Latest News

*၀ိကာလ ဘောဇန သီလသိက္ခာပုဒ်နှင့် ပိဋကသုံးပုံသည် ဘုရားဟော တရားတော် မှန်သမျှကို မှတ်တမ်း တင်နိုင်ခြင်း ရှိ၊ မရှိ*

Q. မင်္ဂလာပါဘုန်းဘုန်း…

(၁) ၈ပါး၊ ၉ပါး၊ ၁၀ပါး သီလတော် မြတ်တွေမှာ ၀ိကာလ ဘောဇန သိက္ခာပုဒ် ပြဌာန်း သတ်မှတ်ရခြင်းရဲ့ ရည်ရွယ်ချက်လေး သိချင်ပါတယ် ဘုန်းဘုန်း.. တဏှာနည်းအောင် လုပ်တာလားမသိဘူး…။

(၂) နောက်တစ်ခု ဖိုးသားသိချင်တာက ပိဋကသုံးပုံသည် ဘုရားဟော မှန်သမျှကို မှတ်တမ်းတင်နိုင်ခြင်း ရှိပါသလား (သို့) ဘုရားရှင် ဟောကြားခဲ့ သမျှသည် ပိဋကသုံးပုံတင်ပဲလား… အဲဒါလေး သိချင်ပါတယ် ဘုန်းဘုန်း..

ရိုသေစွာဖြင့်
ဖိုးသား

**********************************

A. (၁) မှန်ပါတယ်။ နေလွဲညစာ မစားဖို့ ရှောင်စေခြင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ ကိစ္စနည်းပြီး တရား အာရုံပြုရန် အချိန်ရစေဖို့နဲ့၊ ကာမဂုဏ် အာရုံများမှာ စိတ်ညွှတ်မှု နည်းစေဖို့ပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရား လက်ထက်က စပြီး ဒီနေ့ခေတ် အထိ လူတွေဟာ များသော အားဖြင့် မနက်စာနဲ့ နေ့လယ်စာ တွေကို အဆင်ပြေ သလို နည်းနည်းပါးပါး လောက်သာ စီမံဖန်တီး စားသောက်ကြပြီး အလုပ်သိမ်းချိန် ညစာ ကျမှသာ ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံ စီမံဖန်တီး စားသောက်ကြတဲ့ အလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ပိုပြီး ကြီးကျယ်အောင် လုပ်လေလေ ပိုပြီးကိစ္စ များလေလေ ဖြစ်ကြခြင်း ဖြစ်ပါတယ်။

ဥပုသ် စောင့်တဲ့သူ တရား အားထုတ်တဲ့ သူများဟာ ညစာ စားဖို့ အတွက်ကို သီးသန့် အချိန်ပေး ဆောင်ရွက်နေရင် အလုပ်များပြီး တရား အာရုံပြုဖို့ အချိန်နည်းပါး သွားတတ်ပါတယ်။ ဒီအတွက်ကြောင့် ၀ိကာလ ဘောဇန သိက္ခာပုဒ်ကို စောင့်ထိန်းစေခြင်း ဖြစ်ပါတယ်။ နောက် တစ်ချက်က အစားအစာ ကောင်းကောင်း စားသုံးမှုဟာ ကာမ ရာဂစိတ်ကို ပိုပြီး အားပေစေ၊ ပိုပြီးထကြွစေ တာလည်း ရှိပါတယ်။ တရား အားထုတ်တဲ့ သူဟာ လူမမာလို ကျင့်ရတယ် ဆိုတဲ့ စကားလို အားအင် ပြည့်ဖြိုးနေပါက ကာမရာဂ ကိလေသာ စိတ်များလည်း ပိုပြီး နိုးထစေ တတ်ပါတယ်။ ညစာ မစားခြင်း အားဖြင့် တစ်ထောင့် တစ်နေရာအားကနေ ကာမရာဂ ထကြွမှုကို အားနည်း စေပါတယ်။

ဒီသဘောကြောင့် ၀ိကာလ ဘောဇန သိက္ခာပုဒ်ကို ဥပေါသထ သီလတွေထဲမှာ ထည့်သွင်း ထားခြင်းပါ။ ဒါကြောင့် ဒီဝိကာလ ဘောဇန သီလကို စောင့်ထိန်း ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ခုန ပြောခဲ့သလို ကိစ္စနည်းပြီး တရား အာရုံပြုဖို့ အချိန်များများ ရစေရန်နဲ့ ကာမဂုဏ် အာရုံများမှာ စိတ်ညွှတ်မှု နည်းပါစေရန် ဆိုတဲ့ ရည်ရွယ်ချက် များကြောင့်ဟု ဆိုခြင်းဖြစ်ပါတယ်။

*******************************

(၂) ပိဋက သုံးပုံဟာ ဘုရားဟော မှန်သမျှကို မှတ်တမ်း တင်နိုင်တဲ့ အပြင် ပိဋက သုံးပုံတွင် မပါဝင်တဲ့ ဘုရားတရား တော်ဆိုတာ မရှိနိုင်ပါဘူး။ အကယ်၍ ရှိခဲ့မယ် ဆိုရင်လည်း ဘုရားရှင် ဟောတော်မူချက် မဟုတ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး လေးလ မြောက်မှာ ကျင်းပခဲ့တဲ့ ပထမဆုံး သင်္ဂါယနာ တင်ပွဲဟာ အလွန် ပြည့်စုံတဲ့ သင်္ဂါယနာ တင်ပွဲ ဖြစ်လို့ပါပဲ။

သံ = စုပေါင်းပြီး၊ ဂါယနာ = ရွတ်ဆိုခြင်း (သုတ်သင် တည်းဖြတ်ခြင်း) ကို သင်္ဂါယနာ တင်တယ်လို့ ဆိုတာပါ။ ဒီသင်္ဂါယနာ တင်ပွဲကို အရှင် မဟာကဿပ မထေရ်ကြီးမှ ဦးဆောင်တော် မှု၍ ရဟန္တာ မထေရ်ပေါင်း မြောက်များစွာထဲက ပဋိသမ္ဘိဒါပတ္တ ဆဠဘိည ရဟန္တာ မထေရ် ငါးရာကို အထူး ရွေးချယ်ကာ ဘုရားရှင် ၄၅-၀ါပတ်လုံး ဟောကြားတော် မူခဲ့တဲ့ တရားတော် များကို စုပေါင်းသုတ်သင် တည်းဖြတ်တော် မူပါတယ်။

ပြီးတော့ ဘုရားဟော ဓမ္မများကို ရှိရင်းအတိုင်း ဆက်လက် တည်တံ့ဖို့ တာဝန်များ ခွဲဝေ သတ်မှတ်ပြီး ရဟန္တာ မထေရ်ကြီးများဟာ ကိုယ့်တာဝန် ကိုယ်ယူကာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ ပါတယ်။ ဒါကြောင့်လည်း ယနေ့ကာလမှာ ပိဋက သုံးပုံရယ်လို့ ထင်ရှား ဖြစ်ပေါ်လာ ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီပထမ သင်္ဂါယနာ တင်ပွဲဟာ သင်္ဂါယနာ ၆-ကြိမ်ထဲမှာ အကြီးကျယ်ဆုံး အပြည့်စုံဆုံး သင်္ဂါယနာ ဖြစ်ခဲ့ပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ဘုရားဟော ဓမ္မတွေကို ရှိရင်းစွဲ အတိုင်း ဘာမှ ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မရှိ၊ အပိုအလို မရှိအောင် တည်းဖြတ် သုတ်သင် မှတ်တမ်း တင်နိုင်ခဲ့လို့ပါ။ သင်္ဂါယနာ တင်ကြတဲ့ မထေရ်များကို ကြည့်မယ်ဆိုရင် ပဋိသမ္ဘိဒါပတ္တ ဆဠဘိည ရဟန္တာ မထေရ်များ ဖြစ်သလို ဘုရားရှင်ကို မှီလိုက်ကြပြီး အတူ ရှိနေခဲ့ကြတဲ့ မထေရ်များလည်း ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါပတ္တ ဆဠာဘိည ရဟန္တာဆိုတာ မြန်မာလို အလွယ်ပြောရရင် ခွဲခြမ်း စိပ်ဖြာတတ်တဲ့ အပြင် စာတတ်ပြီး အဘိညာဉ် ခြောက်ပါးနဲ့ ပြည့်စုံတဲ့ ရဟန္တာကို ပြောတာပါ။

ပြီးတော့ ဒီသင်္ဂါယနာမှာ အမေး ဆရာတော်ဟာ သံဃာ့ဥသျှောင် ဖြစ်တဲ့ အရှင် မဟာကဿပ ရဟန္တာ မထေရ် မြတ်ကြီး ဖြစ်ပြီး ၀ိနည်းနဲ့ ပတ်သက်တဲ့ အဖြေကို ၀ိနည်း အရာမှာ အထူးချွန်ဆုံး ဧတဒဂ်ရတဲ့ အရှင်ဥပါလိ မထေရ်က တာဝန်ယူကာ ဓမ္မနဲ့ ပတ်သက်တဲ့ အဖြေကိုတော့ မြတ်စွာ ဘုရားရှင်ရဲ့ အလုပ်အကျွေး ဖြစ်တဲ့ အရှင် အာနန္ဒာ မထေရ်က တာဝန်ယူ ဆောင်ရွက်ခဲ့ ပါတယ်။

အခြား မထေရ်များထက် အရှင် အာနန္ဒာ မထေရ်ကို တာဝန် ပေးရခြင်းဟာ အရှင် အာနန္ဒာ မထေရ်ဟာ ဆုငါးဆုပန် ဖြစ်ပြီး အဲဒီထဲက တစ်ခုက သူမပါဘဲ၊ သူမရှိဘဲ တစ်ခြား တစ်နေရာရာမှာ ဘုရားရှင်က တရား ဟောခဲ့ပါက နောက်သူနဲ့ ဆုံတဲ့အခါ သူ့ကို ပြန်ဟောပေးရခြင်း ဆိုတဲ့ ဆုကြီးပါ။ ဒါကြောင့် ဘုရားရှင် ၄၅-၀ါ ပတ်လုံး ဟောသမျှ တရားတွေမှာ အရှင်အာနန္ဒာ မထေရ် မနာလိုက်ရတဲ့ တရားဆိုတာ မရှိပါဘူး။ ဒီအတွက်ကြောင့် ဓမ္မနဲ့ ပတ်သက်တဲ့ အဖြေကို အရှင် အာနန္ဒာကို တာဝန်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ကား ဒီလောက် အမေးဆရာ ဘက်ကလည်း ပြည့်စုံ၊ အဖြေ ဆရာတွေ ဘက်ကလည်း ပြည့်စုံတဲ့ ပထမ သင်္ဂါယနာက ပေါ်ထွက်ခဲ့တဲ့ မှတ်တမ်းဟာ ဘုရားဟောများ မပါလိုက်တာ၊ ကျန်ခဲ့တာ၊ ဘုရားမဟောတဲ့ အရာများ ပိုသွားတယ် ဆိုတာ မရှိပါဘူး။ လုံးဝ ပြည့်စုံခဲ့ပါတယ်။ အဲဒီကနေ ယနေ့အထိ ရဟန္တာ မထေရ်များ အဆင့်ဆင့် ဆောင်ခဲ့တဲ့ ဘုရားရှင် တရားဟာလည်း ပြောင်းလဲခြင်းမရှိ တစ်သမတ်တည်း ဆိုတာ သံသယကင်းစွာ လက်ခံနိုင် ပါတယ်။

ဒါပေမယ့် ပိဋက သုံးပုံဆိုတဲ့ အခေါ်အဝေါ် ကိုတော့ အဲဒီအချိန်က မခေါ် မသုံးကြ သေးပါဘူး။ ဒီတုန်းက ဓမ္မ၊ ၀ိနယကို သင်္ဂါယနာ တင်တယ်လို့ပဲ ခေါ်ဆို ကြပါတယ်။ အသောက မင်းကြီး လက်ထက် တတိယ သင်္ဂါယနာ တင်တဲ့ အခါမှသာ ဘုရားဟော တရားတော် များကို အုပ်စု သုံးစုခွဲပြီး ၀ိနယ၊ သုတ္တန္တ၊ အဘိဓမ္မာလို့ ပိဋကတ် အမည် ပေးကာ ယနေ့အထိ အသုံး ပြုနေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အချို့ ဝေဖန်ရေး ဆရာများက အဘိဓမ္မာ ပိဋကဟာ ဘုရားဟော မဟုတ်ဘူးလို့ ဝေဖန်ကြခြင်း ဖြစ်ပါတယ်။ တကယ်တော့ အဘိဓမ္မာဟာ ဘုရားဟော အစစ် အမှန်ပါ။ ဘုရားရှင် (၇) ၀ါအရ မယ်တော် အမိနတ်သားကို ၀ါတွင်း သုံးလပတ်လုံး အဘိဓမ္မာ တရားနဲ့ ကျေးဇူးဆပ်ပြီး လူ့ပြည်မှာ တစ်ခါ အရှင် သာရိပုတ္တရာကို ပြန်ဟော ပေးခဲ့တာဟာ ထင်ရှားတဲ့ သာဓကပါပဲ။ ပထမ သင်္ဂါယနာမှာ အဘိဓမ္မာလို့ တိုက်ရိုက် မသုံးကြပေမယ့် ဓမ္မထဲမှာ သုတ္တန်ရော၊ အဘိဓမ္မာပါ အကျုံးဝင်ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ယနေ့ အသုံးပြုနေတဲ့ ပိဋက သုံးပုံဟာ ဘုရားဟော တရားတော် များကို အပြည့်အစုံ မှတ်တမ်း တင်ထားနိုင်တဲ့ အပြင် ဘုရားတိုက်ရိုက် မဟောသော်လည်း သာဝကများရဲ့ ဟောကြား ချက်များကို ဘုရားရှင်က သာဓုခေါ် လက်ခံသောကြောင့် ဘုရားဟော အဖြစ် သတ်မှတ် ထားတဲ့ တရားတော်များ အထိ မှတ်တမ်း တင်ထားနိုင်တဲ့ ပြည့်စုံ ကောင်းမွန်တဲ့ ပိဋက သုံးပုံဆိုတာ သံသယ ကင်းစွာ လက်ခံနိုင် ပါကြောင်း ဖြေကြား ပေးလိုက်ပါတယ်။

မေတ္တာဖြင့်
ဘုန်းဘုန်းဝိစိတ္တ

*************************************

ရိုသေလေးစားစွာဖြင့်
ဖိုးသား

3/15/2009, SUN:, 5:40:11 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဝမ်းမြောက် သာဓု ခေါ်မိပါတယ် သူငယ်ချင်း။ ဘာသာတရားနဲ့ ပတ်သက်ပြီး သိသင့်သိထိုက် တာလေးတွေ သိခွင့် ရတဲ့အတွက် သူငယ်ချင်းကိုရော၊ ဖြေကြားပေးတဲ့ ဆရာတော်အရှင်မြတ်အား ရိုသေလေးမြတ် ပြုပါ၏။

Leave a Reply