အွန်လိုင်းတက်ရင် သူများနဲ့ ပြောနေရတာက များပြီး ကိုယ်လုပ်ချင်တာ မလုပ်ရတော့လို့ ဒီအတော အတွင်း မတက်တာ များပါတယ်။ ကိုယ်တွေ့ချင်တဲ့ သူတွေကိုတောင် စကား မပြောဖြစ်ဘူး။ ဒီနေ့လည်း အဲလိုပါပဲ တော်တော်နဲ့ မတက်ဖြစ်ပါဘူး ကျွန်တော်.. အွန်လိုင်း မတက်ခင် ၀ိမုတ္တိရသ ဘလော့မှာ ဆိုက်တွေက တင်တဲ့ ပို့စ်အသစ်တွေကို တင်ပေးရင်း ကိုဥပါသကာ ဘလော့မှာ ရေးထားတဲ့ အတွေ့ချင်ဆုံး လူ (၁၀) ယောက်ဆိုတဲ့ TAG ပို့စ်လေးကို ဖတ်မိလိုက်တယ်။ အဲဒီထဲမှာ ကျွန်တော့်ကို ကိုဥပါသကာက တွေ့ချင်တဲ့ သူတွေ စာရင်းထဲ ထည့်ထားလို့တောင် အမည်မသိတဲ့ ခံစားမှု တစ်ခုတောင် ခံစားမိ လိုက်ပါတယ်။ နောက်ပြီး ကျွန်တော့်ကို မTAGလို့ တော်သေး တာပေါ့လို့ တွေးမိလိုက် ပါသေးတယ်။
ဒါပေမယ့် အဲဒီအတွေးက ကြာကြာ မခံလိုက်ပါဘူး။ အဲလို ပို့စ်အသစ်တွေ တင်ပြီး ကိုဝင်းမြင့်တို့နဲ့ အွန်လိုင်း တရား ဆွေးနွေးပွဲလေး ရှိတာနဲ့ အွန်လိုင်း ခဏတက်လိုက်တယ် ဆိုရင်ပဲ ကိုဥပါသကာနဲ့ တန်းတိုးတော့ တာပါပဲ။ “ညီလေးရေ TAG ထားတယ်တဲ့”
ကျွန်တော်လည်း ထင်လိုက်ပါတယ်။ “အစ်ကို ဟို အတွေ့ချင်ဆုံး လူ (၁၀)ယောက် ခေါင်းစဉ်နဲ့ပဲလား” ဆိုတော့ ဟုတ်ပါတယ်တဲ့။ အဲဒီမှာ ကျွန်တော် မေးလိုက်သေးတယ်။ “အစ်ကို လူပဲလား၊ ဘုန်းကြီးတွေကော တွေ့လို့ မရဘူးလား” ဆိုတော့ “တွေ့ချင်တဲ့သူသာ တွေ့”တဲ့။ ဒီတော့လည်း ကျွန်တော်က ခေါင်းစဉ်လေးကို “အတွေ့ချင်ဆုံး သူ (၁၀)ဦး” ဆိုပြီး ပေးလိုက်ပါတယ်။
ကျွန်တော် စစဉ်းစား မိတယ်။ ငါ ဘယ်သူတွေနဲ့ တွေ့ချင်တာလဲပေါ့။ ကိုဝင်းမြင့်လား၊ ကိုဥပါသကာ လား၊ အမေနဲ့လား၊ ဆရာတော် တွေလား၊ ကိုယ်နဲ့ ရင်းနှီးတဲ့ သူတွေလား.. စသဖြင့် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တော့ အဖြေက တွေ့တော့ တွေ့ချင်တယ်၊ ဒါပေမယ့်လည်း တွေ့ချင်စိတ်က အားသိပ် မပြင်းဘူး ဆိုတာ သွားတွေ့တယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တွေ့ချင်တဲ့ သူတွေရဲ့ ဓါတ်ပုံ တော်တော် များများက ကျွန်တော့် ဆီမှာ ရှိတယ်လေ။ ဆရာတော် တွေပုံ၊ ကိုဝင်းမြင့်ပုံ၊ ကိုဥပါသကာပုံ.. စသဖြင့် အစုံပါပဲ။ စပြီး ရင်းနှီး သိကျွမ်းမိ ကတည်းက မြင်ဖူးအောင် ဆိုပြီး ကျွန်တော်က ဓါတ်ပုံတွေ တောင်းထားတာ။ အဲဒါကြောင့်လည်း တွေ့ချင်စိတ် မပြင်းပြတာ ထင်ပါတယ်။
ဒါနဲ့ ကျွန်တော် ဆက်စဉ်းစား ကြည့်တော့ ကျွန်တော် တွေ့ချင်တဲ့ သူတွေက ကျွန်တော့်ရဲ့ ဉာဏ်အစဉ်မှာ ရေးတေးတေး ပေါ်လို့ လာပါတယ်။ ကဲ မိတ်ဆွေတို့ အောက်မှာ ဖော်ပြ ထားတာတွေ ကတော့ ကျွန်တော် အတွေ့ချင်ဆုံးသူ (၁၀)ဦးပါပဲ။
၁။ လောဘတရား အားနည်းသောသူ
၂။ ဒေါသတရား နည်းပါးသောသူ
၃။ မောဟတရား တတ်နိုင်သလောက် နည်းသူ
၎။ ကလျာဏ မိတ္တခေါ် သူတစ်ပါး အကျိုးစီးပွားကို လိုလား၊ လမ်းမှန်ပြပေးနိုင်သူ
၅။ အကျင့်သီလနှင့် ပြည့်စုံသူ
၆။ သူတော်ကောင်းတရား ဟောပြော ညွှန်ပြပေးနိုင်သူ
၇။ မေတ္တာဓါတ် ပြည့်ဝပြီး ကိုယ်ချင်းစာတရား လက်ကိုင်ထားသူ
၈။ သစ္စာတရား ဟောပြ လွှမ်းခြုံပေးနိုင်သူနဲ့ နောက်ဆုံး နှစ်ဦးက
၉။ လွတ်မြောက်ခြင်းဟူသော ကိုဝိမုတ္တိနဲ့
၁၀။ ဖြစ်ပျက်ငြိမ်းတဲ့ ကိုနိဗ္ဗာန်တို့ပဲ ဖြစ်ပါတယ်။
မိတ်ဆွေတို့တော့ ကျွန်တော့်ကို ဘယ်လိုတွေ ထင်မလဲတော့ မသိဘူး။ တွေ့ချင်တဲ့သူ ဆိုလို့ ကျွန်တော် တွေ့ချင်တဲ့သူ (၁၀)ဦးကို ရေးလိုက်တာပါ။ နောက်ဆုံး နှစ်ဦးက တစ်ယောက်တည်းများ ဖြစ်နေမလား မသိဘူး။ ဒါပေမယ့် တရားတစ်ပုဒ်မှာ ၀ိမုတ္တိနဲ့ နိဗ္ဗာန်ဟာ မတူကြောင်း ဖွင့်ဆိုသွားတာ နာဖူးလို့ ခွဲရေးလိုက်တာပါ။ တကယ်လို့ တူနေရင်လည်း တစ်ဦးတည်းပေါ့။ ပြဿနာတော့ မရှိပါဘူး။
နောက် အပေါ်က ရှစ်ဦးကလည်း တစ်ဦးတည်း ဖြစ်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် တွေ့ချင်တဲ့ သူတွေ ကျွန်တော် ရေးလိုက်တာပါ။ ဒီပို့စ်ကို TAG သူ ကိုဥပါသကာလည်း ကျေနပ်မယ် ထင်ပါတယ်။ အားလုံးပဲ ငြိမ်းချမ်းစွာနဲ့ လိုရာခရီး လျှောက်လှမ်းနိုင် ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
4/26/2009, SUN:, 6:07:47 PM

April 26, 2009 at 2:14 PM
မိတ်ဆွေကောင်း ၁၀ ဦးစလုံးနဲ့ အမြန်ဆုံး တွေ့ဆုံပါစေ။
April 26, 2009 at 6:39 PM
ညီလေးရေ ကျေးဇူး တင် လိုက်တာ ဗျာ
April 26, 2009 at 7:44 PM
လေးစား ဂုဏ်ယူပါတယ် ကိုဖိုသား။ ထိုသူ ၁၀ ဦးနှင့် အမြန်ဆုံး ဆုံတွေ့နိုင်ပါစေ။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
April 26, 2009 at 10:20 PM
ဖိုးသားရေ- အတွေ့ချင်ဆုံး ၁၀ ယောက်ကိုဖတ်ပြီး ဖိုးသားကို လေးစားမိပါတယ်။ ဓာတ်ကောင်းလေးတွေ ဆက်လက်ရှင်သန်ဖို့ ထိန်းသိမ်းနိုင်ပါစေ