Latest News

*၀ိသာခနှင့် ဓမ္မဒိန္နာ*

ကျွန်တော် နာကြားခဲ့ရတဲ့ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ တရားတော်လေးထဲက ကောက်နုတ် ရေးသားလိုက်ပါတယ် ခင်ဗျာ… အမှားများ ပါသွားခဲ့ရင် ကျွန်တော့်ကို ပြုပြင်ဆုံးမ သွန်သင်ပေးကြ စေချင်ပါတယ် ခင်ဗျာ…

ဝိသာခနဲ့ ဓမ္မဒိန္နာ… ကျွန်တော် ရေးသားဖော်ပြမယ့် ဒီနေရာမှာ ၀ိသာခ သတို့သားက သဒါဂါမ်၊ ဓမ္မဒိန္နာက ရဟန္တာ ဖြစ်နေပါပြီ… ရဟန္တာဖြစ်ပြီး အိမ်ကိုကြွလာတဲ့ ဓမ္မဒိန္နာကို ၀ိသာခ သတို့သား (အနာဂါမ်)က လူထွက်ချင်လို့ အိမ်ပြန်လာတာလား... တရားရပြီး အိမ်ပြန်လာတာလား... ဆိုတာကို သိလည်း သိချင်တယ်၊ တိုက်ရိုက်မေးလို့ကလည်း ပညာရှိတို့ အရာ မဟုတ်ဘူးဆိုတာ သိတော့ အောက်ပါ မေးခွန်းလေးတွေနဲ့ မေးမြန်း စစ်ဆေးခဲ့ပါတယ်တဲ့...

ဝိသာခ သတို့သားက ခုလိုမေးပြီး ဓမ္မဒိန္နာကလည်း အောက်ဖော်ပြပါအတိုင်း ဖြေကြားခဲ့ပါတယ်...

၁။ အရှင်ဓမ္မဒိန္နာ... သက္ကာယ ဆိုတာ ဘယ်လိုအရာကို ခေါ်တာပါလဲ...
လောကီခန္ဓာငါးပါး (ဥပါဒါနက္ခန္ဓာ)ကို သက္ကာယ လို့ ခေါ်ပါတယ် အရှင်ဝိသာခ…

၂။ ဒါဆို သက္ကာယ ဖြစ်ကြောင်းကကော ဘာပါလဲ အရှင် ဓမ္မဒိန္နာ…
သက္ကာယ ဖြစ်ကြောင်းကတော့ တဏှာပါပဲ အရှင်ဝိသာခ…

၃။ ကောင်းပါပြီ ဓမ္မဒိန္နာ… သက္ကာယ ချုပ်ရာကကော ဘယ်အရာပါလဲ အရှင် ဓမ္မဒိန္နာ…
တဏှာတွေ ချုပ်ကြောင်းဖြစ်တဲ့ နိဗ္ဗာန် ကတော့ သက္ကာယ ချုပ်ရာပါပဲ အရှင်ဝိသာခ…

၎။ သက္ကာယ ချုပ်ရာချုပ်ကြောင်း အကျင့်ကကော ဘယ်လို အကျင့်ပါလဲ အရှဓမ္မဒိန္နာ…
သက္ကာယ ချုပ်ရာချုပ်ကြောင်း အကျင့်ကတော့ မဂ္ဂင်ရှစ်ပါး မြတ်တရားပါ အရှင်ဝိသာခ…

>>> ဒီနေရာမှာ အထက်ပါမေးခွန်းလေးခုဟာ သစ္စာလေးပါးကို မေးတာဖြစ်ပါတယ်...

နံပါတ်တစ်က လောကီ ခန္ဓာငါးပါးသည် ဒုက္ခသစ္စာ၊ နံပါတ်နှစ်... သက္ကာယ ဖြစ်ကြောင်း တဏှာသည် သမုဒယ သစ္စာ၊ နံပါတ်သုံးဖြစ်တဲ့ တဏှာချုပ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာ၊ နောက်ဆုံး တဏှာချုပ်ရာ ချုပ်ကြောင်း အကျင့်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကတော့ မဂ္ဂသစ္စာ... ဒါလေးတွေကို ၀ိသာခသတို့သားက မေးသွားတာ ဖြစ်ပါတယ်...

ဒီလို အဖြေတွေကို ၀ိသာခ သတို့သား ကြားတော့ စိတ်ထဲမှာ.. အရှင်ဓမ္မဒိန္နာ ဖြေကြားမှုတွေသည် စာသိနဲ့ ဖြေတာလား... ဉာဏ်သိနဲ့ ဖြေတာလား (ဆိုလိုတာကတော့ သညာသိနဲ့ ဖြေတာလား... ပညာသိနဲ့ ဖြေတာလား) ဆိုတာကို ထပ်သိချင်တာနဲ့ အောက်ပါ မေးခွန်းလေးတွေကို ဆက်မေးပါတယ်တဲ့...

၅။ ကောင်းပါပြီ ဓမ္မဒိန္နာ၊ အရှင် အထက်မှာ သက္ကာယ=လောကီ ခန္ဓာငါးပါး (ဥပါဒါနက္ခန္ဓာ)လို့ ဖြေကြားခဲ့တယ်... ကျွန်ုပ်သိလိုတာက ဥပါဒါန်နဲ့ ခန္ဓာငါးပါးသည် အတူတူလား... ဒါမှမဟုတ် တခြားစီလား... အဲသလို ၀ိသာခ သတို့သားက မေးပါတယ်တဲ့...

ဒီနေရာမှာ... ကိုဝင်းမြင့် ရေးသားခဲ့တဲ့ ဥပါဒါနက္ခန္ဒာ အကြောင်းလေးနဲ့ ဒီမေးခွန်းကို ရေးသား ဖြေကြားလိုက်ပါရစေ...။

ဥပါဒါနက္ခခန္ဓာ ကို ရှင်းပြပါလို့ အမေးပြုခဲ့ရင် ရှင်းလင်းတဲ့ အဖြေလေးတစ်ခုနဲ့ ဖြေကြားဖို့ မိုးကုတ် ဆရာတော် ဘုရားကြီးဟောကြားတဲ့ ဝိသာခ(အနာဂါမ်) နှင့် ဓမ္မဒိန္နာ (ရဟန္တာမ)တို့ အမေးအဖြေ တရားတော်မှ မှတ်သားမှုလေးကို အလွန်အားရကျေနပ် နှစ်သက်ခဲ့တဲ့အတွက် အဲဒီတရားတော်ကို မျှဝေလိုက်ပါတယ် ခင်ဗျား။

မေး။ ။ ဥပါဒါန်ဆိုတဲ့တရား နဲ့ ခန္ဓာဆိုတဲ့တရားဟာ တစ်ခြားစီလား၊ သို့မဟုတ် အတူတူပဲလား...?

ဖြေ။ ။ ဥပါဒါန် ဆိုတာက ကာမုပါဒါန်၊ ဒိန်ဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဆိုတော့ ဥပါဒါန်က လေးမျိုးရှိတယ်။

ခန္ဓာက ခန္ဓာငါးပါးလောကီ ခန္ဓာငါးပါး ရှိတယ်။ အဲဒီတော့ သူတို့ဟာ တစ်ခြား စီလို့လဲ ဖြေလို့ မရဘူး၊
အတူတူရယ်လို့လည်း မဟုတ်ဘူး။ ဒီခန္ဓာငါးပါးကို ဥပါဒါန်ဆိုတဲ့ တရားနဲ့ နှစ်သက်ပြီး သကာလ နေခဲ့လို့ရှိရင်ဖြင့် ဒါ ဥပါဒါနက္ခန္ဓာ ဖြစ်တာပဲ။ မနှစ်သက်ခဲ့လို့ ရှိရင်ဖြင့် ဥပါဒါနက္ခန္ဓာ မဖြစ်ဘူး။ ဒီလို ဖြေလိုက်ပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီးက တယ်ထူးခြားပါလား တဲ့။ တယ်ထူးခြားပါလား ဆိုတာ ဒကာ ဒကာမတွေကို ဘုန်းကြီး ရှင်းပြမယ် ဆိုပြီး ဆရာတော်ဘုရားကြီးက ရှင်းပြတော်မူပါတယ်။
ကိုယ့်ခန္ဓာ မိမိခန္ဓာကြီးကို နဂိုက ခြင်ကိုက်လဲ မခံနိုင်၊ အညောင်း အညာလဲမခံနိုင်၊ ဝေဒနာတွေ ပေါ်လာလဲ သည်းမခံနိုင်၊ ကိုယ့်ခန္ဓာဖြင့် ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုတာ ပရိတ်တွေ မတ္တောတွေနဲ့တောင် တားပြီးသကာလ သူ့ကိုဒီလောက် ခင်ပါတယ်၊ သူ့အပေါ်မှာ ဒီလောက်ပဲ ခင်ပါတယ်။

ခန္ဓာငါးပါး အပေါ်မှာ ခင်တာတော့ဖြင့် ပြောစရာမရှိလောက်ပါဘူး။ ဟုတ်ဖူးလားဗျား… (မှန်ပါ့ဘုရား)။
အမွှေးတစ်ပင် အကျွတ်တောင် မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးတောင်မှ တစ်ခါတစ်ခါ သုံးလိုက်သေးတယ်။ ကိုယ့်ခန္ဓာငါးပါးကို ကိုယ်မခင်ဘူးလားဗျား… (ခင်ပါတယ် ဘုရား)။

အဲဒီ ခန္ဓာငါးပါးကို ခင်တဲ့ ဥစ္စာကတော့ တဏှာ၊ အဲဒီတဏှာ ကြီးရင့်လာတဲ့ အခါကျတော့ ဥပါဒါန်ဖြစ်တယ်။ အဲတော့ ခန္ဓာငါးပါး ဝိပဿနာ ရှုပြီးသကာလ နေတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီခန္ဓာကြီးဟာ အနိစ္စခန္ဓာကြီး၊ ငြီးငွေ့စရာခန္ဓာကြီး၊ ဒုက္ခသစ္စာခန္ဓာကြီး၊ သူသည်ကားလို့ ဆိုရှိရင်ဖြင့် ဒုက္ခကိုသာ ပေးပြီးနေတဲ့ ခန္ဓာကြီး ဖြစ်နေသောကြောင့် သူ့အပေါ်မှာ ခင်စရာ မင်စရာ တစ်ကွက် တစ်စက်မှ မရှိဘူးဆိုတဲ့ ဉာဏ်ပေါ်လာတဲ့ အခါကျလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး။

ဒီခန္ဓာကြီး ဘယ်တော့ချရပါမတုံး ဘယ်တော့ စွန့်ရပါမတုံး ဆိုပြီးသကာလ သူ့စိတ်ထဲမှာ ခန္ဓာစွန့်ချင်တဲ့ သဘောပါတယ်ဗျ။ ခန္ဓာခင်တဲ့ သဘော နည်းနည်းမှ ပါသေးရဲ့လား... (မပါပါဘူး ဘုရား)။

အဲဒီကဲ့သို့ ခန္ဓာပေါ်မှာခင်တဲ့ ဆန္ဒမရှိလို့ ရှိရင်ဖြင့် ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး… (မှန်ပါဘုရား)။
ခင်တဲ့ ဥပါဒါန် ရှိနေသေးလို့ စွဲလမ်းတဲ့ ဥပါဒါန် ရှိနေသေးရင်ဖြင့် ဒါ ဥပါဒါနက္ခန္ဓာလို့ ဆိုရမှာပဲ.. (မှန်ပါ့ဘုရား)

သဘောကျပြီလား… (ကျပါပြီဘုရား)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ အလုပ် လုပ်နေတဲ့ အခါကျတော့ ပထမရှေးဦးစွာ၊ ဖြစ်ပျက်မြင်အောင်၊ ကြိုးစားပါလို့ ဆရာဘုန်းကြီးက ဝေဒနာတွေတွေ့၊ ဝေဒနာတွေ့ပြီး ဖြစ်ပျက်မြင်အောင် ကြိုးစားပါဆိုပြီး သကာလ ခိုင်းတာသည် တခြားကြောင့် ခိုင်းတာ မဟုတ်ဘူး၊ ကိုယ့်ခန္ဓာ မဟုတ်ကြောင်း ကောင်းကောင်း သိအောင်လို့ ခိုင်ထားတာ... (မှန်ပါ့ဘုရား)။

ခင်တဲ့စိတ်သည် စွဲလမ်းတဲ့စိတ်သည် ပျက်ပြယ် သွားအောင်လို့ ဟောလိုက်ခြင်း ဖြစ်တယ်... (မှန်ပါ့ဘုရား)၊

သဘောကျပြီးလား …(ကျပါပြီဘုရား)။

အဲဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း အစစ်ကို ရှာချင်ကြလို့ ရှိရင်ဖြင့် ဒီခန္ဓာပေါ်မှာ ခင်မှု စွဲလမ်းမှု သေရင် ရောက်တော့တာပဲ လို့သာ ဆုံးဖြတ်ချက်ချ... (မှန်ပါ့ဘုရား)။

ဒီ ခန္ဓာပေါ်၌ ခင်မှု စွဲလမ်းမှု ချုပ်ငြိမ်းသွားလို့ ရှိရင် ဘာတုံး… (နိဗ္ဗာန် ရောက်တာပါ ဘုရား)။
နိဗ္ဗာန် ရောက်တာပဲ၊ ခန္ဓာရှိနေလဲ ရောက်တာပဲ၊ ခန္ဓာမရှိလဲ ရောက်တာပဲ၊ သဘောကျပြီလား... (သဘောကျပါပြီဘုရား)။

ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်၊ တစ်ထောင့်ငါးရာ ကိလေသာတို့၏ ချုပ်ရာငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်... အဲဒါသည်ကားဆိုရင် ဒကာ၊ ဒကာမတို့ ဒီခန္ဓာခင်တဲ့ ပုဂ္ဂိုလ် စွဲလမ်းနေတဲ့ ပုဂ္ဂိုလ် မရောက်ဘူး။ ခန္ဓာ မခင်တော့ပါဘူး၊ မစွဲလမ်းတော့ပါဘူး ဆိုတာဖြင့် ဒကာသိုက် ဧကန်ရောက်၊
တကယ်ရောက်... (မှန်ပါ့ဘုရား)။

စွဲလမ်းတဲ့ ခန္ဓာမဖြစ်အောင်လို့ ဘုန်းကြီးက မဂ္ဂင်နဲ့ ပွားများပါလို့ ခိုင်းနေတာကိုး ဆိုတာကိုလဲ
ရှင်းရှင်း လင်းလင်းမှတ်ပါ... (မှန်ပါ့ဘုရား)။

ပွားများပါ ပွားများပါ ဆိုတာသည် ဒကာ ဒကာမတွေ ရိပ်မိပြီလား… (ရိပ်မိပါတယ် ဘုရား)။

ဘယ်အကျိုးငှာပါလိမ့်ဗျာ… (ခန္ဓာကို မစွဲလမ်းအောင်လို့ ပါဘုရား)။ ခန္ဓာကို စွဲလမ်းတာက ဥပါဒါနက္ခန္ဓာ၊ အဲဒီမယ် စွဲလမ်းမှုကြီး အကုန်ချုပ်ငြိမ်း ရုပ်သိမ်းအောင်လို့ စွဲလမ်းစရာမရှိတဲ့ ဥစ္စာကို စွဲလမ်းပြီး သကာလ နေသောကြောင့် မစွဲလမ်းရအောင်လို့ ဉာဏ်သွင်း ပေးလိုက်တာ… (မှန်ပါ့ဘုရား)။

ဉာဏ်သွင်း ပေးလိုက်တဲ့ အခါကျတော့ စွဲလမ်းတဲ့ တဏှာ ဥပါဒါန်ကချုပ်တယ်... ချုပ်တဲ့ အခါကျတော့ကိုတဲ့ ခန္ဓာကြီး ရှိပြီးသကာလ နေငြားသော်လည်း ကျုပ်တို့ ခန္ဓာကို စွဲလမ်းတဲ့ တဏှာ
ဥပါဒါန် ချုပ်တဲ့အတွက် သဥပါဒိသေသ နိဗ္ဗာန်ဆိုတာ ရောက်ပါတယ်။

ဘုရားဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ငါနိဗ္ဗာန်ရောက်တယ် နိဗ္ဗာန်ရတယ်ပြောတာ ခန္ဓာရှိသားပဲ... (မှန်ပါ့ဘုရား)။
သို့သော် ဒီခန္ဓာ သူမစွဲလမ်းဘူး စွဲလမ်းသေးရဲ့လား... (မစွဲလမ်းပါဘူး ဘုရား)။

မစွဲလမ်းတဲ့အတွက် နိဗ္ဗာန် ရောက်နေတာပဲ၊ အာရုံဟူသော အားဖြင့် မြင်နေတာပဲဆိုတာ အားလုံး ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့ဘုရား) ရှင်းပြီလား... (ရှင်းပါပြီဘုရား)။

ကိုင်း ဒါဖြင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ စွဲလမ်းရင်ဖြင့် ဥပါဒါနက္ခန္ဓာ ဖြစ်မှာပဲ။ မစွဲလမ်းရင်… (ဥပါဒါနက္ခန္ဓာ မဖြစ်ပါဘူး ဘုရား)။

အေး ဒါကြောင့် ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ တခြားစီလား၊ အတူတူပဲလားဆိုတော့ တခြားစီလဲ မဟုတ်ဘူး၊ အတူတူလဲ မဟုတ်ဘူး။ စွဲလမ်းလို့ ရှိရင်ဖြင့် ခန္ဓာနဲ့ ဥပါဒါန်နဲ့သည်ကားလို့ ဆိုရင် ခန္ဓာက အာရုံ၊ စွဲလမ်းတဲ့ ဥပါဒါန်က အာရမ္မဏိက ဖြစ်နေတာပဲတဲ့… (မှန်လှပါဘုရား)။

(အာရမ္မဏိကသည် အာရမဏ ပစ္စယော သဘောကို ပြောခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရလျင် မသန်းမစွမ်းသူ၊ ရောဂါ စွဲကပ်နေသောသူဟာ တောင်ဝှေး (သို့မဟုတ်) ကြိုးတန်းကို အမှီပြုပြီးမှ ဟိုနား ဒီနားသွားလို့ ရတယ်၊ အထိုင်အထလုပ်လို့ ရပါတယ်၊ တောင်ဝှေး ကြိုးတန်းနဲ့ ကင်းပြီး ရပ်တည်လို့ မရပါ။ ကြိုးတန်းကိုင်ပြီး လမ်းလျှောက်၊ တောင်ဝှေး ထောက်ပြီး အထိုင်အထပြုရပါတယ်၊ ထို့အတူ စွဲလမ်းတဲ့ ဥပါဒါန်သည် ခန္ဓာဆိုတဲ့ အာရုံကို မှီပြီးသာ ဖြစ်ရပါတယ်)။

နောက် ဝိပဿနာ ဉာဏ်တွေ မဂ်ဉာဏ်တွေနဲ့ ဖြတ်တောက်ချလိုက်တဲ့ အခါကျတော့ စွဲလမ်းတဲ့
တဏှာ သေတဲ့ အခါကျတော့ ဥပါဒါနက္ခန္ဓာ မဖြစ်တော့ဘူး... (မှန်ပါ့ဘုရား)၊ အနုပါဒါနက္ခန္ဓာ ဖြစ်တော့တယ်။ သဘောကျပြီလား… (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ အားထုတ်တဲ့ အခါကျတော့တို့ ဘယ်အခြေအနေ ရောက်မှ ကိစ္စပြီးမှာ ပါလိမ့်မတုံးလို့ မေးတဲ့ အခါကျတော့ အားထုတ်စဉ်အတိုင်း အားထုတ်လို့ ခန္ဓာအပေါ်မှာ ဘာမှ မငဲ့မတွယ်ဘဲနဲ့ အင်း... သက်သက် ဒုက္ခသစ္စာ နှိပ်စက်တဲ့ ခန္ဓာကြီးပဲ၊ မင်းဖြင့် ခင်တွယ်နေလို့ အပိုပဲဆိုတဲ့ မဂ်ဉာဏ်တွေ ၀င်လာလို့ ရှိရင် ဒါ ခန္ဓာပင်ရှိသော်လဲ၊ ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး… (မဟုတ်တော့ပါဘူး ဘုရား)။

စွဲလမ်းတဲ့ ခန္ဓာမဟုတ်ဘူး၊ မစွဲလမ်းတဲ့ခန္ဓာ… (မှန်ပါ့ဘုရား)။

ထုံးစံရထားတဲ့ ခန္ဓာသာ ဖြစ်တော့တယ် ..သူ့အတွက် ကြောင့်ကြစိုက်ဖို့ ခန္ဓာမဟုတ်တော့ဘူး… (မဟုတ်ပါဘူး ဘုရား)။

သူ့အတွက် စိုးရိမ်ဗျာပါဒ ကပ်တဲ့ခန္ဓာရော... (မဟုတ်တော့ ပါဘူးဘုရား)။

အဲဒီလို ဖြစ်အောင်လို့ ဒကာသိုက်တို့နဲ့တကွ ကိုထွန်းအောင်တို့က ဒီခန္ဓာ ရှိပင်ရှိငြား သော်လည်း မစွဲလမ်းဘဲ တဏှာ ဥပါဒါန် ချုပ်သွားမယ်ဆိုရင် ဒါခန္ဓာ ရှိငြားသော်လည်း ဒီပုဂ္ဂိုလ် နိဗ္ဗာန် မျက်မှောက်ပြုနေတာ… (မှန်ပါ့ဘုရား)။

နိဗ္ဗာန်ရတာပဲ။ ခန္ဓာရှိရက်နဲ့ ရနေတဲ့ နိဗ္ဗာန်. .အဲဒီလို ဆုံးဖြတ်ချက် ချလိုက်စမ်းပါ... (မှန်ပါ့ဘုရား)။

ကောင်းပြီ.. ဒါဖြင့် ဥပါဒါနက္ခန္ဓာ ရှင်းပြီးနော်... (ရှင်းပါပြီဘုရား)။

ဒီတော့ ဥပါဒါနက္ခန္ဓာကို စာသဘောနဲ့ မဟုတ်ဘဲ အလုပ်သဘောအားဖြင့် မိုးကုတ် ဆရာတော် ဘုရားကြီး ရှင်းလင်း ဟောပြချက်ကို ဓမ္မမိတ်ဆွေများ သဘောကျ အားရလိမ့်မည်ဟု ယုံကြည်ပါတယ်၊ မျှဝေရတာကိုပင် အားရကျေနပ်မှု ဖြစ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝင်းမြင့်

အဲသလို ဥပါဒါနက္ခန္ဓာ အကြောင်းမေးပြီးတော့ ၀ိသာခ သတို့သားက ခုလိုမေးခွန်းလေးတွေ ထပ်မေးပါသေးတယ်တဲ့...

၆။ ဥပါဒါနက္ခန္ဓာတော့ သဘောပေါက်သွားပါပြီ အရှင်ဓမ္မဒိန္နာ... သက္ကာယ ဒိဋ္ဌိဆိုတာလေးကော ရှင်းပြပေးပါဦး...

သက္ကာယ ဒိဋ္ဌိဆိုတာကတော့ ရုပ်ကိုငါထင်၊ ဝေဒနာကို ငါထင်၊ သညာကို ငါထင်၊ သင်္ခါရကို ငါထင်၊ ၀ိညာဏ်ကို ငါထင်... ဒီလို ခန္ဓာငါးပါးအပေါ်မှာ ငါထင်တာတွေသည် သက္ကာယ ဒိဋ္ဌိပါပဲ အရှင်ဝိသာခ...

၇။ သက္ကာယ ချုပ်အောင်ကော ဘယ်လို လုပ်ရမလဲ အရှင် ဓမ္မဒိန္နာ...

သက္ကာယ ချုပ်အောင် မဂ္ဂင်ရှစ်ပါးကို ရုပ်နာမ် အပေါ်မှာ ကြည့်ပြီး ပွားများရပါမယ် အရှင်ဝိသာခ...

၈။ မဂ္ဂင်ရှစ်ပါးကို ဘယ်လိုများ ဝေဖန်ပွားများ ရပါလဲ အရှင်ဓမ္မဒိန္နာ...

မဂ္ဂင်ရှစ်ပါးမှာ သီလမဂ္ဂင် သုံးပါး (သမ္မာဝါစာ၊ သမ္မာကမ္မ န္တ၊ သမ္မာ အာဇီဝ)၊ သမာဓိမဂ္ဂင် သုံးပါး (သမ္မာ ၀ါယမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ)၊ ပညာမဂ္ဂင် နှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ) ဆိုပြီး အဲသလို ဝေဖန်ပိုင်းခြား ပွားများရပါမယ် အရှင်ဝိသာခ...

အဲဒါလေးတွေ သိသွား ပြန်တော့ ၀ိသာခသတို့သားက အခုလို ဆက်မေးပြန်တယ်

၉။ ဝေဒနာ ဘယ်နှစ်မျိုး ရှိပါသလဲ အရှင်ဓမ္မဒိန္နာ...

အရှင်ဝိသာခရယ် ဝေဒနာမှာ သုခဝေဒနာ၊ ဒုက္ခဝေဒနာနဲ့ ဥပေက္ခာ ဝေဒနာဆိုပြီး သုံးမျိုး ရှိပါတယ်...

၁၀။ ဒီဝေဒနာတွေကို ဘယ်လိုများ ရှုရမှာလဲ အရှင်ဓမ္မဒိန္နာ...

အော် သုခဝေဒနာဆိုတာ ဖြစ်တုန်းတော့ ချမ်းသာသလိုလိုနဲ့ ပျက်တော့လည်း ဒုက္ခပါပဲလား...၊ ဒုက္ခဝေဒနာ ဆိုတာ ဖြစ်တုန်းတော့ ဆင်းရဲသလိုလိုနဲ့ ပျက်တော့လည်း ချမ်းသာပါပဲလား...၊ ဥပေက္ခာ ဝေဒနာ ဆိုလို့ရှိရင်လည်း ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်အတွက်တော့ သုခသဘောတောင် ရောက်ပါတယ်... အဲလိုရှုရပါ့မယ် အရှင်ဝိသာခ...

၁၁။ ဒါဆိုရင် အရှင်ဓမ္မဒိန္နာရယ်... သုခဝေဒနာ ရှုတော့ ဘယ်အနုသယ သေသတုန်း...၊ ဒုက္ခဝေဒနာ ရှုတော့ ဘယ်အနုသယ သေသတုန်း...၊ ဥပေက္ခာ ဝေဒနာရှုတော့ ဘယ်အနုသယ သေသတုန်း...

အော် ဒကာကြီးရ... သုခဝေဒနာရှုတော့ လောဘသေတာပေါ့... ဒုက္ခဝေဒနာ ရှုတော့ ဒေါသသေတာပေါ့... နောက်ဆုံး ဥပေက္ခာ ဝေဒနာ ရှုတော့ မောဟသေတာပေါ့...

စသဖြင့် ၀ိသာခရဲ့ အမေးတွေကို ဓမ္မဒိန္နာက ရှင်းရှင်း လင်းလင်း ဖြေကြားပေးခဲ့ပါတယ်... မှန်လား မှားလားဆိုတာ သံသယ ဖြစ်စရာ အကြောင်း မရှိပါဘူးတဲ့... ဘာကြောင့်လဲဆိုတော့ မေးတဲ့သူက အနာဂါမ်၊ ဖြေတဲ့သူက ရဟန္တာ ဖြစ်နေလို့ပါပဲတဲ့... ဆရာတော်ကြီးက အဲလို မိန့်ပါတယ်...

နောက်ပြီး မဂ္ဂင်လမ်းပေါ် လျှောက်နေတဲ့ သူတွေအတွက်တော့ နိဗ္ဗာန်ဆိုတဲ့ မြို့ကို တစ်ချိန်ချိန်မှာ ရောက်မှာပါပဲတဲ့... ပါရမီမပါလို့၊ ဘာဖြစ်လို့၊ ညာဖြစ်လို့ စသဖြင့် မရေရာတာတွေနဲ့ ဆင်ခြေပေးပြီး ရထားတဲ့ လူ့ဘ၀ကို တစ်ဘ၀စာ နစ်နာအောင် မလုပ်သင့်ပါဘူးတဲ့... လမ်းလျှောက်တတ်တဲ့သူ မြန်မြန် ရောက်ပါမယ်တဲ့...လေ

>>> ကဲဒီလောက်ဆိုရင် စာရှုသူ ရောင်းရင်း နောင်တော် ညီငယ်မိတ်ဆွေ အပေါင်းတို့လည်း ဖတ်ရတာ အားရကျေနပ်မှု ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်...

>>> ကဲဗျာ အခုအချိန်မှာ အရင်က ဘာဖြစ်ခဲ့တာ ညာဖြစ်ခဲ့တာ အဲဒါတွေ တွေးမနေတော့ဘဲ ပစ္စုပ္ပါန်ကျကျ လမ်းလျှောက်တတ်အောင်ပဲ ကြိုးစားရအောင်လား မိတ်ဆွေတို့...

လေးစားစွာဖြင့်
ဖိုးသား

12/02/2009, THU:, 5:42:59 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply