မဂ္ဂင်ရှစ်ပါး၏ နောက်ခြေတစ်လှမ်း မှာလည်း ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်တွင် နေထိုင်ဆက်ဆံမှု ဘ၀နှင့် ပတ်သတ်ပါသည်။ ၄င်းမှာ သမ္မာအာဇီဝမဂ္ဂင် ဖြစ်ပါသည်။ သမ္မာအာဇီဝ ဆိုသည်မှာ ကောင်းသော အသက်မွေးမှုဟု အဓိပ္ပါယ် ရသည်။ ကောင်းသော အသက်မွေးမှု ဆိုသည်မှာလည်း သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခြင်း၊ ထိခိုက်နစ်နာစေခြင်း မရှိဘဲ မိမိကိုယ်မိမိ ပြုစု လုပ်ကျွေးခြင်းကို ဆိုလိုပါသည်။
သူတစ်ပါး အသတ်ကို သတ်ဖြတ်ခြင်း မပြု၊ သူတစ်ပါး ဥစ္စာကို မခိုး၊ မမှန်သော မုသားစကားကို မဆို၊ မလိမ်မညာ ရိုးသားဖြောင့်မတ်စွာ ပြောဆို လုပ်ကိုင်၍ အသက်မွေးခြင်းသည်သာ သမ္မာအာဇီဝ ဖြစ်ပါသည်။
မိစ္ဆာအာဇီဝဟု ဆိုအပ်သော မကောင်းသဖြင့် အသက်မွေးမှုများကို အစဉ်အလာ အားဖြင့် သတ်မှတ်ထားချက်များ ရှိသည်။ ၄င်းတို့မှာ သေစေတတ်သော လက်နက်ခဲယမ်းကို အရောင်းအ၀ယ် ပြုခြင်း၊ သေရည် သေရက် မူးယစ်ဆေးဝါးကို အရောင်း အ၀ယ်ပြုခြင်း၊ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း စသော မုဆိုးတံငါအလုပ် စသည်တို့ကဲ့သို့ သူတစ်ပါးကို ထိခိုက်နစ်နာ စေပြီးမှသာ မိမိဝမ်းဝသော အလုပ်များ အားလုံးသည် မိစ္ဆာအာဇီဝ မည်ပါသည်။
ဓမ္မဆိုသည်မှာ တရားထိုင်ခြင်း အလုပ်မျှကိုသာ ဆိုလိုခြင်းမဟုတ်။ တရား ထိုင်ခြင်းသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရာရကြောင်း နည်းကောင်း၊ ကိရိယာ တန်ဆာကောင်း ဖြစ်သည်ကား မှန်ပါသည်။ သို့သော် ထိုနားလည်မှု ဉာဏ်ပညာကို မိမိဘ၀မှာ ပေါင်းစပ်၍ အသုံးချရမည် ဖြစ်ပါသည်။
သမ္မာအာဇီဝသည် တရားသိမှု ပညာကို ဘ၀မှာ ပေါင်းစပ် အသုံးချခြင်း၏ ပဓာနကျသော အစိတ်အပိုင်း ဖြစ်ပါသည်။ အမေရိကန်၊ အင်းဒီးယန်း တိုင်းရင်းသားများ ကျင့်သုံးသော နည်းလမ်းမှာ လမ်းလျှောက်သော အခါ သူတော်ကောင်း ပညာရှိတို့၏ အမူအရာဖြင့် လမ်းလျှောက်ရမည်၊ ဘ၀ကို ရသပါအောင် လုပ်တတ်ရမည်၊ ကျွန်ုပ်တို့ လုပ်သမျှ အလုပ်ကို သန့်စင် မွန်မြတ်သော ပညာရှိ သူတော်ကောင်းများ ပြုမူသကဲ့သို့ ပြုမူဆောင်ရွက်ရမည်၊ ကျွန်ုပ်တို့ ပြုလုပ်သမျှ အလုပ်များကို ဉာဏ်ပညာနှင့် ယှဉ်ပြီး လုပ်ကြရမည် ဟူ၏။
****************************************************
ထိုမှတစ်ပါး ကျန်သော မဂ္ဂင် သုံးပါးသည်ကား ကမ္မဋ္ဌာန်း အားထုတ်ခြင်း အလုပ်နှင့် ဆိုင်ပါသည်။ ထိုမဂ္ဂင် သုံးပါးအနက် ပထမ မဂ္ဂင်သည် သမ္မ၀ါယမ ဖြစ်၏။ အမှုခပ်သိမ်းတို့ အတွက် အရေးအကြီးဆုံး မဂ္ဂင်လည်း ဖြစ်၏။ လုံ့လ၀ီရိယ အားထုတ်ခြင်း မရှိဘဲနှင့် ဘာမျှဖြစ်လာမည် မဟုတ်ချေ။ ဗုဒ္ဓ၏ စိတ်ပညာဖြစ်သော အဘိဓမ္မာ တရားတော်တွင် လုံ့လ၀ီရိယသည်သာ အောင်မြင် ပြီးမြောက်မှု အားလုံး၏ အခြေအမြစ် ဖြစ်ကြောင်း ဟောကြားထားလေသည်။
ကျွန်ုပ်တို့သည် တောင်ထိပ်သို့ ရောက်လိုပါက တောင်ခြေရင်းမှာ ထိုင်ပြီး တောင်ထိပ်သို့ ရောက်ရန် စဉ်းစားနေရုံနှင့် ဘာမျှ ဖြစ်လာမည် မဟုတ်ချေ။ တောင်ထိပ်သို့လည်း ရောက်မည် မဟုတ်ပေ။ အမှန်တကယ် လုံ့လ၀ီရိယ စိုက်ထုတ်ပြီး တောင်တက်ခရီးကို တစ်လှမ်းပြီး တစ်လှမ်း မဆုတ်နစ်သော စိတ်ဖြင့် တက်လှမ်းမှသာလျှင် တောင်ထိပ်ပေါ်သို့ ဆိုက်ရောက်သွားမည် ဖြစ်၏။
ရာမဏ မဟာ ရသေ့ကြီးဆိုသော ခေတ်သစ် အိန္ဒိယ ယောဂီကြီးက “လုံ့လမရှိဘဲနှင့် မည်သူမျှ မအောင်မြင်နိုင်၊ စိတ်ချုပ်တည်းမှုသည် သင်၏ မွေးကတည်းက ပါလာသော အခွင့်အလမ်း မဟုတ်၊ အောင်မြင်သောသူ အားလုံးတို့သည် သူတို့၏ ဇွဲလုံ့လ ကြောင့်သာ အောင်မြင်ရခြင်း ဖြစ်ကြကုန်သည်” ဟု ရေးသားခဲ့လေသည်။
သို့သော် ၀ီရိယကိုလည်း မျှမျှတတ ရှိစေရမည်။ ၀ီရိယ လွန်ပြန်လျှင်လည်း ဆွံ့တတ်သည်။ ၀ီရိယနှင့် သမာဓိကို မျှတအောင် လုပ်ရမည်။ ၀ီရိယ ပိုလွန်းလျှင် စိုးရိမ်ကြောင့်ကြ စိတ်ကြောင့် တင်းမာမှုများ၊ အားစိုက်မှု များလွန်းသဖြင့် အနှောင့်အယှက် အတားအဆီး ဖြစ်ပြန်သည်။ အားထုတ်မှုနှင့် စိတ်တည်ငြိမ်မှုကို မျှမျှတတ ဖြစ်စေရမည်။ မလျော့မတင်း စောင်းကြိုးညှင်း ဆိုသကဲ့သို့ပင် ဖြစ်၏။
စောင်းကြိုးညှိရာတွင် တင်းလွန်းလျှင်လည်း သံစဉ်ကို မရဘဲ ရှိတတ်ပေသည်။ တရား အားထုတ်မှုမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် မဆုတ်မနစ် ဇွဲလုံ့လဖြင့် အားထုတ်ရမည်ကား မှန်၏။ သို့သော် စိတ်သက်တောင့် သက်သာ ရှိရမည်။ အတင်းအကျပ် အားမထုတ်ရ။ အပြင်းအထန် မလုပ်ရ။ ၀န်နှင့်အား မျှတရုံ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ ရှိနေစေရမည်။
ကျွန်ုပ်တို့၏ကိုယ် အဇ္ဈတ္တ သန္တာန်တွင် ရှာဖွေဖော်ထုတ် စရာတွေ များစွာ ရှိသေးသည်။ စိတ်အဆင့်ဆင့် ရှိပုံကို များစွာသိဖို့ လိုသေး၏။ ၀ီရိယကို ထုတ်မှသာ မဂ်လမ်းသည် ပေါ်ထွက်လာမည် ဖြစ်ပေသည်။ မည်သူမျှ ထိုအလုပ်ကို ကျွန်ုပ်တို့အတွက် လုပ်ပေးမည် မဟုတ်ပါ။ လူတစ်ယောက် ဗောဓိဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရအောင်လည်း အခြားသူ တစ်ယောက်က လုပ်မပေးနိုင်ပါ။
ကျွန်ုပ်တို့ အားလုံးသည် မိမိတို့၏လမ်းကို မိမိတို့ဘာသာ ဖောက်၍ ကိုယ်စီကိုယ်ငှ အသီးသီး လျှောက်သွားကြရမည်သာ ဖြစ်ပါသည်။
ဆက်ရန်>>>
>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။
>>> စာရှုသော ဓမ္မမိတ်ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
2/15/2009, SUN:, 10:44:07 AM

0 comments