Latest News

*မဂ္ဂင်ရှစ်ပါး မြတ်တရား(၆)*

သမ္မာသတိ မဂ္ဂင်သည် မဂ္ဂင်ရှစ်ပါးတွင် သတ္တမမြောက် လှမ်းတက်ရမည့် မဂ္ဂင် ဖြစ်ပါသည်။ သမ္မာသတိ ဆိုသည်မှာ မျက်မှောက်ခဏ ပစ္စက္ခကာလတွင် ခန္ဓာ ရုပ်နာမ်တို့၏ အဆက်မပြတ် တရစပ် ဖြစ်နေမှု၊ ပျက်နေမှုကို သိသိနေခြင်းကို ဆိုလိုသည်။

ခန္ဓာအစဉ် ရေအလျဉ်၏ မပြတ်စီးဆင်းနေမှုကို သတိကပ်၍ ရှုနေခြင်းသည် သမ္မာသတိ ဖြစ်တော့သည်။ စင်္ကြံလျှောက်နေစဉ် ခန္ဓာကိုယ်၏ လှုပ်ရှား ပြောင်းလဲနေမှုများကို သိသိနေအောင် ရှုမှတ်နေရမည်။ အသက်ရှူမှု အာနာပါနကို ရှုမှတ်သောအခါ ထွက်သက်ကိုလည်း သိအောင် မှတ်ရမည်။ ၀င်သက်ကိုလည်း သိအောင် မှတ်ရမည်။ သို့မဟုတ် ၀မ်းဗိုက်နေရာ၌ ဖောင်းတက်မှုကို လည်းကောင်း၊ ပိန်ကျသွားမှုကို လည်းကောင်း သိသိနေအောင် မှတ်ရမည်။

ထို့အတူ စိတ္တာနုပဿနာ၊ ဝေဒနာနုပဿနာကို ရှုပွားသော အခါမှာလည်း စိတ် စေသသိက်များ၊ ဝေဒနာများ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေကြပုံ အလုံးစုံသော ဖြစ်မှု ပျက်မှုများကို သိသိနေအောင် ရှုမှတ်ရမည်။ ဈင်ဆရာကြီး တစ်ပါးက “သင်လမ်းလျှောက် နေသောအခါ လျှောက်ရုံသာ လျှောက်ပါ၊ သင် ပြေးနေသော အခါမှာလည်း ပြေးရုံသာ ပြေးပါ၊ ထိုမှတစ်ပါး ဟိုယိမ်း ဒီယိမ်း မလုပ်ပါနှင့်”ဟု ဆုံးမလေသည်။

အာရုံတစ်ခုကို ရှုမှတ်သော အခါ ထိုအာရုံသည် ဘာလဲဆိုသည်ကို သိရုံမျှ သိကာမတ္တ ဖြစ်ရုံမျှသာ ရှုပါ။ လိုချင်သော လောဘစိတ်၊ ဖျက်ဆီးတတ်သော ဒေါသစိတ်၊ မေ့လျော့သော မောဟစိတ်များ ကင်းစွာဖြင့် ဖြစ်စဉ်တိုင်းကိုသာ မြင်အောင်ရှုပါ။ သတိကို အားကောင်းအောင် ပြုစုပျိုးထောင် ပြီးသောအခါ ၎င်းသည် ညီညီညာညာ အချိုးကျကျ နာရီစည်းဝါး ကိုက်လာပါတော့သည်။

အလိုက်သင့် ညီညီညာညာ ကကြိုးကဟန် ပီပီပြင်ပြင် တစ်နေကုန် ဖြစ်နေပါတော့သည်။ သတိပဋ္ဌာန် တရားက စိတ်၏ ချင့်ချိန်နိုင်မှု အရည်အသွေး၊ တည်ငြိမ် ညီညွတ်မျှတမှု အရည်အသွေးများကို ဖြစ်စေပါတော့သည်။ သတိပဋ္ဌာန် အားကောင်းလာသောအခါ စိတ်၏ ကြိုတင်တွက်ဆ (မှန်းဆ)နိုင်သော အရည်အသွေးလည်း လွန်စွာ ထက်မြက်လာပေသည်။

ထိုအခါ တရားထိုင်ရသည်မှာ ဖြစ်ပျက်ပြီး တရိပ်ရိပ် ပြောင်းလဲနေသော ပြပွဲကို နောက်ကထိုင်ပြီး ကြည့်ရှုနေရ သည်နှင့် တူပါတော့သည်။

ဆက်ရန်>>>

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်းကိုယ်တွေ့ဝိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။

>>> စာရှုသော ဓမ္မမိတ်ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

2/17/2009, TUE:, 4:31:34 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ညီလေး ဖိုး သားရေ
    ကောင်း လိုက်တာ လို့ပဲပြောတတ် တော့တယ်

Leave a Reply