မင်္ဂလာပါ အစ်ကို
ညီ မနက်မျက်နှာသစ်တိုင်း ဆင်ခြင်မိ ဆုတောင်းမိတာတွေ ရှိတယ်အစ်ကို။ သိစိတ်က မဆိုရင်တောင် မသိစိတ်က သူ့အလိုလိုကိုဆိုဖြစ်နေတာ။ အကျင့်ပါနေတာကြာပြီ။ အဲဒီထဲက ဆုတောင်းမှားနေတာတွေ မလုပ်သင့်တာတွေ ညီ့ကိုပြောပြပေးပါဦး။ ညီအောက်မှာရေးပေးလိုက်ပါတယ်။
လက်ကခပ်တဲ့ရေ မျက်နှာပေါ်ရောက်တာနဲ့ အခုလို စဆိုတော့တာပဲ။
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ သတ္တ၀ါအားလုံးကျန်းမာ ချမ်းသာကြပါစေ၊ ဤရေကဲ့သို့ အေးမြလန်းဆန်းကြပါစေ၊ ၀ဋ်ကြွေးရှိက ဒီဘ၀ဒီမျှနှင့် ကျေရပါလို၏၊
ဘ၀အဆက်ဆက် သူတစ်ပါးကို ညှင်းပမ်းနှိပ်စက်ရသောသူ မဖြစ်ရပါစေနဲ့၊ နိဗ္ဗာန်ရောက်ကြောင်းတရားကို ရှာတွေ့ပြီး နိဗ္ဗာန်သို့ လျင်မြန်စောစွာ ရောက်ရပါလို၏၊ ဘ၀အဆက်
ဆက် မိဘနှစ်ပါးအား ပြုစုလုပ်ကျွေးရပါလို၏၊
….တချို့မှားနေတာတွေ မှားမှန်းညီသိပါတယ်။ အစ်ကို့ဆီက အကြံဥာဏ်လှမ်းတောင်းတာပါ၊
….ဖြစ်နိုင်ရင် အစ်ကို့ရဲ့ ဆင်ခြင်ပုံလေးပါ ပြေပြပေးပါလား။
ရိုသေလေးစားစွာဖြင့်
ညီ
ပြည့်စုံအောင်
... ...ညီ မျက်နှာသစ်တဲ့အခါ မြတ်စွာဘုရား၏ဂုဏ်တော်အား အာရုံပြုလျက်သော်လည်းကောင်း၊ နောက်တစ်ကြိမ်မှာ တရားဂုဏ်တော်အား၊ နောက်တစ်ကြိမ်မှာ သံဃာဂုဏ်တော်အား အာရုံပြု၍သော်လည်းကောင်း ပြုတော့ အဲဒီအချိန်မှာ မဟာကုသိုလ်စိတ်ဖြစ်နေတယ်...အဖြူကံပေါ့ ..
... ... ဒီနေရာမှာ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်အား အာရုံပြုတဲ့ စိတ်ကို ဖြစ်ပျက်ရှုလိုက်ရင်သော်လည်းကောင်း၊ ပေါ်လာတဲ့ စိတ်ကို ဖြစ်ပျက်ရှုလိုက်ရင်တော့ အဖြူလည်း မဟုတ်၊ အမဲလည်း မဟုတ်တဲ့ ဝိပဿနာဘာဝနာကံ ဖြစ်သွားတယ်..
... ... အပေါ်က မဟာကုသိုလ်= သင်္ခါရ ပစ္စယာ ဝိညာဏံ နဲ့ ပဋိသန္ဓေ ဆက်ရ တဲ့အကြောင်းရှိတယ်.. အောက်က ကျတော့ သင်္ခါရ နိရောဓာ ဝိညာဏံ နိရောဓော နဲ့ သင်္ခါရချုပ်၍ ဝိညာဏ်ချုပ်ရခြင်းသဘောနဲ့ ပဋိသန္ဓေအဆက်ပြတ်သွားတယ်..
... ...ဤရေကဲ့သို့ အေးမြလန်းဆန်းကြပါစေ၊ အဒေါသ ဟိတ် နဲ့ ယှဉ်ပြီး မဟာကုသိုလ်စိတ် ဖြစ်သွား၏
... ... ၀ဋ်ကြွေးရှိက ဒီဘ၀ဒီမျှနှင့် ကျေရပါလို၏၊ အလောဘ နဲ့ ကုသိုလ်စိတ်
ဘ၀အဆက်ဆက် သူတစ်ပါးကို ညှင်းပမ်းနှိပ်စက်ရသောသူ မဖြစ်ရပါစေနဲ့၊ ဒါက အဒေါသ နဲ့ ကုသိုလ်စိတ်
... ... နိဗ္ဗာန်ရောက်ကြောင်းတရားကို ရှာတွေ့ပြီး နိဗ္ဗာန်သို့ လျင်မြန်စောစွာ ရောက်ရပါလို၏၊ အမောဟ နဲ့ ကုသိုလ်စိတ်
... ...ဘ၀အဆက်ဆက် မိဘနှစ်ပါးအား ပြုစုလုပ်ကျွေးရပါလို၏၊ = မိဘနှစ်ပါးအား ပြုစုလုပ်ကျွေးလိုတာက ကုသိုလ်စိတ်၊ ဘဝအဆက်ဆက်က ဘဝတဏှာနဲ့ အကုသိုလ်စိတ် နှစ်စိတ်အကျိုးပေးသွားရော
... ... ဒီနေရာမှာ ပေါ်တဲ့ စိတ်တွေကို ဖြစ်ပျက်ဆင်ခြင်တဲ့ဉာဏ်ဝင်လိုက်ရင် အဲဒါတွေ အကုန်အလုံးက နိဗ္ဗာန်ကိုသွားတဲ့ မောင်တော်ယာဉ်ရဲ့ လောင်စာ ဖြစ်သွားမယ်-
... ...အခုက ကုသိုလ် + အကုသိုလ်တွေဖြစ်သွားတော့ သံသရာ ယာဉ်ရဲ့ လောင်စာဖြစ်သွားတယ်
... ...အကိုဆိုရင်လည်း မနက်တိုင်း မျက်နှာသစ်ရင် အကျင့်ကပါနေတော့ ဗုဒ္ဓံသရဏံ ဂိစ္ဆာမိ နဲ့ တစ်ကြိမ် အာရုံပြုပြီး မျက်နှာကိုသစ်တယ်...အဲဒီအာရုံပြုတဲ့ စိတ်ကို ဖြစ်ပျက် ဆင်ခြင်မှုကလေး လိုက်ပေးတယ်..
... ...အာရုံပြုတဲ့ အကျင့်က ပါနေတော့ ကောင်းသော အကျင့်ကိုတော့ မဖျောက်သင့်ပါဘူး... ပိုကောင်းအောင်တော့ သတိထား၊ ဝီရိယစိုက်ပြီး ပညာနဲ့ ဆင်ခြင်ပေးလိုက်တာပေါ့
... ...ဒါဆိုရင် ညီလေး သဘောပေါက်လောက်ပါပြီ... ဘဝအဆက်ဆက် ဆိုတဲ့ စကားကတော့ အဝိဇ္ဇာသမားရဲ့ လက်သုံးစကားပဲ ညီလေး... အဲဒါကို သစ္စဉာဏ်နဲ့ ပယ်ဖျောက် ပစ်လိုက်ပေါ့
... ...ညီလေးက အခု စာ သိပ်မရေးနဲ့ အုံး ... စာရေးတာက စိတ်ပျံ့လွင့်မှုကို ပိုများစေတယ်...ဉာဏ်ကို ပို၍ တက်အောင် လုပ်ပါ... ဓားသွေးပါ ညီလေး... ဓားထက်မှ အပင်ခုတ်လို့ ပိုကောင်းတာ ညီလေး...
လေးစားစွာဖြင့်
အစ်ကို
ဝင်းမြင့်
ဒီလောက်ဆို စာဖတ်သူတွေအားလုံး မျက်နှာသစ်တတ်လောက်ပါပြီ။ ကဲ...ဒီနေ့ကစပြီး ကျွန်တော်နဲ့အတူတူ ဖြစ်ပျက်ရှုရင်း မျက်နှာသစ်လိုက်ကြရအောင်။
လေးစားစွာဖြင့်
ပြည့်စုံအောင်
02.11.2008, SUN:, 01:03 am
pyaesoneaung2007@gmail.com

0 comments