Latest News

"လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားမနာပါနဲ့လေ..."

သင်သေသွားသော် . . . . . .
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
....................................................................

လူဆိုတာ သေမျိုးလို့ပြောကြတယ်။အမှန်တော့ လူမှမဟုတ်ပါဘူး။မရဏဆိုတဲ့အရာဟာ သက်ရှိသက်မဲ့ အားလုံးနဲ့ဆိုင်ပါတယ်။အရာအားလုံးမှာ သက်တမ်းဆိုတာရှိကြလေတော့ သက်တမ်းကုန်ရင်ဖြင့် မရဏသဘောနဲ့ တစ်ဘ၀ချောကြရတာပါပဲ။မရဏဆိုတာလည်း စုတိသဘောမျှသာပါပဲ။စုတိဆိုတာ ရွေ့လျောခြင်း၊ ရွေ့လျားခြင်း၊ ရွှေ့ပြောင်းခြင်းသဘောမျှသာပါပဲ။

သေတယ်ဆိုတာ အဆန်းတော့ လည်းမဟုတ်ပါဘူး။အာယုဆိုတဲ့ အသက်၊ ဥသ္မဆိုတဲ့ကိုယ်ငွေ့၊ ၀ိညာဏဆိုတဲ့အသိစိတ်ဝိညာဏ်၊ ဒီသုံးခုချုပ်ငြိမ်းသွားခြင်းမျှသာပါပဲ။သူတို့ သုံးခုက ခန္ခာကိုယ်ကြီးကို စွန့်ခွာသွားတဲ့အခါ ခန္ဓာကိုယ်ကြီးဟာ ထင်းပုပ်၊ ထင်းဆွေးလို ဘာမှအသုံးမ၀င်တော့ပါဘူး။

ဒီနေရာမှာ အသက်ဆိုတာ အတ္တမဟုတ်ဘူး၊ငါမဟုတ်ဘူး၊ အကောင်မဟုတ်ဘူး။အကောင်အထည် မရှိဘူး။သဘောသက်သက်မျှပဲ။ဥသ္မဆိုတဲ့အပူငွေ့ကလည်း သဘော သက်သက်မျှပဲ။ ၀ိညာဏဆိုတဲ့ အသိစိတ်ကလည်း အတ္တကောင်၊ လိပ်ပြာကောင်၊၀ိညာဉ်ကောင်မဟုတ်ဘူး။သိရုံမျှသဘောပဲ။ ဒီသဘောသုံးခု ချုပ်ငြိမ်းသွားခြင်းဟာ သေခြင်းပဲ။တစ်ဘ၀ဇာတ်သိမ်းခြင်းပဲ။

လူတွေသေကြရတဲ့ကိစ္စမှာ တချို့က အာယုက္ခယ-သက်တမ်း ကုန်လို့သေရတယ်။တချို့က ကမ္မယက္ခ- ကံကုန်လို့သေရတယ်။တချို့က ဥဘယက္ခယ-သက်တမ်း၊ကံနှစ်မျိုးလုံးကုန်လို့ သေရတယ်။တချို့က ဥပစ္ဆေဒက- သက်တမ်းကံ မကုန်သေးပေမဲ့ မထင်မှတ်တဲ့ ဘေးပယောဂတစ်ခုခုကြောင့်သေရတယ်။တချို့ ဆေးထိုးမှားလို့၊ ဆေးထိရောက်အောင်မကုသနိုင်လို့စသည် ဖြင့်ဘ၀ရဲ့ချို့တဲ့မှုတွေကြောင့် မသေသင့်ဘဲ သေရတာတွေရှိတယ်။မသေသင့်ဘဲ သေရတာမှန်ရင်တော့ ဥပစ္ဆေဒက ကံပဲ။

တစ်ယောက်က ပြောတယ်။ ပြီးတော့လည်းပြီးတာပါပဲ ဘာမှမဟုတ်ပါဘူးတဲ့။ ဒါကတော့ အမှန်ပဲ။လူဆိုတာ ဟုတ်လိမ့်နိုးနိုးနဲ့ အ သက်ရှင်နေကြတာ။ပြီးတော့လည်း ဘာမှသိပ်မဟုတ်ပါဘူး။တစ်ယောက်ကတော့ ပြီးရင်ပြီးပြီတဲ့။ နောက်တစ်ယောက်ကတော့ သေရင်ပြီးပြီတဲ့။သေလို့ပြီးစတမ်းဆိုရင် သိပ်ကောင်းတာပေါ့။ အခုတောင် သေချင်တဲ့သူ တွေရှိချင်ရှိပါလိမ့်မယ်။တကယ်တမ်းက သေရင်မပြီးသေးလို့ ခက်နေတာ။

လူသေရင် လူဖြစ်နိုင်သလို နတ်လည်းဖြစ်နိုင်တယ်။ဗြဟ္မာလည်းဖြစ်နိုင်တယ်။တိရစ္ဆာန်လည်း ဖြစ်နိုင်တယ်။ငရဲသားလည်း ဖြစ်နိုင် တယ်။လူစိတ်နဲ့နေ၊ လူစိတ်နဲ့သေရင် လူဖြစ်လိမ့်မယ်။နတ်စိတ်နဲ့နေ၊ နတ်စိတ်နဲ့သေရင် နတ်ဖြစ်လိမ့်မယ်။ဗြဟ္မာစိတ်နဲ့နေ၊ ဗြဟ္မာစိတ်နဲသေရင် ဗြဟ္မာဖြစ်လိမ့်မယ်။ဒီလိုပါပဲ။ တိရစ္ဆာန်စိတ်နဲ့နေ၊ တိရစ္ဆာန်စိတ်နဲ့ သေရင်တော့ တိရစ္ဆာန်ဖြစ်မှာပဲ။

နတ်ပြည်ခြောက်ထပ်က နတ်တွေကလူ့ဘုံ၊ လူ့ဘ၀ကို အကောင်းဆုံး သုဂတိလို့သတ်မှတ်တယ်။လူ့ဘုံ ဆိုတာ လမ်းဆုံလမ်းခွပါ။လူ့ဘုံကနေ အထက်ဘ၀ဂ်ထိ တက်နိုင်တယ်။ အောက်အ၀ီစိထိ ဆင်းနိုင်တယ်။ ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့ဆိုတာ လူ့ဘ၀ကနေ သွားကြရတာပါ။ဒါကြောင့် လူ့ဘုံ၊ လူ့ဘ၀ ဆိုတာ အကောင်းဆုံးဘုံဌာနတစ်ခုပါ။

အဲဒီအကောင်းဆုံး လူ့ဘ၀ဆို တာ စိတ်ကောင်း၊ စေတနာကောင်းကြောင့်ဖြစ်လာရတာပါ။ စိတ်ကောင်း၊ စေတနာကောင်းကောင်းကြောင့် လူဖြစ်ရတာမို့ လူ့စိတ်ဆိုတာစိတ်ကောင်း စေတနာကောင်းပါ။စိတ် ကောင်း၊စေတနာကောင်းဆိုတာ ကူညီချင်စိတ်၊ ရိုင်းပင်းချင်စိတ်၊ မျှတချင်စိတ်၊ အတ္တပရမျှတတဲ့စိတ်၊ ပရဟိတကို သယ်ပိုးဆောင်ရွက်လို စိတ်စတဲ့ စိတ်ကောင်း၊စိတ်မြတ်တွေပါ။အဲဒီစိတ်တွေနဲ့နေတဲ့သူဟာ လူစိတ်နဲ့နေသူပါ။ အဲဒီစိတ်တွေနဲ့ သေသူဟာ လူစိတ်နဲ့သေသူပါ။

နတ်စိတ်ဆိုတာ ဒါနသီလစတဲ့ ကုသိုလ်တွေနဲ့ယှဉ်တဲ့စိတ်ပါ။ဗြဟ္မာစိတ်ဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ယှဉ်တဲ့စိတ်ပါ။နတ်စိတ်နဲ့နေ၊ နတ်စိတ်နဲ့သေရင် နတ်ဖြစ်မှာပါ။ဗြဟ္မာ စိတ်နဲ့နေ၊ ဗြဟ္မာစိတ်နဲ့ သေရင်ဗြဟ္မာဖြစ်မှာပါ။လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန၊ ဣဿာမစ္ဆရိယ စတာတွေက တိရစ္ဆာန်စိတ်၊ သို့မဟုတ် ငရဲစိတ်တွေပါ။ဒီစိတ်တွေနဲ့နေ၊ ဒီစိတ်တွေနဲ့ သေရင် တော့တိရစ္ဆာန် ဖြစ်ရမှာပါ။ ငရဲရောက်ရမှာပါ။ ဒီတော့ မိမိတို့ဘယ်စိတ်နဲ့ နေကြမှာလဲ။ဘယ်စိတ်နဲ့သေကြမှာလဲ။ကြိုက်ရာကို ရွေးချယ်ကြဖို့ပါ။

စာထဲမှာ တောဒေယျဆိုတဲ့ ပုဏ္ဏားသူကြွယ်ကြီးတစ်ဦးဟာ လောဘ၊ ဒေါသအတ္တမာနစတဲ့ ခွေးစိတ်နဲ့နေ၊ ခွေးစိတ်နဲ့သေလို့သေပြီး နောက်ခွေးဖြစ်ရရှာပါတယ်။အပါယ် စိတ်နဲ့နေလို့ဝက်ဖြစ်ရတာတွေ၊ နွားဖြစ်ရတာတွေရှိသလို ပြိတ္တာဖြစ်ရတာတွေ၊ ငရဲရောက်ရတာတွေ မြောက်မြားစွာရှိပါတယ်။အရေးကြီးတာက မိမိတို့ဘယ်စိတ်နဲ့နေကြမှာလဲ။ဘယ်စိတ်နဲ့သေကြမှာလဲဆိုတာပါ။ ဗလာဟင်းလင်းစိတ်နဲ့နေပြီး ဗလာဟင်းလင်းစိတ်နဲ့သေကာ ဗလာဟင်းလင်းဖြစ်သွားခဲ့ရင်တော့ အကောင်း ဆုံးပါ။ဒါပေမဲ့ အဲဒီဗလာဟင်း လင်းစိတ်ကို မပိုင်ဆိုင်နိုင်သေးတာက ခက်နေတာပါ။

ဆရာငြိမ်းကျော်က ''လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ''တဲ့။ သူက ရသ၀တ္ထုစာရေးဆရာဆိုတော့ သူ့ရည်ရွယ်ချက်နဲ့သူရှိပါလိမ့်မယ်။ဒါပေမယ့် ဒီကတော့ လွမ်းလို့ကျန်ရစ်ခဲ့ချင်တာပါ။ဗုဒ္ဓအကြောင်းကိုရေးတဲ့ စာရေးဆရာက ''လွမ်းလိုက်ရတာ အရှင်ဘုရားရယ် . . .'' တဲ့။ အမှန်ပါပဲ။ ဘုရားသားတော်တွေဟာ ဘုရားရှင်ကိုလွမ်းပြီး ကျန်ရစ်ခဲ့ကြတာပါ။ ယခုထက်တိုင်လွမ်း ဆွတ်တသနေရဆဲပါ။

လူတွေသေတဲ့အခါ ဘာတွေချန်ထားခဲ့ကြသလဲ။ တချို့က ဘာမှမချန်ခဲ့ဘူး။တချို့က လွမ်းစရာတွေ ချန်ထားခဲ့တယ်။ တချို့က နာစရာတွေချန်ထားခဲ့တယ်။ သင်ကော ဘာတွေချန်ထားခဲ့မှာလဲ။ ဆရာဇော်ဂျီက ''သင်သေသွားသော် သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏။ သင်၏မျိုးသား စာစကားလည်း ကြီးပွားတက် မြင့်ကျန်ကောင်းသင့်၏။သင်ဦးချ၍ အမျဝေရာ စေတီသာနှင့် သစ္စာ အရောင်ဉာဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း''လို့ဆိုခဲ့တယ်။မသေခင်ဘာ လုပ်ကြမလဲလို့မေးကြတယ်။ ဆရာ ဇော်ဂျီရဲ့ကဗျာဟာအဲဒီမေးခွန်းရဲ့ အဖြေပဲ။အဓိပ္ပာယ်ကိုစဉ်းစားလိုက်တော့ လွမ်းစရာလေးတွေချန်ထား ပေးခဲ့ပါဆိုတဲ့အဓိပ္ပာယ်ပဲ။

ဗုဒ္ဓသားတော်တွေ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က စံလွန်တော်မူခဲ့တဲ့ ဗုဒ္ဓကို လွမ်းနေကြပါ တယ်။ဘာလို့ လွမ်းနေကြတာလဲ။လွမ်းစရာတွေချန်ထားပေးခဲ့လို့၊ ငါးထောင်သာသနာနဲ့ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ကို ချန်ထားပေးခဲ့လို့။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင် လောက်က စံလွန်ခဲ့ကြတဲ့ အရှင်အရဟံနဲ့အနော်ရထာမင်းမြတ်ကို လွမ်းနေကြတယ်။ဘာလို့လွမ်းနေ ကြတာလဲ။ လွမ်းစရာတွေ ချန်ထားပေးခဲ့လို့၊ ထေရ၀ါဒသာသနာနဲ့ ပထမမြန်မာနိုင်ငံတော်ကြီးကို အုတ်မြစ်ချထူထောင်ထားရှိခဲ့လို့။ ဘုရင့်နောင်၊ အလောင်းဘုရားနဲ့တကွ ဗိုလ်ချုပ်အောင်ဆန်းတိုင်အောင် လွမ်းနေ ကြရတယ်။ဘာကြောင့်လဲ။လွမ်းစရာလေးတွေ ချန်ထားပေးခဲ့ကြလို့။

ဆရာတော် သမားတော်တို့ဘက်ကကြည့်ရင်လည်း မာန်လည်ဆရာတော်၊ လည်တီဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်စတဲ့ ပရိယတ်၊ ပဋိပတ်ဆိုင်ရာဆိုင်ရာ ဆရာတော်ဘုရားတို့ကို သာသနာ့ ၀န်ဆောင်မျိုးဆက်သစ်တို့က ယခုထက်တိုင် လွမ်းနေကြရပါတယ်။ ဘာကြောင့်လဲ။ လွမ်းစရာတွေ ချန်ထားပေးခဲ့ကြလို့။ မိမိတို့တတွေဟာ သေမျိုးတွေ ဆိုတော့ တစ်နေ့ သေကြရမှာအမှန်ပါပဲ။ ဒါပေမဲ့ သင်သေသွားသော် (ငါသေသွားသော်) ဘာတွေချန်ထားခဲ့မှာလဲ။ အဖြစ်နိုင်ဆုံး၊ အစွမ်းနိုင်ဆုံးလွမ်းစရာတွေ ချန်ထားပေးခဲ့ပါ။ ကျန်ရစ်ခဲ့သူတွေကတော့ လွမ်းလို့ ကျန်ရစ်ခဲ့ချင်သူတွေ ချည်းပါပဲ။လွမ်းလို့ကျန်ရစ်ခဲ့မှာကိုတော့ အားမနာပါနဲ့လေ။ ။

...ဒီအကြောင်းအရာလေးကတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ပေးပို့ထားတာပါ။ ကဲ.. ကျွန်တော်တို့လည်း လွမ်းစရာလေးတွေ ချန်ထားခဲ့ကြရအောင်။

လေးစားစွာဖြင့်
ပြည့်စုံအောင်

07.11.2008, FRI:, 02:01 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply