Latest News

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၇ နောက်ဆုံးပိုင်း)*

ဝိပဿနာ ကမ္မဋ္ဌာန်း ကိစ္စနှင့်ပတ်သတ်၍ မကြခဏ မေးလေ့မေးထရှိသော မေးခွန်းမှာ “ဘယ်သူ သတိပဋ္ဌာန် တရားကို အားထုတ်နေသလဲ၊ (ဘယ်သူ ရှုမှတ်နေသလဲ)” ဆိုသော မေးခွန်းဖြစ်၏။ သတိပင်လျှင် စေတသိက် တစ်ခုဖြစ်၏။ သတိ၏ ကိစ္စမှာ အာရုံသည် ဘာလဲဆိုသည်ကို သိအောင် အာရုံပြု၍ ရှုမှတ်ခြင်း ဖြစ်သည်။ ပစ္စုပ္ပန် တည့်တည့်ကို သိ၍နေအောင် ရှုမှတ်ခြင်း ကိစ္စသည်ပင် သတိဖြစ်သည်။ ဂါဒ်ဂျီးဖ် ဆိုသူက ဤ ဂုဏ်သတ္တိကို ကိုယ့်ကိုယ်ကို အောက်မေ့ခြင်း သဘောဟု ခေါ်လေသည်။



သတိအပြင် သတိပြုနေသူ ပုဂ္ဂိုလ် တစ်စုံတစ်ရာ မရှိပါ။ တစ်စုံတစ်ခုသော စေတသိက်၏ ဆောင်ရွက်နေမှု သဘော သက်သက်မျှသာ ဖြစ်ပါသည်။ ငြိတွယ်ခြင်းသော် လည်းကောင်း၊ ပြစ်တင် ရှုတ်ချခြင်းသော် လည်းကောင်း၊ ငါ၊ ကိုယ်ဟု သဘောထား ယူဆခြင်းသော် လည်းကောင်း ကင်းသော သဘောသက်သက်သည် သတိ စေတသိက်ဖြစ်၏။ သတိအား ကောင်းလာသောအခါ သင်္ခါရတရား အားလုံးသည် ယာယီခေတ္တ သဘောဖြင့် ပြောင်းလဲနေကြသော အတ္တ ဗလာနတ္ထိဖြစ်သော သဘောများသာ ဖြစ်သည်ကို သဘောပေါက်လာ နိုင်ပါသည်။



ကျွန်ုပ်တို့သည် ကြီးမား ရှုပ်ထွေးသော ရွေ့လျား ပြောင်းလဲနေသော ပဟေဠိ အရုပ်ကားချပ် (ဇယားကွက်) တစ်ခုနှင့် တူပါသည်။ ထိုဇယားကွက် ရုပ်ပုံကားချပ်တွင် ပဟေဠိ ဖြစ်နေသော အရာများမှာ ရုပ်တရား၊ စိတ်တရားနှင့် စေတသိက် တရားများ ဖြစ်ကြပါသည်။ ထို ပုံကားချပ်၏ တကွဲတပြားစီ ဖြစ်နေသော အစိတ်အပိုင်း ကလေးများကို တစ်ခုနှင့်တစ်ခု ဆက်စပ်လိုက်သော အခါ ကျွန်ုပ်တို့သည် ယောကျာ်း သဏ္ဌာန်ကိုလည်း မြင်ရသည်။ မိန်းမ သဏ္ဌာန်ကိုလည်း မြင်ရသည်။ သစ်ပင်ပုံ အိမ်ပုံများကိုလည်း မြင်ကြရသည်။ သို့သော် ထိုပုံသဏ္ဌာန် များမှာ အရုပ်ကွက်၏ အစိတ်အပိုင်းများကို မိမိတို့ ဆက်စပ်၍ ရုပ်လုံးဖော်နည်း အပေါ်မှာ မူတည်ပါသည်။ ၄င်းတို့ကား ပညတ်တွေသာ ဖြစ်ကြပါသည်။



အမြဲအစဉ် ဖောက်ပြန်ပြောင်းလဲ စီးဆင်းနေသော အရာခပ်သိမ်းတို့၏ မူလ အခြေခံသည်ကား ရုပ်ဓာတ်နှင့် နာမ်ဓာတ် နှစ်ခုသာ ဖြစ်ပါ၏။ ရုပ်နာမ် တရားသည် စွမ်းအင် သတ္တိကြီးများ ဖြစ်၏။ ထိုစွမ်းအင် သတ္တိကြီးများမှာ ကျွန်ုပ်တို့၏ အတွေ့အကြုံ အားလုံးကို ခြယ်လှယ်နေကြ၊ ဖွဲ့စည်း ဖြစ်ပေါ်စေကြသော ပရမတ် တရားကြီးများ ဖြစ်ကြပါသည်။



ပရမတ်တရား လေးပါးအနက် စတုတ္ထမြောက် နောက်ဆုံး ပရမတ် တရားသည်ကား နိဗ္ဗာန် ပရမတ် ဖြစ်၏။ နိဗ္ဗာန်ကား လိုဏ်ခေါင်းကြီးထဲမှာ အတုပ်နှောင် ခံနေရသူများ အနေနှင့် တုပ်နှောင်ထားသော ကြိုးများ အားလုံးမှ လုံးဝ လွတ်မြောက်ပြီးနောက် နေ၏ အလင်းရောင်ရှိရာ လိုဏ်ဂူ အပြင်ဘက်သို့ ထွက်မြောက်ရသည့် အတွေ့အကြုံနှင့် အတူတူ ဖြစ်ပါသည်။ အလေ့အထုံ ဖြစ်အောင် ပြုပြင် ဖန်တီးလျက် ရှိသော သင်္ခါရ နာမ်ရုပ် ဖြစ်စဉ်မှ ၀ိမုတ္တိနယ်သို့ လွတ်မြောက်သွားခြင်း၊ အချုပ်အနှောင်မှ လွတ်ထွက်သွားခြင်း သဘောကိုပင် နိဗ္ဗာန်ဟု ခေါ်ခြင်းဖြစ်၏။



ဤ ပရမတ္ထတရား လေးပါးစလုံးကို ကိုယ်တွေ့ ဉာဏ်တွေ့ အတွေ့အကြုံဖြင့် သိနိုင်ပါသည်။ ၄င်း ပရမတ် တရားများကို ဖော်ပြရန်အတွက် သုံးနှုန်းနေသော စကားလုံး အသုံးအနှုန်း များကတော့ ပညတ်များသာ ဖြစ်ကြပါသည်။ ပညတ်များကို တွေ့ကြုံ၍ မရပါ။ ၄င်းတို့က အတွေ့အကြုံကို ညွှန်ပြသည့် သဘောလောက်သာ ရှိပါသည်။ ခု ကျွန်ုပ်တို့ အားလုံးသည် အ၀ိဇ္ဇာမှောင် လိုဏ်ဂူကြီးထဲက လွတ်မြောက်သွား နိုင်အောင် သံယောဇဉ် ကြိုးများကို ဖြတ်တောက်ဖို့အတွက် ကြိုးစားနေကြသူများ ဖြစ်ကြပါသည်။ တရား အားထုတ်နေစဉ် ကာလအတွင်း မှာတော့ ကျွန်ုပ်တို့မှာ တစ်ကိုယ်လုံး အဆမတန် ကိုက်ခဲ နာကျင်သော ဝေဒနာကို ခံစားနေရပြီး စိတ်ကလည်း ဂယောက်ဂယက် မငြိမ်မသက်နှင့် ကိုယ့်ကိုယ်ကိုလည်း သံသယ ဖြစ်မှုတွေမှ အပ ဘာမျှ ထူးထူးခြားခြား မဖြစ်သလို ထင်မြင်နိုင်ပါသည်။



သို့သော် တကယ့်တကယ် မှာတော့ သတိနှင့်ယှဉ်၍ သိနေသော အခိုက်အတန့် ပစ္စုပ္ပန် ခဏတိုင်းသည် ကျွန်ုပ်တို့ကို တုပ်နှောင်နေသော သံယောဇဉ် အနှောင်အဖွဲ့တွေ လျော့ကျသွားအောင် အားနည်းသွားအောင် ကူညီ ထောက်ပံ့နေပါသည်။ ကျွန်ုပ်တို့သည် သတိပညာ မြဲမြံမှု အရှိန်အဟုန်ကို ရအောင် ကြိုးပမ်း တည်ဆောက် နေကြခြင်း ဖြစ်ပါသည်။ သတိမြဲပြီး သမာဓိ အားကောင်းလာသည်နှင့် အမျှ စိတ်သည် ပို၍ တန်ခိုးသတ္တိ ရှိလာပြီး ပို၍ ထိုးထွင်း သိမြင်နိုင်သော ဉာဏ်အား ကောင်းလာပါသည်။ သည်းခံခြင်း အားဖြင့် ကျွန်ုပ်တို့သည် ရုပ်နာမ်တို့၏ ဖြစ်စဉ်ကို စတင်၍ ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့လာပါသည်။ ထိုအခါ ငါစွဲအတ္တ ကင်းရှင်းစ ပြုလာပါသည်။ အ၀ိဇ္ဇာမှောင် လိုဏ်ဂူကြီးထဲက အ၀ိဇ္ဇာဉာဏ် အလင်းတည်ရာ ငြိမ်းချမ်းသော အဖြစ်သို့ ရောက်ကာ လွတ်မြောက်ခြင်း အစ ဖြစ်ပေါ်လာပြီ ဖြစ်ကြောင်း သိလာပါသည်။





*ပညတ်နှင့် ပရမတ်- ဂိုလ်းစတိန်း (အပိုင်း-၁)*

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၂)*

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၃)*

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၄)*

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၅)*

*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၆)*





ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာမှ...



လေးစားစွာဖြင့်

ဖိုးသား

8/11/2010, WED:, 6:11:25 PM



Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply