Latest News

*နှစ်သစ်ကို ဖွင့်လှစ်လို့ ကြိုလိုက်စဉ်*


ကြိုဆိုဖို့ မရည်ရွယ်ခဲ့ပါဘူးဗျာ။ မကြိုဆိုချင်လို့ မဟုတ်ဘူးနော်။ မေ့နေတာ ကြိုဖို့။ ဒီနေ့မနက်မှ အစ်ကိုမင်းဒင်က သူ့ရဲ့ နှစ်သစ်ကို ကြိုဆိုပုံလေး ကျွန်တော့ဆီပို့ပေးလိုက်တယ်လေ။ အဲဒီ့တော့မှ ကျွန်တော်လည်း နှစ်သစ်ကို မင်္ဂလာအပြည့်နဲ့ ကြိုဖို့ သတိရလိုက်မိပါတယ်။ အစ်ကို့ရဲ့ ကြိုဆိုပုံလေးကို အရင်ဖတ်ကြည့်ပါနော်။

မင်္ဂလာ နှစ်သစ်ဦးမှာ ..

ကျနော်ဟာ မှတ်မှတ်ရရ စကားလက်ဆောင် တခုခုကို ကိုယ်တိုင် ဖြစ်ဖြစ်မြောက်မြောက် ပြောတတ်ရေးတတ်သူ မဟုတ်တာမို့ ပညာရှိတွေရဲ့ စကားတချို့ ကိုသာ လက်ဆင့် ကမ်းနိုင် တာကို နားလည်၊ ခွှင့်လွှတ်၊ ကျေနပ်ကြစေလိုပါတယ် ။

ဟင်နရီဖို့ဒ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဒီလိုဆိုပါတယ်။

ကြီးမားသည့် အခက်အခဲဟူသည် ပန်းတိုင်ကို သင့်မျက်လုံးမှ လွှဲဖယ်မိစဉ် မြင်ရတတ်သည့် ကြောက်မက်ဖွယ်ရာ တို့ကို ဆိုလိုသည်။
..........................................
ဂျိန်း သာဗာ ပြောခဲ့တဲ့ စကားက ဒီလိုပါ ခင်ဗျာ။

ဒေါသဖြင့်လည်း နောက်ကြောင်းပြန် မကြည့်နှင့်။
ကြောက်စိတ်ဖြင့်လည်း ရှေ့ ရေး မတွေးတောနှင့် ။
ပညာသတိဖြင့်သာ ဝန်းကျင်ကို ရှုမြင်ပါ ။
........................................

ကိုယ်စိုက်ခဲ့ ပျိုးခဲ့ ကြဲခဲ့တာကို ကိုယ်ရိတ်သိမ်းကြရတယ်လို့ နာယူဘူးပါတယ် ..။
များလူခပ်သိမ်း အေးငြိမ်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ ။

မပြယ်သော မေတ္တာတရား၊ လေးစားခင်မင်မှုများဖြင့်

မင်းဒင်

===========================================

ကျွန်တော်လည်း ကိုမင်းဒင် ကြိုဆိုပုံလေးကို သဘောကျသမို့ ဆရာတော်တစ်ချို့ရဲ့ ဆုံးမစကားလေးတွေနဲ့ ကြိုဆိုလိုက်ပါရစေ။

*အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)*

သူရဲကောင်းဆိုတာ ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။

………………………………………………………

*အရှင်ကောဝိဒ (မြိတ်)*

ဘဝတစ်ခုရဲ့ အရေးကြီးဆုံး အချိန်ဟာ ဘဝနေဝင်ချိန် (သေဆုံးခါနီး) ပဲလို့ လူတိုင်း သိနေပေမယ့် အမှန်တကယ်တော့ ယခု သင်စာဖတ်နေတဲ့ ဖြစ်ဆဲခဏ အချိန်လေးသာ သင့်ဘဝရဲ့ အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်။

………………………………………………………

*အရှင်ကောသလ္လ (ဓမ္မစေတီ ဆရာတော်)*

ဗုဒ္ဓ၏ တရားဓမ္မများကို နာယူပြီးတိုင်း အကျယ်အားဖြင့် သူတစ်ပါးကို ပြောပြခြင်း၊ ကိုယ်တိုင်ရွတ်ဖတ်ခြင်း၊ စိတ်ဖြင့် ကြံစည်သုံးသပ်ခြင်း၊ တရားတော်လာ သဘာဝတို့ကို ရှုမှတ်ခြင်း၊ ပညာရှိတို့ထံ မေးမြန်းခြင်းဖြင့် ယုံမှားမှုကို ပယ်ဖျောက်ခြင်းတို့အား တရားနာယူပြီးတိုင်း ဆောင်ရွက်ရမည့် ကျင့်စဉ်ဖြစ်၏။

………………………………………………………..

*အရှင်သာဓိန (ခေတ္တ - ဘုံဘေ)*

ဟောဒီ ခုရောက်ရှိနေတဲ့ ဘ၀လေးဟာ တကယ်ဆိုတော့ လမ်းဆုံလေး တစ်ခုပဲ၊ လမ်းဆုံဆိုတာ ဘယ်အရပ်ကိုပဲ သွားချင်သွားချင် သွားလို့ရတဲ့နေရာပဲ၊ ဒါပေမယ့် အဲဒီလမ်းဆုံမှာ လမ်းမှားတွေလည်း ရှိနေတယ်၊ လမ်းမှန်ကလည်း အတိအကျရှိနေပြန်ရော၊ ဒီတော့ လမ်းမှန်ကိုသာ တည့်တည့်လျှောက်ပါ၊ လမ်းမသိရင် လမ်းဆုံမှာ မေးစရာလူတွေရှိတယ်၊ ဗုဒ္ဓစာပေတွေရှိတယ်၊ သိကြားတတ်မြောက် လိမ်မာသူတွေရှိတယ်၊ ဖတ်ပါ၊ မေးပါ၊ လိုရာခရီးကို လွယ်ကူစွာ ရောက်ပါလိမ့်မည်။

…………………………………………………….

*အရှင်ဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)*

ကုသိုလ်ကောင်းမှုဆိုတာ အချိန်တိုင်း နေရာတိုင်းမှာ ရှိတယ်၊ ကုသိုလ်မှန်သမျှကို သတိက ပိုင်တယ်၊ သတိကို သူတော်ကောင်းက ပိုင်တယ်။

……………………………………………………..

*အရှင်နာယကာ လင်္ကာရ (ခေတ္တ - အမေရိက)*

ကိုယ်ဖြစ်ကိုယ်ခံလောကကြီးထဲမှာ ဘယ်သူမှ မကယ်နိုင်ဘူး။ မသေခင်မှာ ကောင်းကောင်းနေကြ။

……………………………………………………..

*အရှင်ပဏ္ဍိစ္စ (ပြည်တော်ဦးဆရာတော်)*

လောကီရေးပဲဖြစ်ဖြစ်၊ လောကုတ္တရာ ရေးပဲဖြစ်ဖြစ် ရွပ်ရွပ်ချွံချွံကို လုပ်မှ၊ ပျင်းတာ ဖျင်းတာ၊ အစွမ်းအစနည်းတာ၊ သူရဲဘော ကြောင်တာလိုလို၊ ရောင့်ရဲတာလိုလို၊ သံဝေဂလိုလို ဘာလိုလိုနဲ့
ရောမချဖို့ သိပ်အရေးကြီးတယ်။

……………………………………………………..

*အရှင်ဝိဇ္ဇောတ (ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာ ရာမကျောင်းတိုက်)*

နေပူထဲကလေဟာ အေးမြတယ်လို့ ထင်ရပေမယ့် အပူငွေ့တွေ ပါနေတယ်...

……………………………………………………….

*အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ)*

မေတ္တာဖြင့် အကောင်းမြင်တတ်လျှင် စိတ်လည်းချမ်းသာသည်၊ ကုသိုလ်လည်းရသည်။ ဒေါသဖြင့် မကောင်းမြင်တတ်လျှင် စိတ်လည်း ဆင်းရဲသည်၊ အကုသိုလ်လည်း ဖြစ်သည်။

………………………………………………………

*အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)*

သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။

………………………………………………….

*အရှင်ဝီရိယ (ဓမ္မဘေရီ - တောင်စွန်း)*

အကြံအဖန်ဥာဏ်တွေကို အမှန်အကန်ဥာဏ်အဖြစ် ပြောင်းနိုင်ရင် အရင်လူတွေထက် အခုလူတွေက သာတယ်။

…………………………………………………

*အရှင်ကောဝိဒ (မဇ္ဈိမ ဂုဏ်ရည်)*

လွတ်ရာလမ်းကိုရှာနေ၊ လည်ရာလမ်းကို မလျှောက်နဲ့ သံသရာမှာ ဆင်းရဲရှည်ရှည်နဲ့ တွေ့မယ်။ လမ်းမှန်ညွှန်ပြသည့် တရားတွေ၊ ဓမ္မစာပေတွေ များများနာယူ၊ များများဖတ်ပါ။ ဒါမှ အသိဥာဏ်တွေ ရင့်လာ ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာ ဧကန်မုချ ရကြမည်။

…………………………………………………..

*အရှင်ဇေယျ ပဏ္ဍိတ (ပိုင်းလော့ ဆရာတော်)*

အချိန်တိုင်း တွေးနေရင်း ဘ၀ပြောင်းနေသည်။

……………………………………………………

***အားလုံးပဲနှစ်သစ်မှာ ရွှင်လန်းကျန်းမာ ဘေးဘယာကင်းကွာ စိတ်ချမ်းသာနိုင်ကြပါစေ။***

ဆရာတော်တို့ရဲ့ ဆုံးမစကားများအား လေ့လာမှတ်သား ပွားများကျင့်ကြံ အားထုတ်လျက်…

ရိုသေလေးစားစွာဖြင့်
ဖိုးသား

31.12.2008, WED:, 10:23:05 am
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply