ငါ ဟု သံသရာဘယ်ခါကစ
အဖြေရှာမရ
သေချာသည်က
ငါဟာ သုည. သုည. သုည..။
လာခြင်း ကောင်းရဲ့လား..
ကောင်းသော လာခြင်းလား..
အတွေးလှိုင်းထ
တစ်ခါတရံ ဝင်းစင်တောက်ပ
တစ်ခါတရံ ညှိုးမှိန်နွမ်းလျ
ဒါ.. ကောင်းဆိုးနှစ်တန် ငါ့ဘဝ..။
ငါ ပြု ဖန်တစ်ရာ
အတ္တကို ပေါ်ထင်ဖွင့်လှစ်
ငါသာ ရာဇာဧကရာဇ်
အကောင်းအဆိုး ဘယ်လိုဖြစ်
ငါသာ သုည. သုည. တစ်..။
ဘဝ အဓိပ္ပာယ်က ဘာလဲ..
အဓိပ္ပာယ် ရှိတဲ့ ဘဝက ဘာလဲ..
ဖြေရှာစိစစ်
တစ်ခါတရံ ဆည်းပူးအဆီအနှစ်
တစ်ခါတရံ ငြိတွယ်အကြေးအညစ်
ဒါ.. မမြင်နိုင်ခဲ့ရ ငါ အနတ္တ..။
ငါ တု ကံကြမ္မာ
ငါ့ မြင်း ငါစိုင်းခဲ့ရ
ငါ့ လှေ ငါထိုးခဲ့ရ
ပစ္စုပ္ပန် ခဏ
ငါ့မှာ သုည. တစ်. သုည..။
ဤခရီး နီးသလား..
ခရီးဆုံးပန်းတိုင် ဝေးသလား..
မျှော်မှန်းတမ်းတ
တွေးဆကြံစည် ကုသလ
ရှောင်လွှဲဖို့ရည် အကုသလ
ဒါ.. ငါ့ရင်ဆန္ဒ ပရမတ္ထ..။
ခြေချမိလာ သံသရာ
ရွက်လွှင့်စီးနေ ခရီးရှည်..
အမှားကိုချစ် အမှန်ပစ်
ပူလောင် စင်စစ်..
အမှားကိုပစ် အမှန်ချစ်
အေးငြိမ်း စင်စစ်..
ဘာပဲဖြစ်ဖြစ်
ငါ သယ်ဆောင်မည် ကုသလအဆီအနှစ်
အကုသလများ သန့်စင်ဖယ်ပစ်
တစ်နေ့မှာတော့
ငါ ဖြစ်ရမည် တစ်. တစ်. တစ်..။
ငါ လွတ်မြောက်နိုင်မည် တစ်. တစ်. တစ်..။
ငါ အေးငြိမ်းမည်ထင့် တစ်. တစ်. တစ်..။
သူငယ်ချင်း ၀လုံးဝိုင်းဝိုင်း ဘလော့မှ ကူးယူဖော်ပြ မျှဝေလိုက်ပါတယ်… အားလုံးပဲ သံသရာခရီးသည် ဘ၀မှ လွတ်မြောက်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ…။
လေးစားစွာဖြင့်
ဖိုးသား
3/12/2009, THU:, 5:22:17 PM
0 comments