Latest News

*ဝေး*

အနေမဝေးပေမယ့်
ခရေလေးတွေ ခြောက်ပြီလေ…
မခေါ်သာ အတွေ့ခက်
နေ့ရက်တာရှည်…
ပွင့်သစ်တို့ တဝေေ၀
ပွင့်ကြွေတို့ တဖွေးဖွေး…။

အသက်တမျှချစ်ပါရဲ့
လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့
အမှတ်တရကွယ် ခြေရာချန်သလား
ဝေဒနာဒဏ် တမြေ့မြေ့အဆွေးတွေနဲ့
မရေရာပြန် တစေ့စေ့တွေးတော့မှ
အချစ်ရယ်…
တစ်နေ့ထက်တစ်နေ့ ဝေး…။ ။

ဒါလေးက ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေးကို နည်းနည်းလေး ပြောင်းထားတာပါ။ ပထမဆုံးအပိုဒ်လေးမှာပါ…။ မူလကဗျာက…

*တကယ်မဝေးပေမယ့်
*စံပယ်လေးတွေ ခြောက်ပြီလေ… တဲ့။

ကျွန်တော်က စံပယ်ကို သိပ်မကြိုက်လို့ ခရေနဲ့ အစားထိုးလိုက်တာပါ။
>>> စံပယ်က နည်းနည်းအားပျော့တယ်။ နုတယ်။ အကြမ်းအတမ်း လောကဓံကို ခရေ လောက် မခံနိုင်ဘူးလို့ ထင်တယ်။ နောက်ပြီး စံပယ်က နွမ်းရင် ခြောက်သွားရင် မမွှေးတော့ဘူးလေ။

>>> ခရေကျတော့ အဲလိုမဟုတ်ဘူး။ မာတယ်၊ ရဲဝံ့တယ်၊ လောကဓံကို စံပယ်ထက် ပိုပြီး ခံနိုင်ရည်ရှိတယ်။ နောက်ပြီး လန်းနေစဉ်မှာလည်း မွှေးတယ်၊ နွမ်းရင်လည်း မွှေးဆဲပဲ။ ဒါကြောင့် စံပယ်နေရာမှာ ခရေနဲ့ အစားထိုးလိုက်တာပါ။

>>> နောက်တစ်ခုက မူရင်းကဗျာနာမည်ကို ကျွန်တော်မသိဘူး။ ဒါကြောင့် ကျွန်တော်ကြိုက်သလို ခေါင်းစဉ်လေးကို အမည်ပေးလိုက်တာပါ။ ကဲကဗျာလေးကို စာသားလေးတွေ ခံစားပြီးရင် သဘောလေးတွေ ထပ်ပြီး ခံစားကြည့်လိုက်ရအောင်။

>>> *အနေမဝေးပေမယ့်*
အင်းအနေမဝေးဘူး၊ ထားပါတော့ ဘာနဲ့မဝေးတာလဲ.. သဘောယူလိုက်မယ်။ တရားနဲ့မဝေးတာလို့။ ဘာလို့လဲဆိုတော့ တရားက လူပုဂ္ဂိုလ်တွေနဲ့ အနီးဆုံးမှာ ရှိတယ်လေ။ *တရားရှာ ကိုယ်မှာတွေ့* လို့တောင် ဆိုထားတာပဲမဟုတ်လား။

>>> *ခရေလေးတွေ ခြောက်ပြီလေ*
ခြောက်ခြောက်ပေါ့။ သူ့ဟာသူခြောက်တာ ဘာဖြစ်သေးလဲ။ အရာအားလုံးက အနိစ္စသဘောတွေပဲဟာ။ ဖြစ်ပြီး ပျက်မှာပေါ့၊ မဟုတ်ဘူးလား။

>>> *မခေါ်သာအတွေ့ခက် နေ့ရက်တာရှည်*
အင်းဒါကလည်း သနားစရာသတ္တ၀ါလို ကိုယ့်ကိုယ်ကိုလုပ်ပြီး စိတ်ကိုလှည့်စားနေတဲ့ တဏှာနဲ့ ဒိဋ္ဌိ နှစ်ခုပေါင်းပြီး အိပ်မက်ပန်းဥယျာဉ်မှာ နှစ်ယောက်တစ်အိပ်မက် မက်ချင်နေတာ။ အပါယ်ဆွဲချမယ့် တရားမှန်း ဒီကဗျာထဲက ဇာတ်ကောင် သိပုံမပေါ်ဘူး။

>>> *ပွင့်သစ်တို့ တဝေေ၀ ပွင့်ကြွေတို့ တဖွေးဖွေး*
သံသရာစက်ရဟတ် အဖန်ဖန်လည် နေတယ်လို့ မြင်လို့ရတယ်။ ခုနက တဏှာနဲ့ ဒိဋ္ဌိတွေကြောင့်လေ…။

>>> *အသက်တမျှချစ်ပါရဲ့*
အလကား လျှောက်ပြောနေတာ။ ရှိရင်လည်း ရှိမှာပေါ့။ ဒါပေမယ့် percentage ကတော့ တအားအားပျော့ပါတယ်။ ကိုယ့်ကိုယ်ကိုလောက် ဘယ်သူက ပိုချစ်မှာလဲ။ မုသာဝါဒတောင် စိတ်မထားတတ်ရင် ထိုက်သွားနိုင်သေးတယ်။

>>> *လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့*
သူများလို ပွဲဝင်ချင်ရင်တော့ သူမျာလို ကြိုးစားရမှာပေါ့။ ထိုင်ပြီးဆွေးနေလို့ကတော့ ကျရှုံးမှုတွေက သင့်ကို မိတ်ဆွေလာဖွဲ့ လိမ့်မယ်နော်။ လောကီမှာ ကျရှုံးတာ ဘာမှသိပ်ပြီး အထိမနာပေမယ့် လောကုတ္တရာပိုင်းမှာ ကျရှုံးရင်တော့ သွားရောပဲ။

>>> *ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း*
စိတ်မထားတတ်တော့ ရင်တွင်းမှာ တအားပူလောင် ခံစားရပြီးပေါ့။ နှလုံးသား ကျွမ်းမလောက်တောင် ခံစားရတော့မှာလေ။ ဒီလို တဏှာကနေ ဝေဒနာကို ကူးတော့ သံသရာဇာတ်လည်း ကိုရီးကားလို အခန်းရှည်ပြီပေါ့။ (ဂျူမုံလောက်ရှည်တာက အကြောင်းမဟုတ်ဘူး။ တော်ကြာ *ဆက်ရန်* ဆိုရင် ဒုက္ခ)

>>> *ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့*
ကျွန်တော်လည်း ပန်းတော့ကြိုက်တာပါပဲ။ ဒါပေမယ့် *ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ* ပဲလေ။ ကြိုက်ရင် ကြိုက်တယ်လို့ မှတ်ပေါ့၊ အော် ငါကြိုက်နေပါလားလို့ သိပေါ့။ အားစိုက်စရာ မလိုပါဘူး။ သိရုံလေးပါပဲ။ ဒီဇာတ်ကောင်ကတော့ဗျာ တစ်ခန်းလုံးလွမ်းနေတော့တာပဲ။ အလွမ်းမင်းသားလေး မောင်လွမ်းဝေ လို့တောင် နာမည်ပေးရမလို ဖြစ်နေပြီ။

>>> *အမှတ်တရကွယ် ခြေရာချန်သလား*
ဒါကတော့ ကိုယ့်ဟာကိုယ် ထင်နေတာလေ။ ဟိုမှာက သူ့ဟာသူ ပျော်နေလောက်ပြီ။ ခြေရာနောက်လိုက်လို့ ကတော့ မရေရာလောက်ပါဘူးဗျာ။ ဘာလို့ အတိတ်ကိုအမှတ်ရနေတော့မလဲ။ နောက်တစ်ယောက်ရှာ အဲလေ… မှားလို့ ပစ္စုပ္ပါန်ကျကျပဲ နေတော့ပေါ့နော…။ ဒါမှ စိတ်သက်သာရာ ရမှာပေါ့။ ဒုက္ခကိုအရောင် ထပ်ဆိုးချင်ရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။

>>> * ဝေဒနာဒဏ် တမြေ့မြေ့အဆွေးတွေနဲ့*
တဏှာကနေ ဝေဒနာကို ကူးလို့ကတော့ ပဋိစ္စသမုပ္ပါဒ် တစ်ပတ်ပြန်လည် ပြီသာအောက်မေ့ပေတော့။

>>> * မရေရာပြန် တစေ့စေ့တွေးတော့မှ*
အင်း ခန္ဓာရဲ့အစမရှာပဲ တခြားဘာသာတွေလို လူ ရဲ့အစကိုရှာသလိုမျိုး မရေရာတာတွေ လုပ်နေပြီး အ၀ိဇ္ဇာ ဖုံးနေရင်တော့…

>>> * အချစ်ရယ်… တစ်နေ့ထက်တစ်နေ့ ဝေး *
အသင်္ခတ နိဗ္ဗာန်နဲ့တော့ ဝေးပြီဗျို့…။

အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံရစ်ကြပါကုန်လော့။


လေးစားစွာဖြင့်
ပြည့်စုံအောင်

07.12.2008, SUN:, 10:51:29 am
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply