အခု ကျွန်တော် ရေးသားမယ့် ကဗျာလေးက ရုရှားသီချင်းတစ်ပုဒ်ကို ဘာသာပြန်ထားခြင်းပါ... အချစ်ကဗျာလေး တစ်ပုဒ်ပါပဲ... ဒါပေမယ့် ဒီကဗျာလေးကို ခံစားပြီး မဖတ်ဘဲ ဆင်ခြင်ပြီး ဖတ်ပေးပါ၊ ဒီလို တဏှာပေမ အချစ်မျိုး မထားသင့်ဘူး ဆိုတာလေးကို သတိလေးနဲ့ စောင့်ကြည့်ရင်း ဖတ်ပေးပါ... လိုက်နာရမယ့်၊ လိုက်နာသင့်တဲ့ ကဗျာတစ်ပုဒ်ကို မရေးသားဘဲ ရှောင်ခွါသင့်၊ ဖယ်ကြဉ်သင့်တဲ့ ချစ်ခြင်းတဏှာတွေ ရောပြွမ်းနေတဲ့ ဒီကဗျာလေးကို ရေးတင်လိုက်ရတဲ့ အတွက် ကျွန်တော် ဒီနေရာကပဲ တောင်းပန်လိုက်ပါတယ်... ကဗျာခေါင်းစဉ်က *ချစ်လှစွာသော အရှင်* တဲ့...
*ချစ်လှစွာသော… အရှင်*

ချစ်လှစွာသော အရှင်…
အရှင့်ရဲ့ ချစ်ဇနီးလေးအဖြစ်
အကျွန်ုပ်ကို ဆောင်ကျဉ်းသွားပါလော့
ဝေးလံခေါင်ဖျား ဟိုးအဝေးတစ်နေရာကိုလေ…။
အော်…
ချစ်စရာ့ လှပျိုဖြူရယ်
အကျွန်ုပ် ခေါ်ဆောင်သွားပါ့မယ်
ဒါပေမယ့်လည်းကွယ်…
အကျွန်ုပ်မှာ ချစ်ဇနီးရှိပါရဲ့
အဲဒီ ဝေးလံခေါင်ဖျား ဟိုးအဝေးမှာပေါ့…။
ချစ်လှစွာသော အရှင်…
အရှင့်ရဲ့ နှမငယ်လေးအဖြစ်
အကျွန်ုပ်ကို ဆောင်ကျဉ်းသွားပါလော့
ဝေးလံခေါင်ဖျား ဟိုးအဝေးတစ်နေရာကိုလေ…။
အိုကွယ်…
ချစ်စရာ့ လှပျိုဖြူရယ်
အကျွန်ုပ် ခေါ်ဆောင်သွားပါ့မယ်
ဒါပေမယ့်လည်းကွယ်…
အကျွန်ုပ်မှာ နှမငယ်လည်းရှိပါရဲ့
အဲဒီ ဝေးလံခေါင်ဖျား ဟိုးအဝေးမှာပေါ့…။
ချစ်လှစွာသော အရှင်…
အရှင်နဲ့ သွေးမတော် သားမစပ်
သူစိမ်း တစ်ယောက်အနေနဲ့သာ
အကျွန်ုပ်ကို ဆောင်ကျဉ်းသွားပါတော့
ဝေးလံခေါင်ဖျား ဟိုးအဝေးတစ်နေရာကိုလေ…။
အလို…
ချစ်စရာ့ လှပျိုဖြူရယ်
အကျွန်ုပ် ခေါ်ဆောင်သွားပါ့မယ်
ဒါပေမယ့်လည်းလေ…
သွေးမတော် သားမစပ် သူစိမ်းတရံကိုတော့
အကျွန်ုပ် မလိုပါဘူးကွယ်…
အဲဒီ ဝေးလံခေါင်ဖျား ဟိုးအဝေးမှာပေါ့…။ ။
>>> စာရှုသူ ဓမ္မမိတ်ဆွေများ အားလုံး တဏှာပေမ-ချစ်သူအချစ်ကို စွန့်ပယ်လို့ မေတ္တာပေမ-ပါရမီအချစ်ကို လှမ်းဆွတ်ခြွေနိုင်ကြပါစေ...။
လေးစားစွာဖြင့်
ဖိုးသား
2/14/2009, SAT:, 9:52:06 PM
0 comments