>>> အဲဒီလိုနဲ့ စတုတ္ထနှစ်ရောက်သွားတယ်ဆိုပါတော့။ အဲဒီမှာ စတုတ္ထနှစ် တပ်ရင်းမှူး တာဝန်ကျက စိုးမိုးအောင်၊ ကျွန်တော်က ဒုတပ်ရင်းမှူး၊ ရန်မျိုးအောင်က တပ်ရေး၊ သိန်းဇော်ညိုက တပ်ထောက်၊ နောက် ပြည်ကျော်ခေါင်က RSM (တပ်ရင်းတပ်ကြပ်ကြီး)။ ကျွန်တော်တို့တစ်တွေ နောက်ဆုံးနှစ် တပ်ရင်းတာဝန်ကျ အစ်ကိုတွေနဲ့ပေါင်းပြီး တပ်ရင်းကို အုပ်ချုပ်ရတယ်ဆိုပါတော့ဗျာ။ ဒါက စကားလှအောင်ပြောလိုက်တာ။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ စကားနဲ့ပြောရရင်တော့ နွားသာသာရုန်းနေကြတာပေါ့၊ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ကိုယ့်ကိုယ်ကို နွားကျလို့ကျခဲ့မှန်း မသိခဲ့ပါဘူး။
>>> ကြုံလို့ပြောရဦးမယ်။ အဲဒီတုန်းက နောက်ဆုံးနှစ် တပ်ရင်းမှူးက အခုဆုံးသွားတဲ့ ကိုကျော်ထင်လင်း ခင်ဗျ။ လေ့ကျင့်ရေး ထူးချွန်ဆု ရခဲ့သူပေါ့။ ဒါပေမယ့်လည်း ခုတော့ သူ့ကို ဒါတွေက ဘာမှ လာမကယ်နိုင် တော့ဘူးလေ။ သံဝေဂ ရစရာပေါ့ဗျာ။ ထားပါ ကျွန်တော် နွားကျခဲ့တာလေး ဆက်လိုက်ဦးမယ်။ fatigue အကြောင်းလေးပဲ။ ဗမာလိုဆိုတော့ နားလည်လွယ်အောင် လုပ်အားပေးလို့ပဲ မှတ်လိုက်ပေါ့။ အဲဒီတုန်းက ဒုတပ်ရင်းမှူးက လေ့ကျင့်ရေးရုံး fatigue လိုက်ရတယ်လေ။ လေ့ကျင့်ရေးရုံး ဆိုအငယ်တွေကော အင်တိတ်တူတွေဆို ဘယ်သူမှ မလိုက်ချင်ကြဘူး။ လုပ်ရတာမပင်ပန်း ပေမယ့် အချိန်ကြာလို့လေ။ ဒါပေမယ့် အဲဒါကိုပဲ ကျွန်တော် ကျေကျေနပ်နပ်ကြီးနဲ့ ရုန်းခဲ့တာပေါ့။ မိုးကုတ်ဆရာတော်ဘုရားကြီးပြောသလို မြက်စားပြီး ကျေကျေနပ်နပ်ကြီး ရုန်းခဲ့တာပေါ့ဗျာ။ သူများနားချိန်မနား၊ သူများစားချိန်မစား၊ သူများအိပ်ချိန်မအိပ်နဲ့ ရုန်းနေရတာကို ပျော်နေလိုက်ပုံများ ပြောကိုမပြောချင်ပါဘူးဗျာ။ ဒါပေမယ့်လည်း စာဖတ်သူတွေ ဆင်ခြင်နိုင်အောင်လို့ ပြောနေရတာပါ။
>>> စတုတ္ထနှစ်မှာ ကျွန်တော် မှတ်မှတ်ရရ ရုန်းခဲ့တာလေး ပြောပါရစေ။ ခွင့်ပြန်ခါနီးမှာခင်ဗျ။ မနက်ဖြန်က ခွင့်ပြန်ရတော့မယ်။ ဒါကို မိုးရေထဲမှာ မမောနိုင်၊ မပန်းနိုင်ရုန်နေတုန်း။ ကျွန်တော်နဲ့ အတူတူ ပါရမီ ဖြည့်ပြီး ရုန်းခဲ့တာက စိုးမိုးအောင်။ သူရယ်၊ ကျွန်တော်ရယ်၊ ရန်မျိုးအောင်ရယ်၊ ကျော်ကျော်ရယ်၊ ကျော်ကျော်ထွန်းရယ် (သူက ရုရှားမပါဘူး၊ တမင်တကာ စာကိုလျှော့ဖြေပြီး မလိုက်တာ၊ လူမှုရေး အခက်အခဲလေးကြောင့်ပါ)၊ ကိုအောင်နိုင်ရယ် (သူကတော့ 8th ကတစ်နှစ်ကျတာ၊ ဒါပေမယ့် တော်ပါတယ်) ခြောက်ရောက်စလုံးက တစ်မေဂျာထဲ။ တစ်မေဂျာလုံးမှာလည်း ခြောက်ယောက်ပဲရှိတယ်။ ကြွားတာတော့မဟုတ်ပါဘူး၊ အဲဒီခြောက်ယောက်မှာ ကိုအောင်နိုင်ကလွဲရင် ကျန်တဲ့ ငါးယောက်က တပ်ရင်းတာဝန်ကျတွေချည်းပဲ။ ဒီလို တစ်မေဂျာထဲ ၀င်းဆိုက် ငါးယောက်ထွက်တာလည်း ကျွန်တော်တို့ နှစ်မှ စံချိန်တင်သွားတာပါ။ ဒီလိုပြောပြတာသည်လည်း သံဝေဂ ရစေချင်လို့ပါ။ ခုတော့ ဒီအရာတွေက သူမဟုတ်တော့သလို၊ သူနဲ့မဆိုင်တော့ သလိုပါဘဲ။ ပြန်စဉ်းစားရင် တဒင်္ဂလေးတွေပါ။ ဖြစ်ပြီးတော့လည်း ပျက်သွားကြရတာပါပဲလေ။
>>> မိုးရေထဲမှာ ရုန်းရတယ်ဆိုတာက အစ်ကိုတွေ ကျောင်းဆင်းသွားတော့ လိုအပ်တာလေးတွေ လုပ်နေရတာပေါ့။ ခုံတွေ ကုလားထိုင်တွေသိမ်းတာ စသဖြင့် စုံနေတာပါပဲ။ မိုးရေထဲမှာ စစ်ဆွယ်တာလေး တစ်ထည်နဲ့ အေးလို့အေးမှန်းမသိ၊ ချမ်းလို့ချမ်းမှန်းမသိ၊ တကယ်ပါဗျာ၊ ရုန်းနေလိုက်တာ ခုထိမျက်လုံးထဲက မထွက်သေးဘူး။ ခုမှကျွန်တော် စဉ်းစားမိတာတစ်ခုရှိတယ်၊ အော် အဲဒီအချိန်တုန်းကသာ အအေးမိတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ပြီး ငါသေသွားခဲ့ရင် အားပါးပါး လားရာဘုံဘ၀က တကယ်မတွေးဝံ့စရာပါလားလို့။
>>> နောက်တစ်ခုပြောပြရဦးမယ်၊ စတုတ္ထနှစ်မှာ ဖြစ်တာပါပဲ။ ဒါကတော့ ရုန်းနေရင်းနဲ့ကို ကြိမ်နဲ့အတို့ခံရတာလို့ ပြောရမလားပဲ။ ဖြစ်ပုံက ဒီလိုဗျ။ အဲဒီနေ့ကျတဲ့ တာဝန်မှူးအရာရှိက (ခုတော့ အရပ်ဘက် ရောက်သွားပါပြီ) ဒုတိယနှစ်တွေ ပုံမလာဘူးဆိုပြီး ပြည်ကျော်ခေါင်ကို အုပ်ခိုင်းတယ်။ တန်းစီကွင်းထဲမှာပါပဲ။ နေ့လည်ထမင်းစားချိန်ကြီး။ ဒါကို ပြည်ကျော်ခေါင်က သူလုပ်စရာရှိတာနဲ့ ကျွန်တော့ကို ဆက်ပြီး အုပ်ခိုင်းသွားတယ်။ ဘယ်သူက ဘာကြောင့်အုပ်ခိုင်းတယ်ဆိုတာ ကျွန်တော့ကို မပြောဘူး။ ကျွန်တော်က အဲဒီလို အပြစ်ပေးရတာတွေ ၀ါသနာမပါဘူး။ ကိုယ်လည်း အအုပ်မခံချင်သလို သူတစ်ပါးကိုလည်း အပြစ်မပေးချင်ဘူး။ အသိတရားနဲ့ပဲ အုပ်ချုပ်ချင်တာ။ ဒါပေမယ့် အဲဒီအချိန်က ငြင်းလို့က မရတဲ့အခြေအနေလေ။ ကျွန်တော်တစ်ယောက်တည်းဆိုတော့။ ဒါနဲ့ ကျွန်တော်လည်း ဒုတိယနှစ်တွေကို ခဏလောက်ပဲ အပြစ်ပေးပြီး လွှတ်ပေးလိုက်မိတယ်။ ဒါပေမယ့် သူတို့ကို လွှတ်ပေးတဲ့ ပြဿနာက ကိုယ့်အပေါ်ကျလာတော့တာပဲ။ ဘယ်လိုလဲဆိုတော့ ..
>>> အဲဒီညမှာ တာဝန်မှူးအရာရှိက ကျွန်တော်တို့ စတုတ္ထနှစ် တာဝန်ကျငါးယောက်ကို ခေါ်တယ်။ ကျွန်တော်တို့ကတော့ ဘာကြောင့်ခေါ်မှန်းမသိဘူး။ ဒါနဲ့ အရာရှိနဲ့ တွေ့ရမှာဆိုတော့ ကျွန်တော်တို့လည်း ရေမိုးချိုး သပ်သပ်ရပ်ရပ်ဖီးလိမ်း ပြင်ဆင်ပြီး တာဝန်မှူးအရာရှိဆီ သွားတာပေါ့။
ဟိုလည်းရောက်ကော အတွေးနဲ့ လက်တွေ့နဲ့က တလွှဲ။ ဘာလို့လွဲတာလည်းဆိုတော့ ကျွန်တော်တို့ထင်တာက တာဝန်မှူးအရာရှိက ကျွန်တော်တို့ကို မှာစရာရှိတာမှာဖို့ ခေါ်တယ်ထင်တာ။ မှာတော့မှာပါတယ်၊ ဒါပေမယ့် ရိုးရိုးမှာတာမဟုတ်ဘူး။ အပြစ်ပေးပြီးမှာတာ။ ဘာလို့အပြစ်ပေးတာလည်းဆိုတော့ ရယ်လည်းရယ်ဖို့ကောင်းတယ် တော်တော်လည်းပြိုင်းတယ် (ပင်ပန်းတာကို ပြောတာ)။ မနက်က ဒုတိယနှစ် အုပ်တာကို အကြောင်းပြုပြီး ဖြစ်တာ။ junior ကို မအုပ်တတ်လို့တဲ့။ ဒါကြောင့်အုပ်တတ်အောင် မင်းတို့ငါးယောက်ကို သင်ပေးတာတဲ့။ သူကတော့သင်ပေးတာပဲ။ ကျွန်တော်တို့ခမျာတော့ ပြင်လာတဲ့ အလှအပတွေ ဘယ်ရောက်လို့ရောက်မှန်းတောင် မသိတော့ဘူး။ တကိုယ်လုံးလည်း ချွေးကရွှဲလို့။ အပြစ်ပေးခံရတုတုန်းကလည်း ဇော်ညိုတို့ (သိန်းဇော်ညိုကိုပြောတာ)၊ ပြည်ကျော်ခေါင်တို့ ပုဆိုးတွေဘာတွေ ကျွတ်လို့။ ရယ်စရာလေးပြောလိုက်ဦးမယ်။ အဲဒီနေ့က ပြည်ကျော်ခေါင်က အောက်ခံဘောင်းဘီ ၀တ်မလာဘူး.. အဟက်။ ဒါတွေကလည်း ခုပြောလို့သာ ရယ်နိုင်တာ။ အဲဒီအချိန်ကများ ငရဲကျနေတယ် အောက်မေ့ရတယ်။ ရှက်ဖို့လည်း ကောင်းတယ်။ စတုတ္ထနှစ်ရောက်မှ အပြစ်ပေးခံရတယ်လို့။ ခုစာရေးနေမှ ကျွန်တော်စဉ်းစားမိတယ်။ ဘယ်လောက်ပဲ နွားလို ကောင်းအောင်ရုန်းရုန်း တစ်ခါတစ်လေတော့ ကြိမ်နဲ့ အတို့ခံရပါလားလို့။
>>> စတုတ္ထနှစ် ခွင့်ပြန်ခါနီးမှာ ကျွန်တော်တပ်ရင်းမှူး ဖြစ်လိုက်သေးတယ်။ အလုပ်တွေလည်း ပိုရှုပ်လာသလို စိတ်တွေလည်း တအားညစ်ခဲ့ရတာပေါ့။ နောက်ဆုံးနှစ်တွေက ကျောင်းဆင်းခါနီးဆိုတော့ ရှိသမျှအလုပ်တွေ အကုန်လုံးကို လွှဲတော့တာပဲ။ သူများကိုလည်း ဒုက္ခမပေးချင်တဲ့ ကျွန်တော် တအားဒုက္ခများခဲ့တဲ့ ကာလတွေပေါ့။ ကျသမျှ တာဝန်မှူးအရာရှိကလည်း တဆိတ်ရှိ ဒီပြည့်စုံအောင်ပဲ။ နောက်ဆုံးနှစ်တွေကလည်း အလုပ်ရှိ ဒီပြည့်စုံအောင်ပဲ။ ကျွန်တော့ဆရာတစ်ယောက်ပြောခဲ့သလို *အရေးတော့ပါပြီး အရာမရောက်ခဲ့တဲ့ ဘ၀* တွေပေါ့။ နောက်ဆုံးနှစ်တွေ အတွက် service suit တွေကလည်း ကျွန်တော့နေရာမှာပုံလို့။ အရာရှိတစ်ရောက် လာရောင်းခိုင်းထားတဲ့ ဂျာကင်တွေကလည်း ကျွန်တော့ ခုတင်ပေါ်မှာပဲ။ နောက်ပြီး လာလိုက်တဲ့ ဓါတ်ပုံတွေ။ ရှုပ်ရှက်ကို ခတ်နေတာပါပဲဗျာ။ ခုတင်ပေါ်မှာ အ၀တ်တွေပုံနေလို့ အိပ်စရာနေရာတောင် မရှိဘူး။ အိပ်မယ်လို့ ကြံလိုက်ရင်လည်း အောက်ကနေ တစ်ယောက်ယောက်က ခေါ်နေတာပဲ။ မင်းကို တာဝန်မှူး အရာရှိခေါ်ခိုင်းတယ်ဆိုပြီး။ တစ်ခါတစ်လေ တစ်နေ့ကို တန်းစီတာက လေးငါးခြောက်ခါ။ တအားပင်ပန်းခဲ့တဲ့ ကာလတွေပါပဲဗျာ။ ကျွန်တော်ဆိုလိုတာက လုပ်ရတဲ့အလုပ်တွေကို ငြီးငွေ့လို့မဟုတ်ပါဘူး။ တရားမသိဘဲ လုပ်ခဲ့ရတာတွေကိုသာ နှမြောမိ၊ သံဝေဂရမိတာပါ။
>>> နောက်ဆုံးနှစ်ရောက်တော့လည်း ထိုနည်းလည်းကောင်းပါပဲ။ PT ချိန် (ကြံ့ခိုင်ရေးချိန်) တန်းစီဖို့ဆို မနက်သူများထက်အစောကြီး ထပြီးခရာကမှုတ်ရသေးတယ်။ မနိုးမှာစိုးလို့ ညီငယ်လေးတွေကို ကင်းနှိုးကပေးရသေး။ တအားပင်ပန်းခဲ့ပါတယ်ဗျာ။ တစ်ခါတစ်လေ PT ချိန်နောက်ကျမှ တန်းဖြုတ်လို့ ခုနစ်နာရီ တန်းစီမှီအောင် မနည်းလုပ်ရသေး။ သူများတွေသာ နောက်ကျချင်ကျလို့ရမယ်။ ကိုယ်တိုင်ကတော့ တန်းစီတာနောက်ကျလို့ မရဘူးလေ။ တစ်ခါတစ်လေဆို တခြားသူတွေက တန်းဖြုတ်ပြီး breakfast သွားစားနေပြီ။ ဒီမှာက အလုပ်တွေကရှုပ်တုန်း။ ဒီလိုနဲ့ မနက်စာငတ်ခဲ့တဲ့ ရက်ပေါင်းကလည်း မနည်းးပါဘူး။ ညဘက်ဆိုရင်လည်း စာကမလုပ်အားပါဘူး။ အရာရှိတပ်ရင်းမှူးက ခေါ်တွေ့ပြီး မှာစရာမှာလိုက်၊ တပ်ရေးဗိုလ်ကြီးက ခေါ်လိုက်၊ တပ်ထောက်ဗိုလ်ကြီးက ခေါ်လိုက်နဲ့ ကိုယ့်အခန်းကိုယ် ညဥ့်နက်မှ ပြန်ရောက်တယ်။ ပြန်ရောက်တော့လည်း နားလို့ကမရသေးဘူး။ မနက်ဖြန်အတွက် uniform ကပြင်ရသေး၊ ကြေးတိုက်၊ ဖိနပ်တိုက်က လုပ်ရသေး။ ကော်တောင့် ဘောင်းဘီ တန်းနောက်ချိုးရင်လည်း သူများလိုမဟုတ်ပြန်ဘူး။ မဖြောင့်မှာစိုးလို့ ဆိုပြီး ကတ္ထူပြားကခံရသေး။ ပြောရရင်တော့ တော်တော်ထူးဆန်းတဲ့ ၀ဋ်ကြွေးတွေပါပဲ။ ခုစဉ်းစားကြည့်တောလည်း ဘာမှမယ်မယ်ရရ ရေရေရာရာ မဟုတ်လှပါဘူး။ ဒါတင်မကပါဘူးဗျာ နောက်ထပ်ဒုက္ခတွေ၊ နွားလိုရုန်းကန်ခဲ့တာတွေ ရေးရင် ရေးသလောက် နွားကျခဲ့တာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်နဲ့တင် နွားကျခဲ့တာတွေက ပေါ်လွင်လောက်ပြီလို့ ထင်ပါတယ်။
>>> ဓမ္မမိတ်ဆွေတို့ခင်ဗျား ကျွန်တော် ဒီအကြောင်းအရာကို ရေးရတဲ့ အကြောင်းရင်းတွေက ကျောင်းတုန်းက အကြောင်းအရာလေးတွေ သတိရတာကတစ်ကြောင်း၊ နောက်ပြီး မိတ်ဆွေတို့ ကျွန်တော့လို နွားကျလို့ ကျမှန်းမသိ၊ မြက်စားပြီး ရုန်းလို့ရုန်းမှန်းမသိ ခုချိန်ထိ ဖြစ်နေမှာစိုးလို့ပါ။ ဒီစာကို ရေးရာမှာ ကိုယ်ရည်သွေးသလိုများဖြစ်ခဲ့ရင် ကျွန်တော်တောင်းပန်ပါတယ်။ မိတ်ဆွေတို့ အသိတရားရစေခြင်း အကျိုးငှာ ကိုယ်တွေ့နှင့် ယှဉ်ပြီး ရေးလိုက်ရခြင်းပါ။
အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း..
လေးစားစွာဖြင့်
ပြည့်စုံအောင်
04.12.2008, THU:, 06:34:02 pm
December 4, 2008 at 8:28 AM
ကိုကြီးရေးထားတာကောင်းပါတယ် ဒါပေမဲ့ နွားကျတယ်ဆိုတဲ့စကားလု့းအစားတခုခုအမည်ပေး
ရင်ပိုသင့်တော်မယ်ယင်တယ်က်ုဘကီး။ပြီးတော့ကိုကြီးလုပ်ခဲ့
ရတဲ့အလုပ်တွေအားလု့းဟာအကျုးမဲ့အချည်းနီး
မဖြစ်ခဲ့တာမဟုတ်ခဲ့ပါဘူးကိုကြီးရယ်။
အများသူငါမလုပ်နိုင်တဲ့အများအကျိုးတွေက်ုကုကြီး
လုပ်ခဲ့တာဟာတရားကောင်းတရားမြတ်တွေနဲ့ကြုံ
ဆုံဖို့ပါရမီတွေဖြဈချင်ဖြစ်နေမှာပါကိုကြီး
ကိုကြီး ညီလေးဆိုလိုချင်တာကိုကိုကြီးသဘောပေါက်မယ်
လို့မျှော်လင့်ပါတယ်
ဒီလိုပါရမီမျုးကိုလည်းလူတိုင်းဖြည့်ဖို့မလွယ်ပါဘူးကိုကြီးရယ်
ပါရမီကောင်းများဖြည့်ရင်းမြတ်သောတရားများကိုရှာဖွေတွေပရှိ
နိုင်ပါစေဆုတောင်းလျှက် ညီငယ် ညဏ်ဝေ
ဆရာလုပ်သလိုဖြစ်သွားရင်လည်းသည်းခံနားလည်ပေးပါကိုကြီး
လေးစားလျှက်