Latest News

*မိုးသို့ ဖွင့်ဟခြင်း*



အဲဒီနေ့လေးကပေါ့
ငြိမ်းချမ်းအေးမြတဲ့
မိုးရဲ့ အသံလေးကို နားဆင်ရင်း
လောကကြီးနဲ့ စစ်ခင်းဖို့
ကောင်လေးတစ်ယောက်
တံခါးမခေါက်ဘဲ ရောက်လာခဲ့တယ်…။

ပညာတွေ သင်တော့လည်း
မိုးကပဲ ဒီကောင်လေးကို
ကြင်နာစွာနဲ့
ကျောင်းတော်ကြီးထံ လိုက်ပို့ခဲ့တာပေါ့…။

မိုးရယ်…
ကောင်လေးလေ
စာတွေအံတော့လည်း
မိုးဘေးနား ရှိနေချိန်လေးဆို
အားအင်တွေ ပြည့်ခဲ့ပါရဲ့…။

မိုးရဲ့
ချိုမြအေးချမ်းတဲ့
အသံလေးကို အဖော်ပြုရင်း
နွေးနွေးထွေးထွေး
ကွေးကွေးလေး အိပ်ရတာကိုလည်း
ဒီကောင်လေး
တအားနှစ်သက်ခဲ့တာပေါ့…။

ဒါပေမယ့်လည်းလေ
တစ်နှစ်တစ်ခါမှ
ချစ်စရာ့အသွင်နဲ့
မိုးက ပေါ်လာတတ်ပြန်တော့
ဒီကောင်လေးလေ
မိုးမရှိတဲ့ အချိန်တွေ
တစ်ပါးသူတွေနဲ့
အဖော်ပြုခဲ့ရပေမယ့်
ကြည်ဖြူလို့တော့ မဟုတ်ခဲ့ပါဘူး မိုး…။

ဒီလိုနဲ့…
မိုးလာမယ့်ရက်တွေကို မျှော်လင့်ရင်း
မိုးရဲ့အသံလေးတွေကို တမ်းတရင်း
ဒီကောင်လေး
လောကကြီးနဲ့ စစ်ခင်းခဲ့တာ
၂၄-ကြိမ်ပြည့်တော့မယ်မိုး…။

ကောင်လေးစဉ်းစားမိတယ်
မိုးက
ကောင်လေးထက်အရင်
လောကကြီးထဲ ကြိုရောက်ပေမယ့်
သက်တမ်းက တိုလှပါလား… လို့။

သုံးလကျော် လေးလသာကြာတဲ့
မိုးရဲ့သက်တမ်း
တစ်နှစ်မှ တစ်ခါသာ
ပေါ်လာတတ်ရဲ့
မိုးရဲ့အကြောင်း
စုံလို့ပေါ့ မိုးရယ်… စဉ်းစားမိတာ…။

အရင်ကတော့လေ
ဘာလို့များ
မိုး.. တစ်နှစ်တစ်ခါ
ပေါ်ပေါက်လာရသလဲဆိုတာ
ဒီကောင်လေး မသိခဲ့ပါဘူး မိုး…။

ခုကော သိလားဆိုတော့
သိသလိုလိုလေးပါပဲ မိုးရယ်…
ဘာလဲဆိုတော့လေ
ဒါဟာ သံသရာတဲ့မိုး...
ဒီနေ့ ဒီချိန်ထိ
ကောင်လေး ဖတ်ခဲ့တဲ့ စာတွေ
ပတ်ဝန်းကျင်က ပေးတဲ့အသိတွေကနေ
သိခဲ့ရတာပါ မိုး…။

ကောင်လေးသိတဲ့
သံသရာဆိုတာကိုလည်း
တဖြေးဖြေး ကြောက်မိပါရဲ့ မိုးရယ်…။

တစ်ခါတစ်လေတော့လည်း
မိုးနဲ့အတူ မွေးဖွားခဲ့တဲ့ ဒီကောင်လေး
မိုးနဲ့အတူပဲ
လောကကြီးကနေ
ထွက်ခွါသွားချင်ပါရဲ့…။

ဒါပေမယ့်လည်းလေ
အစိုးမရတဲ့ ဒီလောကကြီးကနေ
ကောင်လေး လိုချင်တာတွေ
ရမှာမဟုတ်ဘူးဆိုတာတော့
ကောင်လေး တဖြေးဖြေးတွေးရင်း
ရေးတေးတေး သဘောပေါက်ခဲ့ပါပြီ မိုး…။

လောကကြီးထဲ
မိုးက အရင်
ကြိုတင်လို့ရောက်ခဲ့ပြီး
ကောင်လေးက နောက်မှ
ရောက်ခဲ့တယ်နော် မိုး…။

ဒါပေမယ့်လည်းလေ
မိုးထက်အရင်
ဒီလောကထဲက ကြိုတင်လို့
မထွက်ခွါချင်ပေမယ့်
ထွက်ခွါရဦးမယ် မိုးရယ်…။

ကောင်လေးလေ
ဘယ်အချိန်မှာမှ
ဒီလောကကနေ
ထွက်ခွါရမယ်မှန်း မသိလို့
ခုကတည်းက နှုတ်ဆက်စကား
ပြောကြားခဲ့ပါရစေ မိုး…။

နောက်ပြီးတော့လေ…
ကောင်လေး မရှိတော့တဲ့ နောက်ပိုင်း
လောကအကျိုးကို
ကောင်လေးအစားပါ တိုးလို့
သယ်ပိုးပေးဖို့လည်း
မှာခဲ့ပါရစေ မိုး…။

ခုတော့လည်းလေ
မိုးနဲ့အတူ အေးအေးချမ်းချမ်း
လောကကြီးထဲ
ခြေလှမ်းခဲ့တဲ့ ဒီကောင်လေး
ငြိမ်းချမ်းစွာနဲ့ပဲ
ဒီလောကက ထွက်ခွါနိုင်အောင်
ကြိုးစားလျက်ပါ မိုးရယ်…။ ။


လေးစားစွာဖြင့်
ဖိုးသား

4/10/2009, FRI:, 2:43:51 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply