ဘုန်းဘုန်းရေ…
ဖိုးသားလေ မနေ့က အိမ်ကိုဖုန်းဆက်မိတယ်။ အိမ်ဆိုတာ ရန်ကုန်က အစ်ကိုအိမ်ပါ။ ဖိုးသားအိမ်ကို ဖုန်းဆက်တိုင်း မကောင်းသတင်းတွေပဲ ကြားနေရတယ် ဘုန်းဘုန်းရယ်။ ကောင်းသတင်း မင်္ဂလာရှိတဲ့ သတင်းလို့လည်း ပြောချင်ရင်ရပါတယ်လေ။ ခံယူတတ်သူတွေ အတွက်တော့ ကောင်းသတင်း၊ မင်္ဂလာရှိတဲ့ သတင်းပေါ့။
ဘာသတင်းလဲဆိုတော့ ဖိုးသားတို့ရဲ့ ဘကြီး ဆုံးသွားပြီတဲ့လေ…။ ဖိုးသားနည်းနည်းတော့ အံ့သြသွားတယ် ဘုန်းဘုန်း။ ဘာလို့လည်း ဆိုတော့ အဲဒီဘကြီးးရဲ့ ဇနီးကလည်း မကြာခင်ကမှ ဆုံးသွားတာ ဘုန်းဘုန်းရ။ တစ်လကျော်ကျော်လောက်ပဲ ရှိဦးမယ်..။ ဒီလို မြန်မြန်ဆန်ဆန်ကြီး ဖြစ်သွားတာဆိုတော့ ရင်ထဲမှာ တစ်မျိုးပဲ ဘုန်းဘုန်းရာ။ ဖိုးသားသူငယ်ချင်းပြောသလိုများ ဖြစ်နေသလား မသိဘူး။ သူများတွေသေတော့ ကိုယ့်အမျိုးမှ မဟုတ်တာတဲ့၊ ဘာဂရုစိုက်စရာ ရှိလို့လဲတဲ့၊ ဥပမာ နာဂစ်ကိုပဲ ကြည့်လေတဲ့။
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ သူပြောတာ.. မှန်သင့်သလောက်တော့ မှန်ပါတယ်။ သူများတကာ သေလို့ ခံစားရတဲ့ ခံစားချက်ဟာ ကိုယ့်အမျိုးတစ်ယောက် သေလို့ ခံစားရတဲ့ ခံစားချက်နဲ့တော့ ဘယ်တူပါ့မလဲလေ..။ ဒါဟာလည်း ပုထုဇဉ်လောကီသားတို့ရဲ့ ခံစားချက်သာလျှင် ဖြစ်မယ်ထင်တာပါပဲ ဘုန်းဘုန်းရာ..။ နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိသလို နည်းနည်းလည်း တုန်လှုပ်သွား မိတယ်။
စိတ်မကောင်း ဖြစ်မိတာက ကျန်ရစ်သူ သားသမီးတွေ (ဖိုးသားရဲ့ အစ်ကို ၂ ယောက်နဲ့ အစ်မ ၁ ယောက်) ခံစားရမယ့် ဝေဒနာကို ကိုယ်ချင်းစာလို့ပါ။ အမေဆုံးတာမှ တစ်လကျော်ကျော်ပဲ ရှိသေးတယ်.. ခု အဖေက ထပ်ဆုံးပြန်တယ်ဆိုတော့ နှလုံးသားရှိသူတိုင်း ခံစား နားလည်ပေးနိုင်မှာပါလေ..
တုန်လှုပ်သွားတာကတော့ သေခြင်းတရားကို တစ်ချက်တစ်ချက် မေ့မေ့နေတာကို လာလာပြီး သတိပေးသလို ဖြစ်သွားလို့ပါ ဘုန်းဘုန်း၊ ပြောရရင်တော့ သံဝေဂ လို့ထင်တာပါပဲ ဘုန်းဘုန်းရာ။
အဲဒါကို အစ်ကိုနဲ့ ဖုန်းပြောဖြစ်တော့ အသုဘက တော်တော်စည်တယ်တဲ့လေ.. ဖိုးသားတကယ် ဟက်ဟက် ပက်ပက် ရယ်လိုက်မိတယ် သိလား ဘုန်းဘုန်း၊ သေတဲ့ပွဲလူစည်တာ ဘာလုပ်ရမှာလည်း ဘုန်းဘုန်းရာ၊ စည်သမျှလူတွေ အကုန်လုံးက သံဝေဂတရားနဲ့ အသုဘ လိုက်ပို့တယ် ဆိုရင်တော့ ဖိုးသား မပြောလိုပါဘူးလေ.. ဒါပေမယ့်လည်း ဘုန်းဘုးန်လည်းသိမှာပါ လူတွေအကြောင်းကို.. မကောင်းတတ်လို့ လိုက်ပို့တာက ခပ်ခပ်များများရယ်.. အဲဒါကြောင့် ဖိုးသား ရယ်တာ.. လူများတော့ မကောင်းတတ်လို့ လိုက်ပို့တဲ့သူ ပိုများသွားသလိုပဲ..
ဖိုးသားကတော့ ခံစားချက်ပဲ သိပ်မရှိတာလား၊ မခံစားတတ်တာပဲလားတော့ မပြောတတ်ဘူးဘုန်းဘုန်း။ ဖိုးသားအဖေဆုံးတုန်းကလည်း သိပ်မခံစားဖူးဘူး.. ဆုံးသွားပြီလို့ အစ်မတစ်ယောက်က အမေ့ကို လှမ်းပြောလိုက်တဲ့ အချိန်မှာ ဖိုးသားစိတ်ထဲ တစ်မျိုးတော့ ဖြစ်သွားတယ်။ နောက် ပြတင်းပေါက်နားသွားပြီး ဖိုးသား မျက်ရည်ကျမိတယ်.. အော် ငါတော့ အဖေ ဆုံးရှုံးသွားပြီ ဆိုတဲ့အသိနဲ့.. ခဏပါပဲ.. ဖိုးသားအမေကတော့ ငိုတာပေါ့ ဘုန်းဘုန်းရာ.. အဒီနောက်ပိုင်း အလောင်းမြေမချခင်အထိ ဖိုးသားဘာမှ ဟုတ်တိပတ်တိ မခံစားရပါဘူး ဘုန်းဘုန်းရာ.. ပါရမီပဲ ပြည့်တာလား ခံစားချက်တွေပဲ မရှိတော့တာလားတော့ ဖိုးသားလည်း မသိပါဘူး.. မြေချတဲ့အချိန် အဖေ့ကိုနောက်ဆုံး ကန်တော့ တော့ မျက်ရည်တစ်ခါ ထပ်ကျမိတယ်.. ဆုံးတုန်းက တစ်ခါ၊ မြေချတော့ တစ်ခါ ဒီနှစ်ခါပဲ ဘုန်းဘုန်း ဒီလောက်ပါပဲ၊ ခဏတာလေးတွေပဲ ဘုန်းဘုန်း.. မယ်မယ်ရရတော့ သိပ်မရှိလိုက်ပါဘူး ဘုန်းဘုန်းရာ..
ဘုန်းဘုန်းကို ပြောရဦးမယ်.. ဒီရောက်ပြီးမှ ဖိုးသားအိမ်နဲ့ လေးခါလား စကားပြောမိတယ်.. သုံးခေါက်က ဖိုးသားတို့အပေါ် ကျေးဇူးရှိခဲ့တဲ့ သူတွေ ဆုံးသွားတယ်ဆိုတဲ့ သတင်းပဲ ကြားနေရတယ်.. ခုန ဘကြီးတို့ လင်မယားနှစ်ယောက်ရယ် နောက် ဖိုးသားတို့လမ်းထိပ်က ဦးလေးတစ်ယောက်ရယ်.. အားလုံးပေါင်း သုံးယောက်လေ.. ဖိုးသားကို သံဝေဂတရားတွေ တိုးပွားအောင် လုပ်နေတယ်လို့ပဲ ဖိုးသားခံယူမိပါတယ် ဘုန်းဘုန်းရယ်.. ဒါကအသက်ကြီးသူတွေထဲက ဆုံးတာကိုပြောတာ..
နောက်အသက်ငယ်သူတွေထဲက ဆုံးသွားတာလည်း ရှိသေးတယ်လေ.. ဖိုးသားတို့ ကျောင်းမှတုန်းက ရင်းနှီးခဲ့တဲ့ အစ်ကိုတစ်ယောက်လေ.. မော်စကိုမှာ ပညာသင်ရင်း ဆုံးသွားတာ.. ဖိုးသားထက် ၁ - နှစ်ပဲ ကြီးတယ်.. အဲဒီသတင်းကို ကြားတော့လည်း ဖိုးသား တုန်လှုပ်သွားမိပြန်တယ်.. ကြောက်လို့မဟုတ်ဘူး ဘုန်းဘုန်း.. သေမင်းအရှင်သခင်ရဲ့ မညှာတာ ရက်စက်တာလေးကို အံ့သြလို့.. နောက်ပြီး ဖိုးသားကိုလည်း အသိတွေ ထပ်တိုးစေလို့ပါ။
သေတာနဲ့ ပတ်သတ်တဲ့ စကားလုံးကတော့ ဖိုးသားအတွက် မထူးဆန်းတော့ပါဘူး ဘုန်းဘုန်းရာ.. ဘာလို့လည်း ဆိုတော့ ဖိုးသားလည်း တတ်နိုင်သလောက် ဥာဏ်မှီသလောက်လေး သေတတ်အောင် လုပ်နေလို့ပါ.. ဒါတောင် တစ်ခါတစ်ခါ သတိက လွတ်နေချင်သေးတယ် ဘုန်းဘုန်းရ..
အဲဒါကြောင့်မို့ထင်တယ်.. ဖိုးသားတို့ ရှစ်တန်ုးတုန်းက ဖိုးသားတို့ရဲ့ ကျောင်းအုပ်ဆရာကြီး တစ်ယောက်က ပြောဖူးတယ်လေ.. မင်းတို့တတွေဟာ ခုတော့ မိဘရဲ့လောင်းရိပ်အောက်၊ ဆိုဆုံးမမှုအောက်မှာ ရှိနေတာဆိုတော့ ကောင်းပါသေးတယ်တ။ တကယ်လို့များ မိဘတွေရဲ့ လောင်းရိပ်အောက်က လွတ်သွားတယ်.. တစ်နယ်တစ်ကျေးမှာ ပညာသွားသင်ရမယ် ဆိုရင်တော့ မင်းတို့ကို ဆိုဆုံးမမဲ့သူ မရှိတော့ဘူးတဲ့.. အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို ဆုံးမတတ်အောင် လေ့ကျင့်ရမယ်တဲ့.. ဒါပေမယ့်လည်း အခက်သားလားကွာ လို့ဆိုသေးတယ်.. ဘာလို့ခက်တာလဲဆိုတော့ လောကကြီထဲမှာ ကိုယ့်ကိုယ်ကို ဆုံးမရတာလောက် ခက်တာ မရှိဘူးကွာတဲ့ ဘုန်းဘုန်းရ။
အရင်တုန်းကတော့ ဖိုးသားလည်း ကိုယ့်ကိုယ်ကို သိပ်မဆုံးမတတ်ခဲ့ပါဘူး ဘုန်းဘုန်းရာ.. ဖိုးသားက ဒီလိုပြောတော့ ခုကော မင်းက ကိုယ့်ကိုယ်ကို ဆုံးမနိုင်ပြီလားလို့ မေးစရာရှိလာမယ်ထင်တယ်နော်.. ကြိုးစားလျက်ပါလို့ပဲ ဖိုးသားဖြေရလိမ့်မယ် ထင်ပါတယ် ဘုန်းဘုန်း။
ဖိုးသားက ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ မသေခင် ဘာလုပ်ကြမလဲ စာအုပ်လေးနဲ့လည်း ရင်းနှီးပြီးသားဆိုတော့ သေတဲ့စကားလုံးတွေက ဖိုးသားနဲ့ ရင်းနှီးနေတာလည်း ဖြစ်နိုင်ပါတယ်လေ..
အဒီအထဲမှာမှ ဖိုးသားမှတ်မိနေတာက တကယ်မသေခင် အစမ်းသေကြည့်လိုက်ရအောင် ဆိုတဲ့ စာပိုဒ်လေးပါပဲ… ဘယ်လိုအစမ်းသေရမလဲဆိုတော့ ဆရာတော်က ဒီလိုလေးရေးထားတယ် ဘုန်းဘုန်းရ..
ညအိပ်ယာ ၀င်ခါနီးမှာ ဒါနတစ်ခုခုလုပ်တဲ့.. ကောင်းတာကတော့ အိပ်ယာဝင်ခါနီး ဘုရားသောက်တော်ရေ ကပ်လိုက်ပါတဲ့၊ ဘာလို့အိပ်ယာဝင်ခါနီး အဲလို ဒါနမျိုးလုပ်ခိုင်းရသလဲဆိုတော့..
ကိုယ်အရင်ပြုခဲ့တဲ့ ဒါနတွေက ခုလို ဘုရားသောက်တော်ရည် ကပ်တာထက် အချိန်ကာလအားဖြင့် နည်းနည်းလေးလှမ်းနေတာ့ အာရုံပြုရတာ မလွယ်မှာစိုးလို့တဲ့.. ဒါ့ကြောင့် အိပ်ယာဝင်ခါနီး ဘုရားသောက်တော်ရေ ကပ်ခိုင်းရတာပါတဲ့။
အဲလို ဘုရားသောက်တော်ရေကပ်ပြီးရင် နောက်တစ်ဆင့် အနေနဲ့ သီလဆောက်တည်ပါတဲ့.. ကိုယ်တတ်နိုင်၊ စောင့်ထိန်းနိုင်တဲ့ သီလပေါ့ ဘုန်းဘုန်းရာ..
ဒါနလည်း ပြုပြီးပြီ သီလလည်း ဆောက်တည်ပြီးပြီဆိုရင်တော့ အိပ်ယာဝင်လို့ရပါပြီတဲ့.. ဒီနေရာမှာလည်း ဘယ်လို အိပ်ယာ ၀င်ရမလဲဆိုတော့.. အိပ်ယာထဲရောက်ရင် ခုန ပြုခဲ့တဲ့ ဒါနဲ့ ဆောက်တည်ခဲ့တဲ့ သီလကို ပြန်ပြီး အာရုံပြုရပါမယ်တဲ့.. အဲလိုအာရုံပြုပြီးပြီဆိုရင်တော့ တရားဘာဝနာလေးကို ရှုပွားပြီး အိပ်လို့ရပါပြီတဲ့ ၀င်တယ် ထွက်တယ်ပဲ ဖြစ်ဖြစ်၊ ဖောင်းတယ် ပိန်တယ်ပဲ ဖြစ်ဖြစ် ကိုယ်နှစ်သက်ရာကို ရှုပါတဲ့ ဘုန်းဘုန်းရ… ဒီလိုလေး နေ့စဉ်ရက်ဆက် လုပ်သွားနိုင်ရင်တော့ ကိုယ်တကယ်သေခါနီးမှာ ဒီကောင်းမှုတွေက လာပြီးကျေးဇူး ပြုပါမယ်တဲ့.. ဖိုးသားမှတ်သားမိတာလေးပါ ဘုန်းဘုန်း..
ဒါပေမယ့်လည်း ဘုန်းဘုန်းရာ… ဒီလောက်နဲ့ တင်းတိမ်နေရင်တော့ သေခြင်းကင်းရာကိုတော့ မရောက်နိုင်သေးဘူး ထင်တာပါပဲ.. ဘာလို့လဲဆိုတော့ ဒီကောင်းမှုတွေက ကျေးဇူးပြုရင် သုဂတိဘုံတော့ ရောက်မှာပေါ့လေ.. ဒါပေမယ့်လည်း နောင်တစ်ဖန် ခန္ဓာ ထပ်ဖြစ်တာဆိုတော့ သေခြင်းကင်းရာတော့ ဘယ်ဟုတ်ပါ့မလဲ.. ဖိုးသား ခုရေးနေရင်းမှ တွေးမိတာလေးပါ.. ဆရာတော့်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး.. ဖိုးသား လျှောက်တွေးကြည့်တာ.. ဘုန်းဘုန်းကောသလ္လ စကားနဲ့ ပြောရရင် ဝေဖန်ပိုင်းခြားကြည့်တာပေါ့ ဟဲ ဟဲ..
ဖိုးသားပြောတာ ကြီးကျယ်သွားလားမသိဘူး.. ဒါပေမယ့် ဖိုးသားဘာလို့ ဒီလို ဝေဖန်မိလဲဆိုတော့ ဆုံးမစကားလေးတစ်ခွန်း သွားအမှတ်ရလိုက်မိလို့ပါ။ ရှင်သာရိပုတ္တရာ ဆုံးမခဲ့တာလေး ထင်တယ်..
ဘယ်လိုဆုံးမခဲ့လဲ ဆိုတော့
*လောကကြီးမှာ နောင်တစ်ဖန် ပဋိသန္ဓေနေရတာလောက်၊ နောင်တစ်ဖန် ခန္ဓာရတာလောက် ကြီးမားတဲ့ ဒုက္ခ မရှိဘူးကွာ* တဲ့။ ဖိုးသားရွှီးတာလေးတွေ ဟုတ်လားမသိဘူး ဘုန်းဘုန်း၊ မှားနေရင်လည်း ဘုန်းဘုန်း ဖိုးသားကို ပြုပြင်ပေးပေါ့။ ရေးတော့ရေးချင်သေးတယ် ဘုန်းဘုန်းရာ..
ဒါပေမယ့်လည်း ဖိုးသား ဟင်းချက်စရာလေး ရှိလို့ ဒီလောက်နဲ့ပဲ တော်လိုက်တော့မယ်နော် ဘုန်းဘုန်း.. နောက်တစ်ခါ စာရေးမှပဲ ဒီ့ထက်ရှည်ရှည် ဖိုးသားရေးတော့မယ်…
ဘုန်းဘုန်းကျန်းမာစေကြောင်း မေတ္တာပို့ ဆန္ဒပြုလျက်
ချစ်တပည့်လေး
ဖိုးသား
04.01.2009, SUN:, 09:49:19 AM

0 comments