Latest News

*အရင်းလေးတော့ မဆုံးစေချင်*

ဘာသာတရားများ

ကမ္ဘာပေါ်တွင် လူသားများ သန်းပေါင်း ထောင်နှင့်ချီ၍ ရှိကြသည်။ ထိုလူသားများတွင် လိုချင်မှု အမျက်ထွက်မှု၊ တွေဝေ ငေးမောမှုများ လူတိုင်းကိုယ်စီ ရှိကြ၏။ လိုချင်မှု၏ နောက်ကွယ်တွင် တပ်မက်မှု၊ သံယောဇဉ် ရှိမှု စသည်တို့နှင့် ဆက်နွယ်နေသော လောဘအရင်းခံသည့် အကြောက် တရားများ၊ ပူပန်စိုးရိမ်မှုများ၊ ထိတ်လန့်စရာများ ရှိကြပြန်၏။

ထို အကြောက်တရားများ ပူပန်စိုးရိမ်မှုများ၊ ထိတ်လန့်စရာများ ကွယ်ပျောက်စေရန် လူသားတို့သည် မိမိတို့၏ စိတ်ကို အေးငြိမ်းအောင် လုပ်ဆောင် ရှာဖွေကြရင်းဖြင့် လူသားတို့၏ အတ္တနှင့် လောဘကို အခြေခံလျှက် ဘာသာတရားများ အသီးသီး ပေါ်ပေါက်လာရခြင်းဖြစ်၏။

ကိုးကွယ်ဆည်းကပ်

လူသားတိုင်းသည် ဘ၀၏ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း စသည်တို့ကို အလိုရှိကြ၏။ လူသားတို့ အလိုရှိကြသော အရာများသည် စိတ်၏ ခံစားမှုနှင့် လိုရင်းအားဖြင့် သက်ဆိုင်၏။ လူသားတို့က ရုပ်ဒြပ် ပစ္စည်း ၀တ္ထုများနှင့် အဆောင် အယောင်များက ငြိမ်ချမ်း ပျော်ရွှင်များကို ပြည့်ပြည့်၀၀ ပေးနိုင်မည်ဟု မျှော်လင့်နေကြ၏။ သို့သော် ထိုအရာများက အဆုံးစွန်အထိ ပြည့်ပြည့်၀၀ မပေးနိုင်ကြ။ တဒင်္ဂခဏသာ ဖြေဆည်ရာအဖြစ် ပေးစွမ်းနိုင်ကြပြီး ကြာတော့လည်း ရိုးအီ သွားကြပြန်၏။

ဘာသာတရားများကသာ လူသားတို့ အလိုရှိနေသော စိတ်၏ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းများကို ထာဝစဉ် ပေးစွမ်းနိုင်ကြ၏။ ထို့ကြောင့် ဘာသာတရားများကို အသိဉာဏ်ရှိသော လူသားတို့ ရှာဖွေ ဆည်းကပ် ကိုးကွယ်ကြခြင်း ဖြစ်ပေမည်။

စဉ်စားစရာများ

သို့သော် မိမိတို့ ကိုးကွယ်နေသည့် ဘာသာတရားက စိတ်၏ ပျော်ရွှင် ငြိမ်းချမ်းမှုများ အမှန်တကယ် ပေးနိုင်၊ မပေးနိုင် ဆိုသည်ကိုတော့ အသိဉာဏ်ရှိသော လူသားတို့ အသေအချာ စိစစ် စဉ်းစားရာ၏။ ဘာသာ တရားများသည် ကိုးကွယ်သူ လူသားများအား ကောင်းကျိုး ချမ်းသာများကို ပေးစွမ်း နိုင်ကြသလို၊ ဆိုကျိုးများကို ပေးစွမ်းနိုင်ကြပါသလော?၊ ဘာသာတရား ကိုးကွယ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးအပြစ်တို့ကိုလည်း သတိချပ်သင့်လှ၏။

လူ့ဘ၀သည် တန်ဖိုး အလွန်ကြီးမားလှ၏။ တန်ဖိုးကြီးမားသော လူ့ဘ၀ကို ရရှိသော လူသားတို့အဖို့ မိမိကိုယ်ကို မိမိ ဂုဏ်ယူသင့်၏။ လူသားသည် အသိဉာဏ်ပညာရှိ၏။ စဉ်းစား တွေးခေါ်တတ်၏။ အကောင်းအဆိုးကို သိ၏။ ဆင်းရဲမျိုးစုံကို ခံစားကြရသည့် အခါ ပူပန်မှု သောကတွေက တသီတတန်း။ ချမ်းသာသုခကို ခံစားကြရသည့်အခါ ပျော်မဆုံး ရွှင်မဆုံး တပြုံးပြုံး။ ပြုံးတစ်လှည့် မဲ့တစ်ခါ လူ့ဘ၀ လူ့အရသာများကို ခံစားကြ၏။

ချမ်းသာသုခကို ခံစားကြရသည့်အခါ လူ့ဘ၀ လူ့လောကကြီးကို မေ့လျော့ နေတတ်ကြ သော်လည်း ဆင်းရဲဒုက္ခကို ခံစားကြရသည့်အခါ အားကိုးရာကို အလျင်အမြန် ရှာဖွေကြတော့၏။ အချို့လူသားက မိဘတွေကို အားကို၏။ အချို့က ဆွေမျိုး၊ အချို့က ညီအစ်ကို မောင်နှမ၊ အချို့က အာဏာပိုင် အဖွဲ့အစည်း၊ အချို့က ဗေဒင်ဆရာ၊ အချို့က ဘိုးတော်၊ နတ်ကတော်၊ အချို့ ရိုးရာနတ်များ စသည်ဖြင့် အားကိုရာကို အသီးသီး ရှာဖွေကြ၏။ မိမိတို့ ရှာဖွေကြသော အားကိုးရာ များသည် အမှန်တကယ်ပင် အားကိုး ထိုက်ပါသလော?။ ဆင်းရဲဒုက္ခ သောက ဝေဒနာ မီးများကို ဆုံးခန်းထိအောင် ဖယ်ရှားပေးနိုင်သည့် စွမ်းရည် သတ္တိထူးများ ရှိပါသလော?။ စဉ်းစား ဆင်ခြင် သုံးသပ်၍ ဘာသာတရား ကိုးကွယ်မှု အတွက် အသေအချာ စဉ်းစား ဆုံးဖြတ်ကြရာ၏။

စစ်ကြော ဝေဖန်သင့်

လူသားတို့ အမိ ၀မ်းကြာတိုက်၌ ကိန်းအောင်း (ပဋိသန္ဓေ) နေခဲ့ချိန်မှ စ၍ ဆင်းရဲမျိုးစုံ အဖုံဖုံကို ခံစားခဲ့ကြရ၏။ မိခင်၏ အသွားအလာ အစားအသောက် အနေအထိုင် မဆင်ခြင်မှုတို့ကြောင့် ရင်သွေးများ ဆင်းရဲမျိုးစုံ အဖုံဖုံကို ပို၍ပို၍ ခံစားကြရန်၏။ တဏှာ လောဘစသည့် ကိလေသာ တရားများ ဖုံးလွှမ်း ဖိစီး နှိပ်စက်မှုတို့ကြောင့် ကြီးပြင်းလာသော အခါ ကိုယ်ဝန်ရှိစဉ်က ခံစားခဲ့ရသော ဆင်းရဲမှုများကို လူသားတို့ အမှတ်မရ သတိမရကြ တော့ချေ။

များသောအားဖြင့် အမိဝမ်းကြာတိုက်မှ မွေးဖွားလာကြသည့် လူသားအားလုံး လိုလို “ငိုခြင်းသဘော”ဖြင့် လူ့လောကထဲ ၀င်ရောက် လာခဲ့ကြ၏။ လူ့လောက လူ့ဇာတ်ခုံပေါ်သို့ ကန့်လန့်ကာဖွင့် ၀င်ရောက် လာကြသော ဥမမယ်အရွယ် ကလေးငယ်တို့၏ ငိုခြင်းသဘော ကိုလည်း အသိဉာဏ်ရှိသော လူသားတို့ စဉ်းစားတွေးခေါ် စစ်ကြော ဝေဖန်သင့်လှ၏။

ကုန်ဆုံးသွားချိန်များ

လူသားတို့ မွေဖွား လာခဲ့ချိန်မှ စတင်၍ စကားပြောတတ်ရန် ၅-နှစ်သား အရွယ်လောက် အထိ အမိအဖတို့၏ သွန်သင် ဆုံးမမှုများ အောက်တွင် နေကြရ၏။ ထို့နောက် အတတ်ပညာ ရှာဖွေခြင်း စသည်ဖြင့် အနှစ် ၂၀-ခန့် အချိန်ကုန်ဆုံး ကြရပြန်၏ ဘွဲ့ရ၍ အတတ်ပညာ၊ အသိပညာများ သင်ကြားချိန် ပြီးဆုံးသွား ပြန်တော့လည်း အနားမနေရ၊ လူ့လောက လူ့ပတ်ဝန်းကျင်တွင် လူတန်းစေ့ နေထိုင်နိုင်ရေး အတွက် စီးပွားဥစ္စာများ ရှာဖွေကြရပြန်၏။

လူတန်းစေ့ နေထိုင်နိုင်ပြီဟု ယူဆကြသော်လည်း လူ့အသုံးအဆောင် ဇိမ်ခံ ပစ္စည်းများက တစ်နေ့တစ်မျိုး မရိုးနိုင်အောင် နေ့စဉ်နေ့တိုင်း လိုလို သစ်လွင် ပေါ်ထွက် နေ့သည့်အတွက် ခေတ်နှင့် ရင်ဘောင်တန်းရင်း (သို့) အမီလိုက်ရင်း၊ သားရေး သမီးရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး စသည်ဖြင့် အရေးကိစ္စ မြောက်များစွာတို့၏ လွှမ်းမိုးမှု အောက်တွင် ခေတ်ရေစီးကြောင်း အတိုင်း မျောပါ သွားကြရင်း အချိန်တွေ ကုန်ဆုံးမှန်းမသိ ကုန်ဆုံး သွားကြရတော့၏။

အချိန်တွေ ကြာလာသည်နှင့် အမျှ အသက် အရွယ်တွေ ကြီးရင့်လာကြ၏။ နောက်ဆုံး ဘ၀၏ သဘော တရားများ၊ ဘ၀၏ အဓိပ္ပါယ်နှင့် တန်ဖိုး၊ ဘ၀၏ အမှန်တရားများ၊ အသက်ရှင် နေထိုင်ခြင်း၏ အကျိုး သက်ရောက်မှုများကို မရှာဖွေမိ ကြတော့ဘဲ သက်တမ်းချိန်များ ကုန်ဆုံး သွားကြရ ပြန်တော့၏။

အဆင့်အတန်း

ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း၊ ပညာတတ်ခြင်းနှင့် ပညာမတတ်ခြင်း၊ ရာထူးအာဏာ ပါဝါရှိခြင်းနှင့် မရှိခြင်း၊ ရုပ်ချောခြင်းနှင့် ရုပ်ဆိုးခြင်း စသည်ဖြင့် အဆင့်အတန်း ခွဲခြားကြ၊ ကွဲပြားကြသော လူသားတို့ အတွက် အဆင့်အတန်း ခွဲခြား၍ မရနိုင်သည်ကား “မွေးဖွားခြင်း၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း”ပင် ဖြစ်တော့၏။ ထိုအရာကို ပညာရှင်ကြီးတို့က ဘ၀၏ တူမြဲတရား သုံးပါးဟု ကင်ပွန်းတပ်ခဲ့ကြ၏။

လူ့ဘ၀ ရောက်လာသူ လူသားအားလုံး အရင်းမရှုံးဖို့ အရေးကြီး၏။ အမြတ် မရနိုင်စေကာမူ အရင်းအတိုင်း ပုံမှန်လေးတော့ လည်ပတ်စေချင်၏။ နောင်ဘ၀ ဆိုသည်မှာ မသေချာ သော်လည်း ဒီဘ၀လေး မှာတော့ ငြိမ်းချမ်း ပျော်ရွှင် စေချင်ပါ၏။ လူ့ဘ၀တွင် စီးပွားဥစ္စာ ရှာဖွေခြင်းနှင့် ပတ်သက်၍ အရင်းရှုံးသွားလျှင် ယုတ်စွအဆုံး တစ်တ၀စာအတွက် နလန်မထူနိုင်ခြင်း ဖြစ်နိုင်သော်လည်း လူ့ဘ၀ အရင်းအနှီးကြီး ဆုံးရှုံးသွားပါက တစ်သံသရာလုံး နလန်မထူဘဲ ရှိချေတော့မည်။

အရေးပါလှ ကလေးဘဝ

ပြောင်းလဲလာသော ခေတ် စနစ်တို့ အရ အရာ အားလုံးတို့သည် ထိန်းချုပ်၍ မရ၊ ဖြစ်ပျက် ပြောင်းလဲမှု တို့က မြန်ဆန် လွန်းလှ၏။ အရာအားလုံးတို့ တိုးတက် ဖြစ်ထွန်းလာ၏။ အရာအားလုံးတို့ ဆုတ်ယုတ် ပျက်စီးသွားပြန်၏။ တိုးတက် ဖြစ်ထွန်း လာသည်ကား ရုပ်ဒြပ် ပစ္စည်းဝတ္ထုများ၊ ဆုတ်ယုတ် ပျက်စီးသွားသည်ကား စိတ်ဓာတ် ယဉ်ကျေးမှုများ… စဉ်းစားဖို့တို့တော့ လိုမည်ထင်ပါ၏။

ရုပ်ဒြပ် ပစ္စည်းတို့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပေါ်ထွက်လျက် ရှိကြ၏။ တစ်ခုကို သုံးလို့မှ အားမရသေးခင် အခြားတစ်ခုက အဆင်သင့် အစားထိုး ၀င်ရောက် နေရာယူနှင့် နေပေပြီ။ ရုပ်ဒြပ် ပစ္စည်းဝတ္ထုများ တိုးတက် ဖွံ့ဖြိုးလာသလို စိတ်ဓာတ် ယဉ်ကျေးမှုများလည်း တိုးတက် ဖွံ့ဖြိုးလာလျှင် သိပ်ကောင်းမှာဟု တွေးနေမိ၏။ ထိုအတွေး၏ နောက်ကွယ်တွင် အရေးပါလှသော ကလေးတို့၏ ဘ၀ကို စဉ်းစားမိလာ၏။

တာဝန်ကျေကြဖို့

ယနေ့တော့ ကလေးဘ၀၊ နောင်သော်လူကြီး၊ ယနေ့တော့ တပည့်၊ နောင်သော် ဆရာ၊ ယနေ့ သားသမီး၊ နောင်သော် မိဘ စသည်ဖြင့် ပြောင်းလဲ နေရသည်က ဓမ္မတာ။ လူတိုင်းတွင် တာဝန်ကိုယ်စီ ရှိကြ၏။ ထိုတာဝန်း ၀တ္တရား များကိုလည်း မြတ်ဗုဒ္ဓက အသီးအသီး ညွှန်ကြား ထားရှိပြီးဖြစ်၏။ ကိုယ့်တာဝန် ကိုယ်ကျေဖို့တော့ လိုမည် ထင်ပါသည်။

အရင်းလေးတော့ မဆုံးစေချင်

အချုပ်အားဖြင့် လူသားတို့ အားကိုးရာကို ရှာဖွေကြရာတွင် လမ်းဖြောင့် လမ်းမှန်ရောက်ဖို့ အရေးကြီးလှ၏။ ကိုယ် မလုပ်ဆောင် နိုင်သည်နှင့် အမှားများ၊ အသုံးမ၀င်၊ အသုံးမကျသည့် အရာများဟု မဝေဖန်သင့်။ မထင်မြင် မယူဆသင့်၊ လုပ်ဆောင် နိုင်သည်များကို ရွေးချယ် စုစည်း၍ လုပ်ဆောင် သွားကြရ ပေအုံးမည်။

ကိုယ်ရရှိထားသည့် ဘ၀၊ စည်းစိမ်အပေါ် သာယာ ယဇ်မူး၍ ဇိမ်ခံကာ အလုပ် ဆက်မလုပ်လျှင် စည်းစိမ် ဥစ္စာများ တစ်နေ့တစ်ခြား ပျက်စီး ဆုတ်ယုတ် နိုင်သည်ကို သတိမူသင့်သလို။ အတိတ် ဘ၀က ရရှိထားသည် ကုသိုလ်ကံ အပေါ် ရောင့်ရဲ တင်းတိမ်၍ ကောင်းမှု ကုသိုလ်များကို ထပ်မံ မပြုလုပ်တော့လျှင် ကောင်းမှုကံ ကုန်ဆုံး ပျက်သုဉ်း၍ မကောင်းသည့် ဘုံဘ၀များသို့ ပြန်လည် ရောက်ရှိ သွားနိုင်ကြောင်း ကိုလည်း သတိမူသင့်၏။ ယခုလက်ရှိ ရထားသည် ဘ၀မျိုးလေး ပြန်မရနိုင်ကြလျှင် ဘ၀အရင်းပါ ဆုံးရှုံး သွားနိုင်ကြောင်း အသိပေးရင်းဖြင့်။ အရင်းလေးတော့ မဆုံးစေချင်။

ဝန်ခံချက်

ဤစာမူကို စာရေးသူ ရေးသားခဲ့သော “ယဉ်ကျေးစေရာ ဓမ္မကဗျာ” စာအုပ်ရှိ နိဒါန်းကို အခြေခံ၍ ရေးသားခဲ့ ခြင်းဖြစ်၏။

အမေရိကန်နိုင်ငံ နယူယော့ခ်မြို့ရှိ မစိုးရိမ်ကျောင်းတိုက်သို့ ပို့ပေးပြီး၊ မဂ္ဂဇင်းတွင် ဖော်ပြပြီးလည်း ဖြစ်၏။

သို့သော် စာဖတ်သူများ မျှဝေခံစားနိုင်ရန် ညီငယ် မောင်ဖိုးသားနှင့် ကိုဝိမုတ္တိတို့မှ တဆင့် ပြန်လည် လက်ဆင့်ကမ်း ကုသိုလ် ပွားများလိုက်ပါသည်။

ဦးပညာ (မန်းတက္ကသိုလ်)
အရှင်ပညာဇောတ
pyinyar08@gmail.com
ဘန်ကောက်နွိုင်းရပ်ကွက်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။

*************************************

လေးစားရိုသေစွာဖြင့်
ဖိုးသား

4/4/2009, SAT:, 4:05:43 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply