Latest News

*ကိုးကွယ်ရာ အမှန်*

> ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ကိုးကွယ်ပါ၏)

> အတ္တာဟိ အတ္တနော နာထော - မိမိကိုယ်သာ ကိုးကွယ်ရာ

> ဗုဒ္ဓဘာသာဝင်တိုင်း တော်တော်များများ သိပြီးသားလေးပါ။ သို့ပါသော်လည်း ဒီကိုးကွယ်မှုနှစ်မျိုးကို ပိုင်းခြားသိဖို့နဲ့ ဆက်စပ်သိဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီလိုမှ မသိရင် ဒွိဟ များဖွယ် ဖြစ်လာနိုင်တယ်လေ။

> ကျွန်တော်မြင်တာလေး ထုတ်ဖော်လို့ ဖွင့်ဟပါရစေ။ မှားနေရင် ကျွန်တော့်ကို ပြုပြင်ဆုံးမ သွန်သင်ပေးစေလိုပါတယ် ခင်ဗျာ။ အကယ်၍များ မှန်နေခဲ့ရင်လည်း လိုက်နာကျင့်ကြံပေးဖို့ လေးလေးစားစား မာန်ကိုချလို့ တိုက်တွန်းပါရစေ။

> မြတ်စွာဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်တယ်။ နောက် မိမိကိုယ်ကို ကိုးကွယ်တယ် .. ဒါလေးကတော့ တစ်ခုချင်းစီကို ပိုင်းခြားသိတယ်လို့ ထင်ပါတယ်။ အဲ .. ဆက်စပ်သိဖို့ကျတော့…

ပထမဆုံး မြတ်စွာဘုရားရှင်ကို ကျွန်တော်တို့ မိတ်ဆွေတို့ ဘာကြောင့်ကိုးကွယ်နေကြပါသလဲ။ မိရိုးဖလာအရလား၊ ကိုယ်တိုင်ကြည်ညိုလို့လား၊ ဒီမေးခွန်းကိုတော့ ကိုယ့်ဘာသာကိုယ်သာ အဖြေရှာကြည့်လိုက်ပါ။ ကျွန်တော်လည်း အရင်တုန်းကတော့ မိရိုးဖလာ အဆင့်ပါပဲလေ။ ခုတော့လည်း ကြည်ညိုမှုသဒ္ဓါတွေပွား သာသနာအတွက်ဆို အသက်ပါ ပေးရဲလာပါပြီ။ ထားပါလေ၊ ဟိုဒင်းမရောက် လိုရင်းပျောက်နေပါဦးမယ်။ အရင်ကတော့ မိရိုးဖလာအရ ကိုးကွယ်တယ်လို့ ကျွန်တော်ဆိုခဲ့တယ်နော်။ ခုတော့ ဘာကြောင့်ကြည်ညိုမှုတွေ ပွားများနေသလဲလို့ ကိုယ့်ကိုယ်ကို အမေးပြန်ထုတ်လိုက်တော့ …

ကျွန်တော်က တရားမြင်ပြီးမှ ဘုရားမြင်တယ်လို့ ပြောရမယ်ထင်ပါတယ်။ မြတ်စွာဘုရားရှင်မှာ ကြည်ညိုဖွယ် ဂုဏ်တော်ကိုးပါးရှိတယ်။ ဣဿရိယ၊ ဓမ္မ အစချီတဲ့ ဘုန်းတော် ခြောက်သွယ်နဲ့ပြည့်စုံတယ်။ လက္ခဏာတော်ကြီး ၃၂ - ပါး၊ လက္ခဏာတော်ငယ်ပေါင်း ၈၀ - နဲ့လည်း ပြည့်ဝကုံလုံတယ်။ ဘယ်သူမှ တုနှိုင်းမမှီတဲ့ မဟာကရုဏာတော်ကိုလည်း ၃၁ - ဘုံသား သတ္တ၀ါ ဝေနေယျတွေအပေါ်မှာ ထားရှိတော်မူလိုက်သေးတယ် နောက်ပြီး ဘ၀အဆက်ဆက် စွန့်ကြဲခဲ့တာတွေကလည်း ဘယ်သူ့ဘယ်သူမှ မလုပ်နိုင်တာတွေ မစွန့်လွှတ်နိုင်တာတွေ.. စသဖြင့် ဒါလေးတွေကို တဖြေးဖြေးသိလာရတော့ တအားကို ကြည်ညိုမိတော့တာပေါ့ဗျာ။ ပုံတော်ကို အာရုံမပြုဘဲ ဂုဏ်တော်တွေကို အာရုံပြုပြီးတော့လည်း ကိုးကွယ်မိတော့တာပေါ့။ ဒါလေးက ဘုရားရှင်ကို ကိုးကွယ်တဲ့အပိုင်း။

> နောက် မိမိကိုယ်ကို ကိုးကွယ်မယ်။ မေးချင်လည်း မေးကြမပေါ့လေ။ မိမိကိုယ်ခန္ဓာကြီးမှာ ဘာများ ကိုးကွယ်စရာ ရှိသလဲလို့၊ ဟုတ်ပါတယ် စက်ဆုတ်ရွံရှာဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ကိုးကွယ်ဖွယ်မထိုက်ပါဘူး။ ဒါပေမယ့် မိမိကိုယ်သာ ကိုးကွယ်ရာလို့ဆိုရာမှာ ကိုးကွယ် ဆိုတဲ့စကားလုံးလေးက နိဗ္ဗာန်ရောက်ကြောင်းကျင့်ကြံရာမှာ သူတစ်ပါးကို အားမကိုးဘဲ ကိုယ့်ကိုယ်ကို အားကိုးပြီး ကျင့်ကြံရမယ်လို့ ဆိုလိုရင်းပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ မြတ်စွာဘုရားရှင်ဟာ ဖန်ဆင်းရှင်မဟုတ်လို့ပါပဲ။ နည်းပေးညွှန်ပြ ဆိုဆုံးမမှုအရာမှာ တုနှိုင်းမမှီတဲ့ ဆရာတစ်ဆူသာလျှင် ဖြစ်ပါတယ်။ ဒီအချက်ဟာ အခြားဘာသာတွေနဲ့ မတူညီတဲ့ ကျွန်တော်တို့ ဘာသာရဲ့ ထူးခြားချက်ပါပဲ။ နောက်ပြီး ကျွန်တော်တို့တတွေကို မြတ်စွာဘုရား ဆိုဆုံးမခဲ့တဲ့ သဘောတရား အဆုံးအမတွေဟာ ယနေ့အချိန်အထိ ခြွင်းချက်မရှိ အသုံးချတတ်သူအဖို့ အသုံးကျသလို၊ ဆိုဆုံးမခဲ့တဲ့ အချက်အလက် data တွေဟာလည်း

**no need to change, no need to modify, no need to add, no need to omit.**

ပါ။ ဘယ်လိုသဘောလေးလဲဆိုရင် ဥပမာ - သစ္စာလေးပါးကို .. များတယ်ကွာ သုံးပါးပဲထားလိုက်၊ တစ်ပါးဖြုတ်မယ် .. ဒါမှမဟုတ် တစ်ပါးထပ်တိုးမယ်၊ ဒီလိုလုပ်လို့ မရပါဘူး။

> နောက်ပြီး ကျွန်တော်တို့ရဲ့ ထေရ၀ါဒဟာ

**Freedom, Fairness, Fearless**

ဖြစ်ပါတယ်။ ဟုတ်ပါတယ်လေ၊ ဘာသာတစ်ခုကို ကိုးကွယ်ရာမှာ လွတ်လပ်ရမယ်၊ မျှတရမယ်၊ ကြောက်လန့်မှုကင်းရမယ်၊ ဒီလိုမှ ဒီဘာသာဟာ ကိုးကွယ်ထိုက်ပါတယ်။ ဒါကိုတော့ အကျယ်မချဲ့တော့ဘူးဗျာ။ နားလည်လောက်မှာပါ။

> နောက်တစ်ချက်က
** Buddism is not dogmatic. ** ထေရ၀ါဒသည် တရားသေ၀ါဒမဟုတ်၊
**၀ိဘဇ္ဇ၀ါဒ - ဝေဖန်ပိုင်းခြားနိုင်တဲ့ ၀ါဒ**

ပါတဲ့လေ။ ကြိုက်တာနဲ့ ဝေဖန်၊ ကြိုက်သလိုဝေဖန် အဝေဖန်ခံနိုင်တဲ့ ၀ါဒပါပဲ။ သိပ္ပံနည်းနဲ့ ဝေဖန်မလား၊ ဖလော်ပိုင်းနဲ့ ပဲကြည့်ဦးမလား၊ ကြိုက်သလိုဝေဖန် ဝေဖန်လို့ရပါတယ်တဲ့။

> နောက်တစ်ခုက သူများဘာသာတွေလို ဒါကိုလုပ် မလုပ်ရင်တော့ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး အဲလိုဖြစ်မှာကို ကြောက်လို့ ကိုးကွယ်ရတဲ့ ၀ါဒမဟုတ်ပါဘူး။

** ဧဟိပဿိကော လေ၊ Come and See! not come and believe **

ပါပဲ။ လာပြီးရှုကြည့် မကြိုက်ရင်မလုပ်နဲ့။ ဒါကိုမလုပ်လို့လည်း ဘာအပြစ်မှ ဘုရားရှင်က မယူပါဘူး။ ဥပမာဗျာ .. ဘုရားရှင်ကို ဆွမ်းတော်ကပ်တယ်ပေါ့။ တစ်ရက်ပျက်သွားတယ် အလုပ်ရှုပ်တာနဲ့ပဲ။ ဒါကို ဘုရားရှင်က အပြစ်ယူသလား မယူဘူးနော်။ ကိုယ့်ကိုယ်၌က ကုသိုလ်မရတာလောက်ပဲ၊ ကျန်တာ ဘာမှ အကြောက်တရားနဲ့ ခြောက်လှန့်ထားတာမရှိပါဘူး။

> ထေရ၀ါဒနဲ့ ပတ်သတ်တာလေးတွေ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီလောက်လေး သိတာနဲ့တင် ဗုဒ္ဓဘာသာကို ကိုးကွယ်ရကျိုးနပ်နေပါပြီလေ။ ထေရ၀ါဒနော် မဟာယာနနဲ့လည်း သွားမရောနဲ့ဦး။ ထေရ၀ါဒက မြတ်ဗုဒ္ဓရဲ့ တရားဒေသနာတွေကို လုံးဝ မပြုမပြင် မူရင်းအတိုင်း လိုက်နာကျင့်သုံးတဲ့ ၀ါဒ။ မဟာယာနကျတော့ ပြုပြင်မှုလေးတွေရှိနေတယ်။

> ဒီအကြောင်းတရားတွေကြောင့်လည်း သြော် ငါတို့ဘုရားရှင်ဟာ ဒီလိုပြည့်စုံကုံလုံတဲ့ တရားဒေသနာတွေကို ဟောကြားခဲ့ပါလား ဆိုပြီးတော့လည်း ကိုးကွယ်ယုံကြည်မှုက ပိုပြီးခိုင်မာလာရတာပေါ့ဗျာ။

> ဟုတ်ပြီဗျာ ဒီလိုကိုးကွယ်မှုခိုင်မာလာမှုနဲ့ပဲ ကျေနပ်နေရတော့မလား။ မဟုတ်သေးပါဘူး။ ဒီလိုမနေသင့်ပါဘူး။ မြတ်စွာဘုရားရှင်ကို တကယ်ကြည်ညိုတယ်၊ လေးစားတယ်ဆိုရင်တော့ ဘုရားအဆုံးအမတွေကို လိုက်နာဖို့လိုပါသေးတယ်။

> ဒီလောက်ဆိုရင်တော့ **ဗုဒ္ဓံသရဏံ ဂစ္ဆာမိနဲ့ အတ္တာဟိ အတ္တနော နာထော** ကို ပိုင်းခြားသိ၊ ဆက်စပ်သိလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြောလက်စနဲ့ ဆက်ပြောပါရစေဦးဗျာ။ ဘုရားအဆုံးအမတွေကို ဘယ်လိုလိုက်နာမလဲ…၊ ကျွန်တော်တော့ ဒီလိုလေး သိထားသဗျ။

*အစ၏ကောင်းခြင်း သီလ
*အလယ်၏ကောင်းခြင်း မဂ္ဂင်
*အဆုံး၏ကောင်းခြင်း နိဗ္ဗာန် တဲ့လေ
အတိုချုံးမှတ်ပေါ့။

> ဒါနဲ့ သီလဆိုလို့ ဒါန၊ သီလနဲ့ ဘာဝနာမှာ သီလကအရေးကြီးတယ်လို့ဆိုတယ်ဗျ။ အကုန်လုံးတော့ အရေးကြီးတာပေါ့နော်။ ဒါပေမယ့်လည်း ဒါနနဲ့ ဘာဝနာက သူတို့ကို မလုပ်ရင် မကျင့်ရင် အပြစ်မဖြစ်ဘူးခင်ဗျ၊ သီလကျတော့ မလိုက်နာရင် အပြစ်ပဲလေ။ သူ့အသက်မသတ်ရ.. ဒါကိုမလိုက်နာဘဲ သတ်ရင်တော့ အပြစ်ပဲ။ ပြောရရင်တော့ ဒါနနဲ့ ဘာဝနာက **do** လုပ်ဖို့ တိုက်တွန်းတာလေ။ သီလကတော့ **don’t** မလုပ်ဖို့ တားမြစ်တာပေါ့။ တိုက်တွန်းတာကို မလုပ်ရင်အပြစ်မရှိ၊ အဲ.. တားမြစ်တာကို လုပ်ရင်တော့ အပြစ်ပါပဲ။

> ကြားမှာ ကြော်ငြာတွေဝင်တာနဲ့ပဲ စာဖတ်သူလည်း မျက်စိလည်နေပြီလားမသိဘူး။ တောင်းပန်ပါတယ်ဗျာ။ သိစေချင်တဲ့ စေတနာတွေ များသွားလို့ပါ။ ဒီစေတနာလေးတွေပဲ ကျွန်တော့်မှ ချမ်းသာလို့ပါ။ နားလည်ပေးကြပါဗျာ။

> ကောင်းပြီ၊ အစရဲ့ကောင်းခြင်း သီလနဲ့ ပြည့်စုံပြီးရင် အလယ်၏ကောင်းခြင်း မဂ္ဂင်နဲ့ ပြည့်စုံဖို့လည်း လိုလာပြန်ပါတယ်။ မဂ္ဂင်က ရှစ်ရပ်။ ဘုရားရှင်ရဲ့ တရားဦး ဓမ္မစကြာတရားတော်မှာလည်း မြတ်စွာဘုရားရှင်က အစွန်းနှစ်ပါးကိုဟောပါတယ် နောက် မဇ္ဈိမ ပဋိပဒါ ကို ဆက်ဟောတယ်.. အဲဒါပြီးတော့ မဂ္ဂင်ရှစ်ပါး နောက် သစ္စာလေးပါး… စသဖြင့်ပေါ့ဗျာ ဟောကြားတော်မူခဲ့ပါတယ်လေ။

> မဂ္ဂင်ရှစ်ပါးကိုတော့ နောက်ပိုင်းကျွန်တော် အခွင့်သင့်ရင် အကျယ်ချဲ့ရေးသားပေးပါ့မယ်။ ကျွန်တော်ရေးတယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်က သိထားတာလေးကို စာရိုက် ကော်ပီလုပ်ပြီးတင်ပေးမှာပါ။ ဖတ်မှတ်ထားတဲ့ စာအုပ်လေးတွေကနေ သိသလောက်ပေါ့ဗျာ။

> အလယ်၏ကောင်းခြင်းနဲ့လည်း ပြည့်စုံသွားပြီဆိုရင်တော့ အဆုံး၏ကောင်းခြင်းက နိဗ္ဗာန်ပေါ့ဗျာ။ အပြောကတော့ လွယ်သဗျ။ ဒါပေမယ့် လက်တွေ့မှာ ကျင့်ကြံဖို့ကျတော့ အခက်သား။ ဘာလို့လည်း ဆိုတော့

**ပါပသ္မိံ ရမတိမနော - စိတ်သည် မကောင်းမှု၌ မွေ့လျော်၏** တဲ့လေ။ ဒီစိတ်ကိုမှ မစောင့်ရှောက်နိုင်ရင်တော့ နိဗ္ဗာန်ကတော့ ဝေလာဝေး။

> ဒါ့ကြောင့်လည်း **ပါပံစိတ္တံ နိဝါရယေ - မကောင်းတဲ့စိတ်ကို မဖြစ်အောင် တားဆီးရမယ်** လို့ မြတ်ဘုရားက ကရုဏာရှေ့ထား မြွက်ကြားခဲ့တာပေါ့။

> ဟုတ်ပါတယ်လေ… **ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒီစိတ်ကို ကိုယ်ကမှ မသုံးသပ် မစောင့်ရှောက်ရင် ဘယ်သူကလာ သုံးသပ်လို့ ဘယ်သူက စောင့်ရှောက်မှာလဲ** စောင့်ရှောက်ဖြစ်အောင် စောင့်ရှောက်ပါလို့ပဲ ကျွန်တော် တိုက်တွန်းပြောကြားနိုင်စွမ်း ရှိပါတယ်ခင်ဗျာ။

> နောက်ပြီးတော့ဗျာ ဘုရားရှင်ကိုတကယ်ကြည်ညိုတယ်ဆိုရင်တော့ ဘုရားအကြိုက် လိုက်လုပ်လိုက်ကြရအောင်လေ။ မြတ်ဘုရားဘာကြိုက်သလဲ၊ အားလုံးနီးပါး သိပြီးသားလို့ထင်ပါတယ်။ မြတ်ဘုရားက သံသရာလွတ်ကြောင်း ၀ိပဿနာ အကျင့်နဲ့ ပူဇော်တာ အကြိုက်ဆုံးပါပဲ။ အရှင် အတ္တဒတ္ထ မထေရ်ကို သာဓကယူပေါ့ဗျာ။

ကဲဗျာ ကျွန်တော်သိတာလေးကို ရေးသားလိုက်ခြင်းပါ။ အားလုံးပဲ ၀ိပဿနာအလုပ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ။ ဒီလိုမှ မဟုတ်ဘဲ နွားသာသာ ကိလေသာနွံတောထဲမှာ ရုန်းနေရတာကို အရသာတွေ့ ပျော်မွေ့နေရင်တော့ ….


အကိုးအကားများ

၁။ အရှင်ကောသလ္လ (ဓမ္မစေတီ ဆရာတော်) ၏ တရားတော်များ
၂။ အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ) ၏ *မြင့်မြတ်သူတို့ရဲ့ အလုပ်* စာအုပ်
၃။ အရှင်သာဓိန (ခေတ္တ - ဘုံဘေ) ၏ ဆိုဆုံးမမှုများ
၎။ အရှင်နာယကာ လင်္ကာရ (ခေတ္တ - အမေရိက) ၏ သင်ကြားပြသမှုများ
၅။ အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ၏ *မဂ်တား ဖိုလ်တား အန္တရာယ်များ* စာအုပ်
၆။ ကိုနန်းဝေ ၏ သွန်သင်မှုများ
၇။ ကိုဝင်းမြင့် ၏ ဆုံးမမှုများ

လေးစားစွာဖြင့်
ဖိုးသား

01.01.2009, Thu:, 11:56:55 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ကိုဖိုးသားနဲ့ YEPHYO, အတွေးအခေါ်အယူအဆများကိုတိုက်ဆိုင်သဘောကျလို့ Share ပီး Post ပြန်တင်ပါရစေ။ Credit ပေးပီးတင်မှာပါခင်ဗျား၊ ဖတ်မိသူများထည်းမှာ ကျွန်တော့လို မူကြိုမိရိုးဖလာ ဗုဒ္ဓဘာသာများကို အတွေးအခေါ်ပိုင်းပွင့်လင်းစေဖို့ လမ်းပြစာလေးဖြစ်ပါတယ်ခင်ဗျား၊
    လေးစားပါတယ်
    Bunny Than Aye

Leave a Reply