ရှေးက အတိတ် တဘောင် တစ်ခုရှိ၏။ ထို ကြိုတင် နိမိတ်ဖတ် ဟောကြား ထားသော အတိတ် တဘောင် စကားအရ သာသနာ ၂၅၀၀ ကျော်လွန်သော အခါ ဗုဒ္ဓ သာသနာတော်သည် အသစ်တဖန် ပြန်လည် ထွန်းကား ပြီးနောက် တရားဓမ္မများ ပြန့်ပွား စည်ကား ဦးမည်ဟု ဆိုလေသည်။
ထိုတဘောင်၏ မှန်ကန်မှုကို ယခုအခါ ကျွန်ုပ်တို့သည် မျက်မြင် ကိုယ်တွေ့ ကြုံနေရပြီ ဖြစ်၏။ ယခုအခါ မဂ်ဖိုလ် နိဗ္ဗာန် ရောက်ကြောင်း ၀ိပဿနာ ကျင့်ကြံ အားထုတ်မှု များမှာ ပြန်လည်နိုးကြား ခေတ်ထလျက် ရှိသည်နှင့် ကျွန်ုပ်တို့ ကြုံနေရ ပါသည်။
ကြိုတင် ဟောကြား ထားသော အတိတ် တဘောင် စကား၏ အတိမ် အနက် အကျယ် အ၀န်းကို ချင့်ချိန် အကဲခတ် နိုင်ရန်အတွက် ဓမ္မဟူသော ဝေါဟာရ စကားလုံး၏ ဆိုလိုရင်း အနက်ကို နားလည် ခြင်းသည် အထောက်အပံ့ ဖြစ်ပါသည်။
“ဓာရ်မ” သည် မူရင်း သက္ကတ ဘာသာစကား ဖြစ်၏။ ၄င်း၏ ယေဘုယျ အကျဆုံး အနက် အဓိပ္ပါယ်သည် တရား ဥပဒေသ ဖြစ်၏။ သဘာဝ တရား၏ ဖြစ်မြဲ ဓမ္မတာ သဘောသည် လည်းကောင်း၊ ဖြစ်ရိုး ဖြစ်စဉ်သည် လည်းကောင်း၊ သူ့သဘော သူဆောင်သည့် ဖြစ်မှု သဘော (တာအို)သည် လည်းကောင်း၊ ပိုပြီး တိတိကျကျ ပြောရပါမူကား ဗုဒ္ဓ မြတ်စွာ ဘုရား၏ အဆုံး အမများ (သာသနာ) တော်သည် လည်းကောင်း “ဓမ္မ” မည်ပါသည်။
ဓမ္မသဘောသည် အသီးသီး အသက အသက ဖြစ်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတို့၏ ရုပ်ဓါတ် နာမ်ဓါတ် ကိုလည်း ဆိုလို ပါသည်။ စေတသိက် (စိတ်ဓါတ်များ) ဖြစ်သော အတွေးများ၊ မြင်သိခြင်းများ၊ စိတ်လှုပ်ရှားမှု ဝေဒနာများ၊ ၀ိဉာဏ ဓါတ်များနှင့် ရုပ်ဓါတ်များ ဖြစ်သော ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော စသည့် မဟာဘုတ် ဓါတ်များ အားလုံး ပါဝင်ပါသည်။
ဝိပဿနာ တရား အားထုတ်ခြင်း အလုပ်သည် ထိုဓမ္မများကို မိမိတို့၏ အဇ္ဈတ္တ သန္တာန် ခန္ဓာကိုယ် အတွင်းမှာ စူးစမ်းလေ့လာ ရှာဖွေခြင်းပင် ဖြစ်၏။ ထိုရုပ်ဓါတ် နာမ်ဓါတ်များ အားလုံးကို ထိုးထွင်း သိမြင်နိုင်သော ဉာဏ်ဖြင့် သိမြင်နိုင်အောင် (ပေါ်လွင် ထင်ရှားအောင်) ဖော်ထုတ် ခြင်းလည်း ဖြစ်၏။
ဝိပဿနာ အားထုတ် ခြင်းဖြင့် ရုပ်ဓါတ် နာမ်ဓါတ် တစ်ခုချင်းကို သိမြင်နားလည် နိုင်ရုံမျှမက ထိုရုပ်ဓါတ် နာမ်ဓါတ် တို့ကို အုပ်စိုးလျက် ရှိသော နိယာမ ဥပဒေသ တရားများနှင့် အချင်းချင်း ဆက်နွယ် နေပုံ များကိုလည်း နားလည် သဘောပေါက် ရပါသည်။
ဤတရား စခန်းတွင် ကျွန်ုပ်တို့သည် ထိုကိစ္စကို လုပ်ဆောင် နေကြခြင်း ဖြစ်၏။ ပစ္စုပ္ပန် ခဏတိုင်း ခဏတိုင်း၌ ကျွန်ုပ်တို့၏ သဘာဝ အစစ်အမှန်၊ ကျွန်ုပ်တို့သည် ဘယ်သူ ဘယ်ဝါ ဘာကောင် တွေလဲ၊ ကျွန်ုတို့သည် ဘယ်လို ဖြစ်ပျက် နေသလဲ ဆိုသော အမှန်တရားကို သိဖို့ အတွက် ဤနေရာတွင် အားထုတ် နေကြခြင်း ဖြစ်ပါသည်။
စိတ်ပိုင်းဆိုင်ရာ စူးစမ်း ရှာဖွေ ဖော်ထုတ် မှု၏ အခြေခံ ဖြစ်သော စိတ်၏ အရည် အသွေး ဂုဏ်သတ္တိ တစ်ခု ရှိပါသည်။ ထိုစိတ်၏ ဂုဏ်သတ္တိမှာ သိကာမတ္တ မြင်ကာ မတ္တ သတိ မြဲနေအောင် ပြုလုပ်ခြင်း “ဒိဋ္ဌေဒိဋ္ဌ မတ္တံ” သတိပဋ္ဌာန် သဘော ဖြစ်ပါသည်။
သိရုံမျှ သက်သက် “ဒိဋ္ဌေဒိဋ္ဌ မတ္တံ” သဘောမှာ မိမိ တို့၏ အစွဲ အလမ်းများ၊ မျှော်လင့်ချက် တောင့်တချက် လိုလားချက်များ လုံးဝ မပါဘဲ သူ့ဘာသာသူ ဖြစ်ပျက် နေသော တရားများကို ဖြစ်သည့် အတိုင်း ရှုမှတ်ရုံမျှ ရှုမှတ်နေခြင်း၊ သိရုံမျှ သက်သက် ရှုမှတ်နေခြင်း သဘော (Bare Attention) ဖြစ်၏။
သိရုံမျှသာ ရှုမှတ်ခြင်း၌ ရွေးချယ်ခြင်းလည်း မပါပါ။ နှိုင်းယှဉ်ခြင်း သဘောလည်း မပါပါ။ တန်ဖိုး ဖြတ်ခြင်း သဘောလည်း မပါပါ။ စိတ်ကူးများ အတွေးများလည်း မပါပါ။ စိတ်၏ စွက်ဖက်မှုသော် လည်းကောင်း၊ စိတ်၏ ရွေးချယ် ဆုံးဖြတ်မှုသော် လည်းကောင်း မပါဘဲ ပေါ်လာသော ရုပ်ဓမ္မ၊ နာမ်ဓမ္မများ အားလုံးကို သူ့နဂိုအတိုင်း၊ သူ့သဘော အတိုင်း သိအောင် သတိကပ်ပြီး ရှုရုံမျှ သက်သက်၊ မှတ်ရုံမျှ သက်သက်သာ ဖြစ်ပါသည်။
ဒိဋ္ဌေဒိဋ္ဌ မတ္တံ ရှုရုံမျှသက်သက် မှတ်ရုံမျှ သက်သက်၏ အခြင်းအရာ တစ်ရပ်ကို ထင်ရှားသော ဂျပန် ဟိုက္ကု ကဗျာ တစ်ပိုဒ်တွင် အောက်ပါအတိုင်း ဖော်ပြထား လေသည်။
“အိုင်အိုကြီးအတွင်း
ဖားတစ်ကောင် ခုန်ဆင်း
ပလုံ”
ဤ ဟိုက္ကု ကဗျာတွင် နေ၀င် ဆည်းဆာ အချိန် ငြိမ်းချမ်းသော ညနေခင်း၏ မိုးကောင်းကင်၌ ကန်ရေပြင်၏ အလှအပ ပသာဒကို ဟိုက္ကု ကဗျာဆရာသည် ဘာဆို ဘာမျှ မဖော်ပြပါ။ သူ့ကဗျာ ထဲမှာ ပကတိ အမှန် ဖြစ်ပေါ် သွားသော ဖြစ်ရပ်ကိုသာ ရှိသည့်အတိုင်း ဖြစ်သည့် အတိုင်း အပိုမပါ အလိုမရှိဘဲ တိတိကျကျ ဖော်ပြ ထားလေသည်။
ရေကန်အို အတွင်းသို့ ဖားတစ်ကောင် ခုန်ဆင်း လိုက်တော့ “ပလုံ” ဟူသော ရေသံ ပေါ်သွား ပုံကိုသာ ဖော်ပြ ထား၏။ ဤကား ဒိဋ္ဌေဒိဋ္ဌ မတ္တံ၏ သဘော ဖြစ်၏။ မြင်လိုက် ကြားလိုက် သည်ကိုသာ မြင်လိုက်သည့် အတိုင်း၊ ကြားလိုက်သည့် အတိုင်း သိလိုက်ရုံမျှ သက်သက် ကိုသာ ဖော်ပြ ထားပါသည်။
ဤကား သဘာဝ ဖြစ်ရပ်ကို အရိုးခံ သက်သက် တိုက်ရိုက် ဖော်ပြနည်း ဖြစ်၏။ ဗဟိဒ္ဓ သက်သက်ကို လုံးဝ စွက်ဖက်မှု မပါဘဲ ဖော်ပြခြင်း ဖြစ်၏။ ဤကား အစွမ်းထက်စွာ ထိုးထွင်း ရှုမြင်နိုင်သော စိတ်၏ ဂုဏ်သတ္တိပင်တည်း။
ဒိဋ္ဌေဒိဋ္ဌ မတ္တံ ၀ိပဿနာ ကျင့်စဉ် ဖွံ့ဖြိုး တိုးတက် လာသည်နှင့် အမျှ ကျွန်ုပ်တို့ နေမှု ထိုင်မှု (အသက် ရှင်နေမှု) ဘ၀တွင်လည်း အခြေခံ အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာရ လေတော့သည်။
>>> ဆက်လက် ဖော်ပြပါမည်။
>>> ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေပါသည်။
လေးစားစွာဖြင့်
ဖိုးသား
29/03/2009, SUN:, 2:21:07 AM

0 comments