တရားအသိရှိတာတောင်
စိတ်မနိုင် ယိုင်နဲ့လို့
မကြာခဏ
အမှားတွေ လာလာငြိ
မတရားမှုတွေ လာလာပိ
ခင်ဗျားလည်းသိ
ကျုပ်လည်းသိ...။
စိတ်ကောင်းလေးရှိတာတောင်
စိတ်မခိုင် ယိုင်ရွဲ့လို့
မကြာခဏ
အတိတ်ဟောင်းတွေ လာလာငြိ
နိမိတ်မကောင်းတာတွေ လာလာပိ
ခင်ဗျားလည်းသိ
ကျုပ်လည်းသိ...။
ရှုပ်ပွေလီတဲ့
ဤလောကီထဲ
လှုပ်လီလှုပ်လဲ့
ငုပ်ချည်ပေါ်ချည်
ဒီစိတ်ကို အပိုင်ချည်
နိုင်ပြီဟု ကြွေးကြော်
ပိုင်ပြီလို့ သံကုန်ဟစ်
ဘယ်အချိန်မှာ ဖြစ်မလဲ
ခင်ဗျားလည်း မသိ
ကျုပ်လည်း မသိ...။
ဘယ်အချိန်မှာ ဖြစ်မလဲ
မစဉ်းစားနဲ့
အငြင်းမပွားနဲ့
အချင်းများမယ်...။
စဉ်းစားဆုံးဖြတ်
လုပ်အပ်သည်ကား
အမှားကို သုံးသပ်
အတိတ်ဟောင်းက ရုန်းထွက်
ပစ္စုပ္ပန်မှာ တည့်တည့်ရပ်လို့
စိတ်ဓါတ်ကို ကုစား
ရှုပွားဖန် များရင်တော့
အချိန်တန်ရင် နိုင်မည်ပ
ခင်ဗျားလုပ်မှ ခင်ဗျားရ
ကျုပ်လုပ်မှ ကျုပ်ရ
ရှုနေရန်သာ အဓိက...။ ။
လေးစားစွာဖြင့်
ဖိုးသား
13/03/2009, FRI:, 22:31:01 PM
Latest News
0 comments