Latest News

ကုဋေတန်သော ပုံပြင်..

သူငယ်ချင်းတို့ရေ...

တစ်ခါတုန်းက...

စေတန် နတ်ဆိုးဟာ သူ့ရဲ အဖျက်လုပ်ငန်း တွေကို စွန့်လွှတ် တော့မယ်လို့ ဆုံးဖြတ်ပြီး သူပိုင်တဲ့ လုပ်ငန်းသုံး ကိရိယာ တန်ဆာပလာ တွေကို ရောင်းချရန် အတွက် ဆိုင်လေး တစ်ဆိုင်ကို စီစဉ်သည်...။


နတ်ဆိုးသည် ဆိုင်တစ်ဆိုင် ဖွင့်လှစ်ကာ သူ၏ ပစ္စည်း ကိရိယာများကို လှပစွာ ခင်းကျင်း ပြသပြီး ပစ္စည်းများ အသီးသီး၌ ဈေးနှုန်းတံဆိပ် ကလေးများ ကပ်ကာ ရောင်းချဖို့ ပြသထားသည်..။ စေတန်နတ်ဆိုး ခင်းကျင်း ပြသထားသော ပစ္စည်း ကိရိယာများမှာ လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတ၊ မစ္ဆရိယ၊ မာန၊ ရမ္မက်၊ တဏှာ စသည်တို့ ဖြစ်သည်..။


သို့သော်.. ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ၊ ကိုင်တွယ်သူ အတွက်လည်း အန္တရာယ် ရှိပုံမရသည့် သပ်ပုံသဏ္ဌာန် ပစ္စည်းလေး တစ်ခုကို တွေ့ရ၏..။ ၄င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်း များထက် အတော်ပင် ကြီးမားနေသည်..။ ထို့ပြင် ထိုပစ္စည်းမှာ များစွာလည်း သုံးစြွဲပီး ဖြစ်ပုံရသည်..။

“ဒါက ဘာပစ္စည်းလဲဗျ..။ သူက ဘာကြောင့် သည်လောက် ဈေးကြီးနေရ တာလဲ..။”

ဈေးဝယ်သူ တစ်ယောက်က စေတန် နတ်ဆိုးအား မေးသည်..။

“ဟာ...ဒါက စိတ်ဓါတ်ချ ကိရိယာပဲ...။”


“သူက ဘာလို့ ကျန်တာတွေထက် အများကြီး ပိုဈေးကြီး နေရတာလဲ..။”


ဈေးဝယ်သူက ထပ်မေးသည်..။

“ဒီကောင်က အရမ်း အစွမ်းထက် တာဗျ..။ လူတစ်ယောက်ရဲ့ သိစိတ် အာရုံထဲကို ကျွန်တော် တခြား ကိရိယာတွေနဲ့ ဘယ်လိုမှ ၀င်လို့နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူး ဆိုတဲ့ အခါမျိုး ဆိုရင် ဒီကိရိယာကို သုံးရတယ်..။ ဒီကောင် အထဲဝင်လို့ ရပြီဆိုရင် ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ ရတော့တာပဲ..။”

စေတန်နတ်ဆိုးက ရှင်းပြလေသည်..။


====================


မှန်သည်..။ အနုတ် လက္ခဏာ ဆောင်သော လူ့အပြုအမူများ၊ လုပ်ရပ်များ၏ နောက်ကွယ်၌ “စိတ်ဓါတ် ကျဆင်းမှု” သည် ပုန်းခိုလျက် ရှိနေတတ်သည်..။ မည်သူမဆို နေ့စဉ် ဘ၀၌ စိတ်ပျက် စရာ၊ စိတ်ဓါတ် ကျစရာ ကိစ္စကြီးငယ် များကို မပြတ် ကြုံတွေ့ ကြရမည် ဖြစ်သည်..။ ထိုသို့ နေ့စဉ် ကြုံတွေ့ ရသည့် စိတ်ဓါတ် ကျစရာ အကြောင်းတို့ကို သင်မည်သို့ ရင်ဆိုင် ကိုင်တွယ် သွားသနည်း ဟူသော အချက် သည်ပင် ရေရှည်တွင် သင့်ရည်မှန်းချက် ပန်းတိုင်သို့ သင်ရောက်ခြင်း မရောက်ခြင်း ဟူသည်ကို အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်..။

ထို့ကြောင့် အကယ်၍ အကြောင်း တစ်စုံ တစ်ရာကြောင့် စိတ်ဓါတ် ကျသည် ဆိုပါစို့..။ ငါ အပျက် ဘက်ကို ရောက်နေ မိပြီပဲဟု သတိရကာ ဒီအတွင်းမှ၊ ဒီလမ်းကြောင်း ထဲမှ မြန်မြန် ရုန်းထွက် နိုင်အောင် ကြိုးစားပါ..။ လောကကြီးမှာ အနှောင့်အယှက် အခက်အခဲ ဆိုတာ မလွဲမသွေ တွေ့ရမည့် အရာပဲဟု အားပေး ဆင်ခြင်သော စကားမျိုး မိမိကိုယ်ကို ပြောပေးပါ..။ သန်းခေါင် ကျော်ပြီးရင် မိုးလင်းရမှာပဲ စသဖြင့် အားပေး ဆင်ခြင်သော စကားမျိုးဖြင့် မိမိကိုယ်ကို အကောင်းမြင် အပြုတွေးသော (ယောနိသော မနသိ ကာရ) လမ်းကြောင်း ပေါ်သို့ ပြန်ဆွဲတင် ပေးပါ..။

ဘ၀မှာ တစ်ခါတစ်လေ ကိုယ့်ဖာသာ ကိုယ် စိတ်ဓါတ် ကျဆင်းနေတဲ့ အချိန် ကာလတွေ ရှိဖူးမှာပါ..။ ကိုယ့်ဖာသာ ကိုယ် မမြင်နိုင် လောက်အောင် စိတ်ဓါတ် ပျက်ပြားနေတဲ့ အချိန်မှာ ဘ၀အဖော် ဆိုတဲ့ သူတွေက သင့်အတွက် ကူညီဖေးမ ပါလိမ့်မယ်..။ ဘ၀အဖော် ဆိုတာ ဒီလို ကိုယ်စိတ်ဓါတ် ကျနေတဲ့ အချိန်မှာ ဖေးခေါ် မြှင့်တင်ပေးတဲ့ သူကို ပေးအပ်တဲ့ ဘွဲ့ထူး တစ်ခုပါ...။ ။


===========================


Bill Andatan ရဲ့ ပုံပြင်လေးကို A.L. Williams က သူရေးတဲ့ All You Can Do Is All You Can Do.. But All You Can Do Is Enough! ဆိုတဲ့ စာအုပ်ထဲမှာ ထည့်ရေးထားတဲ့ ပုံပြင်လေးပါ...။


“ကုဋေတန်သော ပုံပြင်” လို့တော့ ကျွန်တော့် ဖာသာ နာမည် ပေးထားတာပါ..။ မူရင်းပုံပြင်က နာမည် မပါပါဘူး..။ မြန်မာလို ဘာသာပြန်တာ ဖတ်ချင် ရင်တော့ ဆရာဖေမြင့် ရေးတဲ့ “ခြုံကြားမှ ဘုံဖျားသို့” စာအုပ်ကို ဖတ်ကြည့် နိုင်ပါတယ်..။ လူတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓါတ်တွေ အကြောင်း ရေးထားတဲ့ စာအုပ်လေးပါ..။ အရာရာမှာ လက်စွဲပြု နိုင်ပါတယ်..။ ကျွန်တော်ရဲ့ Ideal စာအုပ် တစ်အုပ်ပါ..။

လေးစားခင်မင်စွာဖြင့်…

ကိုဇော်


***************************************************


ဓမ္မ မိတ်ဆွေတို့ အတွက် မေးမှ ရရှိ ဖတ်သိမှုအား ထပ်ဆင့်မျှဝေ လက်ဆင့်ကမ်း ခြင်းပါ။



လေးစားစွာဖြင့်

ဖိုးသား


4/18/2009, SAT:, 1:33:48 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply