Latest News

*မပိုင်.. ဘာတစ်ခုမှ ကိုယ့်မှာမပိုင်..*

အာရုံတစ်ခုရဲ့ စေ့ဆော်မှုကြောင့် ကျွန်တော် အိပ်ပျော်နေရာမှ ဖတ်ခနဲ မျက်လုံးဖွင့်မိသည်။ ပြီးတော့မှ အော် ငါ ဘုန်းကြီးကျောင်းမှာ ရောက်နေတာပါလား ဆိုပြီး သတိရလိုက်သည်။ ပတ်ဝန်းကျင်က တအား တိတ်ဆိတ်နေသည်။ အအေးဓာတ်ကလည်း ကဲနေသယောင်။

ကျွန်တော် မထသေးဘဲ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်သုံးသပ်မိသည်။ ထို သုံးသပ်မှုနှင့်အတူ ကြောက်သလိုလို၊ အားငယ်သလိုလို အတွေးတွေ ၀င်မိသည်။ ဘာဖြစ်လို့ ထိုအတွေးတွေ ၀င်မိတာပါလဲ..။ ကျွန်တော့်မှာ ဘာမှ မပိုင်သည့် အဖြစ်ကို သွားတွေးမိ၍ ဖြစ်သည်။

ကျွန်တော့် ကျောကုန်းအောက်တွင် ဒန်းလော့ရှိသည်။ ခေါင်းအောက်မှာ ခေါင်းအုံးနှစ်လုံး ဆင့်ထားသည်။ ကျွန်တော့် ကိုယ်ပေါ်တွင် စောင်ထူတစ်ထည် လွှမ်းခြုံထားသည်။ ခဏကြာလျှင် ကျွန်တော် ထိုအရာများကို စွန့်ရတော့မည်။ ကျွန်တော် နေသည့် အဆောင်သို့ ပြန်ရတော့မည်။ ညက တစ်ညလုံးနှင့် ဒီနေ့ နေ့လည် တရေးစာတော့ ထို စောင်၊ ခေါင်းအုံး၊ ဒန်းလော့များကို ကျွန်တော် ပိုင်ထားသည်။ ပိုင်ထားသည် ဆိုသော်လည်း ပိုင်နေသယောင်သာ၊ တခဏမျှသာ ပိုင်ထားရုံမျှသာ။ ထို ပစ္စည်းများသည် ဘုန်းကြီးကျောင်းပိုင် ပစ္စည်းများ..။ တခဏလာ တည်းခိုသူတွေ အတွက်တော့ ထို အရာများသည် တခဏ ပိုင်ဆိုင်နေသဖွယ် ဖြစ်နေသည်။ တစ်ညတာ အိပ်လျှင် တစ်ညတာတော့ ပိုင်ကောင်းပိုင်မည်။ နှစ်ညတာ ဆိုလျှင်တော့ နှစ်ညပေါ့..။ သို့သော် အိပ်ယာထပြီ ဆိုတာနဲ့ ထို စောင်၊ ခေါင်းအုံးများကို ကိုယ်နဲ့မကွာ ယူ၍ မဖြစ်နိုင်တော့။ ယူဆောင်၍လည်း မရနိုင်။ ကိုယ်မှ ခွါကာ မူလနေရာတွင် ထားခဲ့ရတော့မည်။ စွန့်ခဲ့ရတော့မည်။

အတွေးစဉ်တွေ ကျွန်တော့် အာရုံကို ရိုက်ခတ်သွားသည်။ ကြောက်စိတ်တွေ ၀င်လာသည်။ ၀န်းကျင် တစ်ခုလုံးကလည်း မိုးအုံ့နေသည်။ တိတ်ဆိတ်မှုကလည်း ကြောက်ခမန်းလိလိ။ ကြားဖူးနားဝ ရှိသည့် တစ်လောကလုံး ဆိတ်သုဉ်းနေတယ် ဆိုတာ ဒီလိုမျိုးများလား..။ အသက် ရှူသံကလွဲ၍ အသံဗလံ ဘာသံမျှမကြားရ။

ကျွန်တော့်အနီးအနားရှိ ပစ္စည်းတွေကလည်း စကားသံမရှိ၊ စကားလုံးမရှိ။ ကြည့်လေ..။ ကျွန်တော့် ကိုယ်ပေါ်မှာ ဆွယ်တာ တစ်ထည်ရှိသည်။ ဆွယ်တာအောက်မှာ တီရှပ် လက်ရှည် တစ်ထည်၊ နောက် ပုဆိုးတစ်ထည်။ ကျွန်တော့် ဘယ်ဘက်မှာ မျက်စိ ဇရာပြ၍ မချွတ်တမ်း တပ်ခဲ့ရသော ကျွန်တော့်မျက်မှန် ရှိသည်။ ကျွန်တော့် ညာဘက် ခေါင်းအုံးဘေးမှာ အမည်တွင်ရုံသာ ရှိသော အနက်ရောင် ဖုန်းတစ်လုံး..။ ထိုပစ္စည်းတွေမှာ သူတို့မှာ စကားသံမရှိ၊ ကျွန်တော်ပိုင်သော ပစ္စည်းတွေပါ လို့လည်း စကားသံ ထွက်မလာ.. အားလုံးဟာ တိတ်ဆိတ်လို့..။

ဆွယ်တာလား.. ကျွန်တော် ၀တ်ထားတော့ ကျွန်တော့ ဆွယ်တာပေါ့.. ကျွန်တော် မ၀ယ်ခင် ဆိုင်ပေါ်မှာတုန်းကတော့ ဆိုင်က ဆွယ်တာလေ.. ဒီ ဆိုင်ပေါ် မတင်ခင်ကကော.. ဆိုင်ကြီးတစ်ဆိုင် ဒါမှမဟုတ် ဆွယ်တာ စက်ရုံက ပိုင်တဲ့ ဆွယ်တာ..။ အော်.. အမည်အရသာ ဆိုင်က ဆွယ်တာ၊ ငါ့ဆွယ်တာ၊ သူ့ဆွယ်တာနဲ့ ဖြစ်နေကြတာ..။ တကယ်တော့ ဒီဆွယ်တာ ဘယ်သူပိုင်လဲ..။ ကျွန်တော် ပိုင်တာလား..၊ ထားပါတော့ ကျွန်တော် ပိုင်တယ်လို့ပဲ..။

ဒါဆို ခုနေ ကျွန်တော် သေသွားရင်…

ဒီဆွယ်တာ ဘယ်သူပိုင်မလဲ… ကျွန်တော်နဲ့အတူ ထည့်ပေးလိုက်မှာလား.. မဖြစ်နိုင်.. မဖြစ်နိုင်ဘူး.. ချွတ်ယူထားမယ့်သူတွေ ရှိချင်ရှိဦးမှာ..

ဒါဆို မျက်မှန်တို့ ဖုန်းတို့ကကော.. ပိုပြီး မဖြစ်နိုင်သေးတယ်.. ယူထားမယ့်သူတွေ တစ်ပုံကြီး၊ ယူမယ့် သူတွေက အများကြီး။ ဒါဆို အဆောင်မှာ ရှိတဲ့ ကျွန်တော့် ပစ္စည်းတွေ.. ဘယ်လိုလုပ်ရမလဲ.. ကျွန်တော့် အိပ်ယာ ခေါင်းရင်းက ကျွန်တော့် ကွန်ပျူတာ၊ နောက် စုပေါင်းစပ်ပေါင်း ၀ယ်ထားတဲ့ ရေခဲသေတ္တာ၊ နောက်ပြီး ဟိုး ညာဘက်ဒေါင့်နားက ပရင်တာ၊ ပြီးတော့.. ဟိုဟာ ဒီဟာ အတွက် ရည်ရွယ်ပြီး ကျွန်တော် စုထားတဲ့ ပိုက်ဆံတွေ၊ နောက် လိုတဲ့သူတွေကို ကျွန်တော် ချေးထားတဲ့ ပိုက်ဆံတွေ… နောက်ပြီး ၀ူဖာ၊ စားပွဲတင်နာရီ၊ အ၀တ်အစားတွေ.. နောက်ပြီး.. ဒစ်စ်ကောင့် တုန်းက ၀ယ်ထားတဲ့ ကင်မရာ.. အားပါး.. အများကြီးပဲ.. သူတို့တွေ ယူကြတော့မယ်.. ဟုတ်ပ.. ယူကြမှာ.. ကျွန်တော်နဲ့ ဘာတစ်ခုမှ ထည့်ပေးမှာ မဟုတ်ဘူး..။ ဟင် ကြည့်စမ်းပါဦး.. ကျွန်တော် ပိုင်တယ် ထင်ထားတာတွေ၊ ကျွန်တော့် ပစ္စည်းတွေ.. ခုတော့.. ပိုင်သေးရဲ့လား.. အီး ဟီး ဟီး.. ငိုတောင် ငိုချင်တယ်..

ပြီးတော့ ရှိသေးတယ်.. မြန်မာပြည်မှာ ကျွန်တော် အမွေရမယ့် မြေကွက်နဲ့ အိမ်၊ အမေ လုပ်ပေးထားတဲ့ လက်စွပ်တစ်ကွင်း၊ နောက် အဖေရှိစဉ် တုန်းက လုပ်ပေးခဲ့တဲ့ ငါးမူးသား ဆွဲကြိုးလေး.. သွားပြီ.. ကျွန်တော့်အတွက် ဘာမှ မရှိတော့ပါလား.. သွားရှာပြီ..။ နောက် ရန်ကုန်က အိမ်မှာ လခထဲက စုစုပြီး ၀ယ်ထားတဲ့ ဆရာတော် အရှင်ဆန္ဒာဓိက ရေးတဲ့ စာအုပ်တွေ၊ ဆရာတော် ရဝေနွယ်တို့၊ ဆရာတော် ဦးဇောတိကတို့ ရေးတဲ့ စာအုပ်တွေ.. နောက် ကျွန်တော့် မေဂျာနဲ့ ဆိုင်တဲ့ စာအုပ်တွေ.. ဒါတွေလည်း သွားရှာပြီ။ အမေရေ.. ကယ်ပါဦးဗျ… အဲလို အော်ရင် ကောင်းမလား.. ဒီလို အော်လို့ကော အဲဒီ ပစ္စည်းတွေ ကျွန်တော် ပိုင်လာမှာလား.. နိုး.. နာ့သင်း..

ဒါဆို ကျွန်တော် ရထားတဲ့ ဘွဲ့တွေ၊ ရာထူးတွေ၊ အဆင့်အတန်းတွေ… ဒါတွေကကော… အီး ဟီး.. ဒါတွေ အားလုံးလည်း ကျွန်တော်နဲ့အတူ ရောပြီး မြေမြှုပ် သင်္ဂြီုလ်ကြတော့မှာ.. အပြင်ပန်းတော့ ငိုချင် ငိုနေမှာပေါ့ ကျွန်တော် သေတယ်ဆိုပြီး.. ဒီလို ငိုတာကလည်း ဘယ်လောက် ကြာကြာ ခံမှာမို့လို့လဲ.. ဘယ်နှစ်လ၊ ဘယ်နှစ်နှစ်လောက်များ သတိရနိုင်မှာ မို့လို့လဲ..

ကျွန်တော် ဆက်တွေးမိသည်.. ကျွန်တော် တကယ့်တကယ် သေခါနီးကျရင် ကျွန်တော့် ပတ်ဝန်းကျင်သည် ဒီလိုပဲ တိတ်ဆိတ်နေမှာလား.. လောကကြီးကတော့ တကယ့်ကို ဆိတ်သုဉ်းတာ အမှန်.. နောက်ပြီး ခုန ကျွန်တော့် ပစ္စည်းတွေ ကျွန်တော်တကယ် မပိုင်တာကလည်း အမှန်..

~~~~~~~~~~~~~~~~~~~~~~

04.09.2010 စနေနေ့က ဒီမြို့မှာရှိတဲ့ ထိုင်းဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းအဖြစ် ရှမ်းခေါက်ဆွဲ ချက်ကပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းက သူ့အဖေဆုံးတာ လေးနှစ်ပြည့် ကုသိုလ်ပြုချင်သည်ဆို၍ သွားရောက် ကပ်ဖြစ်ခဲ့တာပါ။ နေ့ဆွမ်းကိုတော့ ချက်ကပ်မည့်သူတွေ ရှိ၍ ကျွန်တော်တို့ မကပ်ခဲ့တော့ဘဲ ဟိုဟာလုပ်၊ ဒီဟာကူနဲ့ ဝေယျာဝစ္စလောက်သာ ၀ိုင်းကူဖြစ်ခဲ့ပါတယ်။ အဲဒါ နေ့လည်ဘက် ခဏ အိပ်အပြီး နိုးတဲ့အချိန် ဆင်ခြင်မိတဲ့ အတွေးကို အခု စာရေးတဲ့အချိန် ထပ်ဆင်ခြင်မိတဲ့ အတွေးနဲ့ ရောသမလို့ စာဖတ်သူတွေ သံဝေဂ တိုးစေဖို့ ရည်ရွယ်ပြီး ရေးလိုက်ပါတယ်..။

အားလုံးပဲ ပြုခဲ့သမျှ ကုသိုလ် အစုစုကိုလည်း ထပ်တူထပ်မျှ ရစေဖို့ အမျှပေးဝေလိုက်ပါတယ်.. ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်နိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

9/5/2010, SUN:, 1:11:01 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply