားစွာဖြင့်
ဖိုးသား

6/16/2010, WED:, 6:47:05 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply