ဘုန်းဘုန်းရေ.. မင်္ဂလာပါနော်.. နေကောင်းရဲ့လား ဘုန်းဘုန်း.. ဖိုးသားကတော့ ဘုန်းဘုန်း ပို့သတဲ့မေတ္တာတွေကြောင့် နေကောင်းပါတယ်ဘုန်းဘုန်း..
ဘုန်းဘုန်းကို ဖိုးသားတွေးမိတာလေး ပြောပြချင်လို့.. မနေ့ကပေါ့ဘုန်းဘုန်းရာ.. ဖိုးသား နေ့လည်ဘက် ခေါင်းနောက်တာနဲ့ ခဏအိပ်တယ်.. အိပ်ရာကနိုးတော့ မျက်နှာလေးသစ်.. ဘုရားခန်းထဲသွားပြီး တရားသွားနာဖြစ်တယ် ဘုန်းဘုန်း.. ဖိုးသား MP 4 လေးနဲ့.. အခန်းထဲကျတော့ တရားနာရတာ သိပ်မကောင်းဘူးလေ.. ဆူဆူညံညံနဲ့ဆိုတော့..
တရားကလည်းကောင်းပါ့ ဘုန်းဘုန်းရာ.. ဘုန်းဘုန်းကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ဟောတဲ့တရားလေး.. *လှူတတ်ပါစေ* တဲ့.. ဘုရားရှင်ရဲ့ အလှူပြုရာမှာ လုပ်ဆောင်လေ့ရှိတဲ့ အချက်ငါးချက်ကို ဟောထားတာဘုန်းဘုန်းရ..
အဲလိုနာရင်း တရားလေးလည်း ရှုပေါ့.. တင်ပလ္လင်ခွေထိုင်ပြီးနာတာ ဘုန်းဘုန်းရ.. အဲဒီမှာ ဘုန်းဘုန်းရာ ပြီးခါနီးမှ အားပါးပါး ကြွက်တက်တာ ဘုန်းဘုန်း.. ပြောမပြောချင်ပါဘူး.. မဖြစ်တာကြာပေါ့.. ဘုရားခန်းထဲမှကလည်း တစ်ယောက်တည်း… တော်တော်ခံလိုက်ရတယ်… အရင်ကျောင်းတုန်းကတော့ ခဏခဏ ကြွက်တက်ဖူးပါတယ်.. ဒါပေမယ့် အဲလိုမတက်တာ ကျောင်းဆင်းပြီး ကတည်းကဆို ၂-နှစ်ကျော် သွားပြီလေ..
အဲလိုကြွက်တက်တဲ့ အချိန်မှာ အစပိုင်းတော့ ဘာမှမသိဘူး.. ခြေသလုံးကို အတင်းနှိပ်ပြီး နာနေတာပဲသိတယ် ဘုန်းဘုန်း.. အဲ ဒါပေမယ့် အဲဒီလိုနေရင်းနဲ့မှ ဖိုးသားအတွေးထဲ တစ်ချက်ပေါ်လာတယ်.. ဘာလဲဆိုတော့…
အော်.. ငါဒီဘာမှမဟုတ်တဲ့ ဝေဒနာလေးတောင် ဒီလောက်ခံစားနေရတာ.. သေခါနီးဝေဒနာဆို တော်တော်ဆိုးမှာပါလား.. လူတစ်ယောက်ကို သေအောင်လုပ်တဲ့ ဝေဒနာဟာ .. အားလားလား ကြောက်ဖို့ကောင်းလိုက်တာ.. ခုဒီဝေဒနာ သေးသေးလေး ခံစားနေတာတောင် ဘုရားသတိမရ.. တရားသတိမရရင်.. အော် သေခါနီးဆို ဘယ်လိုများလုပ်ရပါ့.. ငါတော်တော် လိုသေးပါလား.. ဒီလို ကြွက်တက်နေရင်းသာ မပြောမဆို ငါသေသွားခဲ့ရင်.. ငါ့ရဲ့လားရာဟာလည်း အားပါးပါး မတွေးဝံ့စရာပါလားနော်.. ဆိုပြီး ဖိုးသား တွေးမိလိုက်တယ် ဘုန်းဘုန်း.. ကြောက်လည်း တော်တော် ကြောက်သွားတယ်.. သေမှာကိုမဟုတ်ဘူး ဘုန်းဘုန်း.. အချိန်တန်ရင်တော့ သေကြမှာပဲလေ.. ဟုတ်ဘူးလား ဘုန်းဘုန်းရာ.. ဖိုးသားကြောက်တာက တရားမသိဘဲနဲ့ သေသွားမှာကို ကြောက်တာ.. အဲလို ဘုန်းဘုန်းရ..
ဖိုးသားကြားဖူးတာက တရားသိနေတာတောင် အတွေးတစ်ချက်ချော်၊ ဘ၀င်တစ်ချက်စောင်းသွားရင်.. လားရာဘုံလည်း ပြောင်းသွားတတ်တယ်တဲ့.. သိပ်တော့ အဲဒီဘုံမှာ မခံရဘူးပေါ့လေ.. ဒါပေမယ့်လည်း ဘယ်သူကတော့ အဲလိုဘုံမျိုး ရောက်ချင်ပါ့မလဲ.. ဖိုးသားလည်း ထိုနည်းတူပေါ့ ဘုန်းဘုန်းရာ..
ဒီလိုကြောက်စိတ်နဲ့အတူ ဖိုးသား ဒီလိုလေး ဆက်တွေးမိလိုက်သေးတယ်.. သိလား ဘုန်းဘုန်း..
ငါမသေခင်မှာ တတ်နိုင်သလောက်လေး လုပ်သွားမယ်လို့.. တရားနဲ့ပတ်သတ်ပြီးလေ.. ဒါနပိုင်းကော၊ သီလပိုင်းကော.. နောက်ဆုံး ဘာဝနာပိုင်းပါ မချန်ပေါ့.. ဒီလိုလေး တွေးမိလိုက်တယ် ဘုန်းဘုန်း.. တော်သေးတာပေါ့နော် ဘုန်းဘုန်း.. ဒီအတွေးလေး တွေးမိလိုက်လို့.. ဒါလည်း ရတနာသုံးပါးကို ကြည်ညို ကိုးကွယ်မှုကြောင့်လို့ပဲ ဖိုးသား ထင်ပါတယ်လေ.. ဒီလိုလေး တွေးမိတာကိုက ဖိုးသားအတွက် အမြတ်ပေါ့ ဘုန်းဘုန်းရာ..
ဘုန်းဘုန်းကော ဖိုးသားတွေးတာလေးကို ဘယ်လိုထင်လဲမသိဘူးနော်.. ဖိုးသားလည်း ဘုန်းဘုန်းကို ပြောပြပြီးပြီဆိုတော့ လိုက်နာလုပ်ဆောင်ဖို့ပဲ ကျန်တော့တာပေါ့နော် ဘုန်းဘုန်း.. ဖိုးသား ကြိုးစားပြီး လုပ်ဆောင်သွားပါ့မယ်.. အကြောက်တရားကနေ အသိတရားဆီကို ရောက်အောင်ပေါ့ ဖိုးသား ကြိုးစားပါ့မယ် ဘုန်းဘုန်း.. ကတိပေးတယ်လို့တော့ မသုံးနှုန်းချင်ပါဘူး ဘုန်းဘုန်း.. ကတိကြောင့် လုပ်မှာမဟုတ်ပါဘူး ဖိုးသား.က. အသိနဲ့ လုပ်သွားမှာပါ ဘုန်းဘုန်း..
နောက်ပြီး ဘုန်းဘုန်းတို့ရဲ့ တရားကျေးဇူးတွေကိုလည်း ဖိုးသား တရားဓမ္မနဲ့ပဲ အကျေဆပ်ရဦးမယ်လေ.. တစ်ချက်ခုတ် သုံးလေးချက် ပြတ်သွားတာပေါ့ ဘုန်းဘုန်းရာ.. တော်ပြီနော်ဘုန်းဘုန်း ဖိုးသားစာကို ဒီလောက်နဲ့ပဲ.. တော်ကြာ ဘုန်းဘုန်းကို နှောင့်ယှက်သလို ဖြစ်မှာကိုလည်း ဖိုးသားကြောက်သေးတယ်.. ဘုန်းဘုန်းကို အားနာလို့ပါ..
ဘုန်းဘုန်း ကျန်းမာပါစေ
ေးလစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား
18.01.2009, SUN:, 08:12:35 PM

0 comments