ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃-နှစ်သား ကလေးငယ်ကို ရောင်စုံ မိုးပျံ ပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။ ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း လွတ်သွားခဲ့တယ်။
ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သားတဲ့ ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ ဖြစ်နေခဲ့တယ်။ ဒါကို ထက်မြက်တဲ့ မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့ "သားရေ.. ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်း ကလေးကို ထမင်းစားပြန်ဖို့ ခေါ်သွားပြီ.. သား လက်ပြ နှုတ်ဆက်လိုက်လေ" လို့ ပြောလိုက်တယ်။
ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂ မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို လက်ပြ နှုတ်ဆက်နေခဲ့တယ်။ ပါးစပ်မှာလည်း "တာ့တာ.. တာ့တာ" နဲ့ ဝဝကစ်ကစ် ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။
ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေတစ်ဆင့် ရင်ထဲကို စူးစူးနစ်နစ် ထိုးဝင်ခံစားစေခဲ့ပါတယ်။ မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက် မသိမသာ ပြောင်းရွေ့ လိုက်ပြီး ကောင်းမွန် မှန်ကန်တဲ့အမြင်ကို သားရင်ထဲ အရောက်ပို့ပေးခဲ့တယ်။
တစ်ကယ်တော့ ဘဝမှာဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲ ကိစ္စတွေလည်း ဖြေရှင်းပုံမမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကို ကြီးထွားစေနိုင်ပါတယ်။ အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က "မငိုနဲ့ သား.. မငိုနဲ့ မေမေနောက်တစ်လုံး ဝယ်ပေးမယ်" လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ "ကိုယ် အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊ အလျော်ပေးမယ်" ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။ ဒီလို အတွေးမှားက အကျင့်တစ်ခုလို ကလေးငယ်ရဲ့ ရင်မှာ ခိုအောင်းနေလိမ့်မယ်။
အကယ်၍ မိခင်က "အာ.. ကြည့်စမ်း.. ဒီလောက်တောင် တုံးရသလား? ပူဖောင်းတစ်လုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင် ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့လာပြီး ဒါလေးတောင် ငါမလုပ်နိုင် ဘူးဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။
အကယ်၍ မိခင်က "ဟင်း.... ပူဖောင်း ရောင်းတဲ့လူက သွားပြီ။ သားကို မေမေ နောက်တစ်လုံး ဝယ်ပေးလို့ မရတော့ဘူး" လို့ သက်ပြင်းချ ငြီးငြူခဲ့ရင် နောင်တစ်ချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့အချိန် ကလေးငယ် မှာလည်း စိတ်ပျက်ငြီးငြူ၊ လက်လျှော့မှုတွေ များလာတတ်ပါတယ်။
အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှု အသစ်နဲ့ ကလေးငယ်ရဲ့ ဝမ်းနည်းနေတဲ့အာရုံကို အဝေးသို့ လွင့်စင်သွားနိုင်အောင် ဆွဲဆောင်နိုင်ခဲ့သလို ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို တံခါးဖွင့် ပေးနိုင်ခဲ့ပါတယ်။ အဲဒီအပြင် ထမင်းစားချိန်မှာ မေမေ ထမင်းစားခေါ်လို့ သူပြန်သွားတယ်ဆိုတဲ့ မိခင်စကားကို နားထောင်တဲ့ ကလေးတစ်ဦးအဖြစ် ကလေးငယ်ကို လှပတဲ့အတွေး ဝင်စေခဲ့ပါတယ်။
********************************************************
>>> မေးလ်ကနေ တစ်ဆင့် သူငယ်ချင်း တစ်ယောက် ပို့ပေးလိုက် တာလေးကို မျှဝေ လိုက်ခြင်းပါ... အားလုံးပဲ ဘ၀မှာ ပြဿနာတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းနိုင်ကြပါစေ...။
လေးစားစွာဖြင့်
ဖိုးသား
11/02/2009, WED:, 0:48:20 AM

February 11, 2009 at 8:36 AM
ဒီတော့ပစ်ခ်လေးကို ကြိုက်တယ် ကိုဖိုးသားရေ... စဉ်းစားစရာလေးတွေ ပေးတယ်။ တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။