Latest News

*အလုပ် ဖြစ်မှာလား၊ အဖြစ် လုပ်မှာလား*

အရှင်သံဝရာ လင်္ကာရ (ဓမ္မပိယဆရာတော်)

ဝီရိယကို မှီ၍ အသက် ရှင်ရသူ၊ ကောင်းမှုကံ၏ ကောင်းကျိုးကို မှီ၍ အသက် ရှင်ရသူ၊ နှစ်ခုလုံးကို မှီ၍ အသက် ရှင်ရသူ၊ နှစ်ခုစလုံးကို မမှီဘဲ အသက် ရှင်ရသူ ဟု ပုဂ္ဂိုလ် လေးမျိုး ရှိကြောင်း ဘုရားရှင် အင်္ဂုတ္တိုရ် ပါဠိတော်၌ ဟောကြားတော် မှုခဲ့သည်။

ထို ပါဠိတော်ကို အဋ္ဌကထာ ဖွင့်ရာတွင် ၀ီရိယ အားကိုးဖြင့် တစ်နေကုန် ရုန်းကန် လှုပ်ရှားပြီး ထိုဝီရိယ၏ အကျိုးမျှ ကိုသာမှီ၍ အသက် ရှင်ရသူသည် ၀ီရိယကို မှီ၍ အသက် ရှင်ရသူမည်၏၊ စတုမဟာရာဇ် နတ်တို့ကို အစပြု၍ နတ်ပြည် ခြောက်ထပ်က နတ်တို့သည် ၀ီရိယ စိုက်ထုတ်စရာ မလိုဘဲ အတိတ် ကောင်းမှုကံ၏ အကျိုးကိုမှီ၍ အသက် ရှင်နိုင်ကြ၏၊ မင်းနှင့် မင်းအမတ် စသူတို့သည် ၀ီရိယနှင့် ကောင်းမှုကံ၏ ကောင်းကျိုး နှစ်မျိုးလုံးကို မှီ၍ အသက် ရှင်ကြလေ၏။ ငရဲ သတ္တ၀ါ တို့သည် ၀ီရိယနှင့် ကောင်းမှုကံ နှစ်မျိုးလုံး၏ ကောင်းကျိုးကို မမှီဘဲ အသက် ရှင်ကြကုန်၏။

ထိုသုတ္တန်ကို ကြည့်က သာမန်လူ အများစုက လက်လှုပ်မှ ပါးစပ်လှုပ် ဆိုသည့် အတိုင်း ပါးစပ်လှုပ်ဖို့ အတွက် လက်က အမြဲ လှုပ်နေရသော သဘောရှိသည်။ ဒါကို ထောက်က ဘ၀ဟူသည် ရုန်းကန် လှုပ်ရှားခြင်း ဟုဆိုသော အဆိုက မှန်ကန် ပေသည်။ သာမန်လူ အများစုမှာ ၀ီရိယ မရှိ၍ မရ၊ ၀ီရိယ မစိုက်၍ မရ၊ မရုန်း၍ မရ၊ မလှုပ်ရှား၍ မရ၊ မကြိုးစား၍ မရ၊ သူ့အရွယ် နှင့်သူ ၀ီရိယ စိုက်ကာ ရုန်းကန် လှုပ်ရှား ကြိုးစားနေရ သည်သာ၊ မိမိတို့ဘ၀ အနေအထား ကိုက ၀ီရိယကို မှီ၍ အသက်ရှင် နေရသည် မဟုတ်ပါလား။

အလုပ်နှင့်လက် မပြတ် ဇယ်စက် နေသည်ဟု ပြောကြသည်မှာ မှန်ပေသည်။ လူဟူသည် ၀ီရိယကို အမှီပြု၍ အသက်ရှင် ရသူ ဖြစ်သောကြောင့် အလုပ်နှင့်လက် ပြတ်၍မဖြစ်၊ လူ၏ တန်ဖိုးကား အလုပ်သာ ဖြစ်သည်၊ လူ၏ အရည် အသွေးကို တောက်ပြောင် စေသည်ကား အလုပ်သာ ဖြစ်သည်၊ လူ၏ ဘ၀ကို တွန်းတင် မြှင့်တင်ပေး နိုင်သည်ကား အလုပ်သာ ဖြစ်သည်၊ အလုပ် လုပ်သူတို့ ကြီးပွားကြသည်။ တစ်ချို့လည်း အလုပ် မဖြစ်သဖြင့် အဖြစ်လုပ် နေကြရသည်၊ အလုပ် မဖြစ်မှန်း သိပါလျက် ပေတေစွာ လုပ်နေသော အခါ ပို၍ပင် အလုပ် မဖြစ်ဘဲ ရှိတော့သည်၊ ထိုအခါ အဖြစ်ပဲ လုပ်နေကြသည်၊ အဖြစ် လုပ်သူတွေ ပို၍ပို၍ များလာသည်၊ တစ်ချို့ ကိုယ့်ကိုယ်ကို “အလုပ်ဖြစ်သူလား၊ အဖြစ်လုပ်သူလား” ဟူ၍ပင် စဉ်းစားမိပုံ မပေါ်၊ လုပ်မြဲတိုင်း ပေ၍သာ လုပ်နေကြသည်။

လူဟူသည် လုပ်ချင် ကိုင်ချင်စိတ် ရှိရမည်၊ လုပ်တတ် ကိုင်တတ် ရှိရမည်၊ အလုပ်လုပ် နေရမည်၊ အလုပ်အပေါ် စေတနာ မှန်ရမည်၊ စေတနာ ထက်သန်ရမည်။ လူသည် အလုပ် လုပ်ရမည့် သတ္တ၀ါ ဖြစ်သည့် အတွက် တစ်ခုခု ကတော့ လုပ်နေရမည်။ အလုပ်နှင့် စပ်၍ လုပ်ပိုင်ခွင့် ရှိသည်၊ ရပိုင်ခွင့် ရှိသည်၊ ရပိုင်ခွင့် ဟူသည် ခံစားခွင့်ပင် ဖြစ်သည်။ မိမိ၏ လုပ်တတ် ကိုင်တတ်သော အရည် အသွေးပေါ် မှုတည်၍ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားခွင့် က အကျိုးဖြစ်သည်၊ လုပ်တတ် ကိုင်တက် ဟူသော အရည် အသွေးက အကြောင်း ဖြစ်သည်၊ အကျိုး ကောင်းကောင်း ရချင်လျှင် အကြောင်း ကောင်းကောင်း ရှိနေမှ ဖြစ်မည်။ မိမိက အကြောင်း ကောင်းကောင်း တည်ဆောက်ပြီး မှသာ အကျိုး ကောင်းကောင်း မျှော်လင့်ရမည်၊ လက်ခံရမည်။ မေတ္တသုတ် နိဒါန်း၌ သက္ကော- စွမ်းနိုင်သူသည်၊ အဿ- ဖြစ်ရမည်ဟု ဆိုသည်။ ကိုယ်လုပ်သည့် အလုပ်ကို ကျွမ်းကျင်မှသာ လိမ္မာသူ ဖြစ်လိမ့်မည်၊ လိမ္မာရာ ရောက်လိမ့်မည်။

အလုပ် ဖြစ်နေကြ သူတွေနှင့် အဖြစ်လုပ် နေကြသူ တွေကို သေချာ ကြည့်လိုက်တော့ အလုပ်ဖြစ် နေကြသူတွေက အတက်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှု အရည်အချင်း ပြည့်ဝစွာ အလုပ်လုပ် နေကြသူတွေ ဖြစ်သည်။ အဖြစ်လုပ် နေကြသူတွေက အတတ်ပညာ၊ အသိပညာနှင့် ကျွမ်းကျင်မှု အရည်အချင်း အပေါ်၌ မတည်ဘဲ အဖြစ်နောက် ကိုသာလိုက်၍ အဖြစ်လုပ် နေကြသူတွေ ဖြစ်သည်။

အလုပ်တစ်ခု လုပ်ကြတော့မည် ဆိုလျှင်တော့ “ငါအလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား” ဆိုတာ ကိုတော့ မဖြစ်မနေကို စဉ်းစားရမည် ဖြစ်သည်။

(Weekly Eleven News ဂျာနယ်မှ နှစ်သက်သည့် စာပိုဒ်များကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

+++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

5/26/2009, TUE:, 12:14:14 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply