Latest News

*သူတို့ပေးသော မွေးနေ့ လက်ဆောင်-၆ (အနာဂတ်ကမ္ဘာကို တည်ဆောက်ခြင်း)*

သို့/
ညီမောင် - ထံ

ဥုးဇင်းလည်း စားမေးပွဲက ဒီနေ့မှ ပြီးတာနဲ့ ညီမောင် အတွက် မွေးနေ့ လက်ဆောင် ဆောင်းပါး ရေးဖို့ အခုမှ စီစဉ်ရ တာကို နားလည်ပေး ပါလို့ အရင်ဆိုပါရစေ။

ညီမောင် အတွက် မွေးနေ့ လက်ဆောင် အဖြစ် တကယ်တန်း ပေးဖြစ်ဖို့ စီစဉ်မှပဲ မလွယ်မှန်း သိရတော့တာပါ။ ဒါပေမယ့် ဥုးဇင်း ကြိုးစား ရေးလိုက် ပါတယ် ညီမောင်။

*အနာဂတ်ကမ္ဘာကို တည်ဆောက်ခြင်း*

ဓမ္မဉ္စ စိရဋ္ဌိတိကံ ကရောန္တာ ဓမ္မေ ဒါနံ ဒဒန္တိ နာမ - တရားတော်ကို ကြာမြင့်စွာ တည်တံ့ အောင် ပြုလုပ်သူ တို့သည် တရား အလှူ ပေးလှူသူတို့ မည်ကုန်၏ - ဆိုတဲ့ ဣတိဝုတ္တက အဋ္ဌကထာ လာ ဒေသနာ စကားအတိုင်း ညီမောင့်ရဲ့ ဓမ္မဒါန ဖြန့်ဝေမှုဟာ တကယ်တော့ ဓမ္မ အလှူ ပေးဝေ လှူဒါန်းမှု တစ်ခုပါပဲ ညီမောင်။

ကောင်းကင်နဲ့ မြေပြင် ရပ်တည်မှု နှစ်ခုရဲ့ အထက် အောက်မှာ ရှင်သန် နေကြရတဲ့ ဥုးဇင်းတို့ ညီမောင်တို့ ဘ၀တွေဟာ တကယ်တော့ အကောင်းဆုံး အနေအထားကို ရောက်ရှိ/ ရရှိနေကြ ပါတယ်။ ဒီထက်သာတဲ့ ရယူမှုနဲ့ ဒီအောက်ညံ့တဲ့ ပေးဆပ်မှုကို ပေးဖို့ ယူဖို့ကတော့ ကိုယ်ကိုယ်တိုင်သာ အဓိကပဲ ညီမောင်။

ဗုဒ္ဓမြတ်စွာ ကလည်း ဇမ္ဗူဒိပ် ကျွန်းလို့ခေါ်ရမယ့် ဥုးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံလို နေရာမျိုးမှာ လူ လာဖြစ်ကြတဲ့ သူတွေဟာ -

(၁) သူရာ = ရဲစွမ်းသတ္တိရှိခြင်း။
(၂) သတိမန္တော = သတိကောင်းခြင်း။
(၃) ဗြာဟ္မစရိယ၀ါသော = ကောင်းမြတ်သော အကျင့်ကို ကျင့်သုံးနိုင်ခြင်း။

ဆိုတဲ့ အချက် သုံးချက်မှာ ဥတ္တရကုရု - လို့ဆိုတဲ့ မြောက်ကျွန်းသူ/ မြောက်ကျွန်းသား တွေထက်၊ နောက်တစ်ခါ တာဝတိံသာ နတ်တွေထက် သာတယ်လို့ မိန့်မှာတော် မူခဲ့ပါတယ် ညီမောင်။

ဒီလို သာလွန် ကောင်းမြတ်တဲ့ နေရာမှာ လူရယ်လို့ လာဖြစ်ကြ တာချင်း တူတာတောင်မှ ညီမောင်က ထူးထူးခြားခြား ရှင်တော် ဗုဒ္ဓရဲ့ ဓမ္မအသိဉာဏ် အလင်းတွေကို သန့်ရှင်းတဲ့ နှလုံးသားနဲ့ ဖြန့်ဝေနေသူ တစ်ယောက် ဖြစ်နေ လေတော့ စာလာပေလာ ဒေသနာ စကားနဲ့ ပြောရရင် ပစ္စုပ္ပန် ဒီဘ၀ မှာသာမက အနာဂတ် ဘ၀ အဆက်ဆက် မှာပါ ပညာဉာဏ် ကြီးရင့်ဖို့ ပါရမီ ကြိုးစား ဖြည့်ဆည်း နေတယ် ဆိုတာကို တွေ့ရှိရ ပြန်ပါတယ်။

ဖ-ဘုရားရှင်ရဲ့ အဆုံးအမ မှာလည်း ပညာဉာဏ် ကြီးရင့်ဖို့ရာ အကြောင်း ရှစ်မျိုးကို ဒီလို ဆိုထားပါတယ် ညီမောင်။

(၁) အရွယ် ကြီးရင့်ခြင်းကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက် ခြင်းသို့ ရောက်၏။

(၂) အခြံအရံ အကျော်အစော များသောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက် ခြင်းသို့ ရောက်၏။

(၃) အဖန်ဖန် မေးမြန်း သောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက် ခြင်းသို့ ရောက်၏။

(၄) ရေဆိပ်ပမာ ဆရာနှင့် ပေါင်းဖော် သောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက် ခြင်းသို့ ရောက်၏။

(၅) သင့်လျှော်စွာ နှလုံးသွင်း သောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက် ခြင်းသို့ ရောက်၏။

(၆) တိုင်ပင် ဆွေးနွေး သောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက် ခြင်းသို့ ရောက်၏။

(၇) ချစ်ခင်သူနှင့် ပေါင်းဖော်ရ သောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက် ခြင်းသို့ ရောက်၏။

(၈) သင့်လျှော်သော အရပ်ဋ္ဌာန၌ နေထိုင်ရ သောကြောင့် ပညာသည် ကြီးရင့်၏၊ ရင့်ကျက် ခြင်းသို့ ရောက်၏။

ဒီနေရာမှာ ညီမောင်ဟာ အသက်အရွယ် ငယ်သေးပေမယ့် ကျန်အင်္ဂါအားလုံးနဲ့ ပြည့်စုံ နေတယ် ဆိုတာကိုတော့ ညီမောင့်ရဲ့ နောင်တော် တစ်ပါး အနေနဲ့ အထူး ပြောစရာ လိုမယ် မထင်ပါဘူး။

အများ သူငါတွေ မက်မောစွာ လိုချင်တပ်မက် တောင့်တနေ ကြတဲ့ မြောက်ကျွန်းလို၊ တာဝတိံသာ နတ်ပြည်လို နေရာမျိုး တွေထက်သာတဲ့ အကောင်းဆုံး နေရာမှာ ရောက်ရှိနေပြီး ဘာသာ တရားရဲ့ ဆုံးမမှု နယ်နိမိတ် အတွင်းက အကောင်းဆုံး အလုပ်တွေကို လုပ်ဆောင် နေတဲ့ ညီမောင်ရဲ့ မွေးနေ့မှာ အကောင်းဆုံး စကား လက်ဆောင် တစ်ခွန်း လောက်တော့ မွေးနေ့ လက်ဆောင် ပါးလိုက် ချင်ပါတယ်။

အဲဒါက… ညီမောင်ဟာ ပစ္စုပ္ပန် လုပ်ရပ်နဲ့ ညီမျှတဲ့ ညီမောင်ရဲ့ အနာဂတ် ကမ္ဘာကို ဖန်တီး တည်ဆောက် နေတယ်-ဆိုတာပါပဲ။


လက်ရှိပစ္စုပ္ပန် မွေးနေ့မှသည် ……
အနာဂတ်ကမ္ဘာပန်းတိုင်ဆီသို့
လျှောက်လှမ်းနိုင်စေဖို့ ဆန္ဒပြုရင်း…..


သတိတရ - မေတ္တာ အနန္တဖြင့် …
ညီမောင် ရဲ့ ဥုးဇင်း
(ခေတ္တ - အိန္ဒိယ)

4:55 P.M

ညီမောင်ရဲ့ မွေးနေ့မှာ အဆိုး ရှုတဲ့သူ မဟုတ်တဲ့ အကျိုး ပြုမယ့်လူ ဖြစ်စေဖို့၊ အလှဟန်ဖွဲ့ လူသား မဖြစ်စေဘဲ ဘ၀ဆန်တဲ့ လူသား ဖြစ်စေဖို့ သီးသန့် ဆုမွန် ချွေလိုက်ပါတယ်....။ ညီမောင် အစစ အရာရာ အဆင်ပြေပါစေ....။

မေတ္တာဖြင့် .... ဥုးဇင်း

++++++++++++++++++++++++++++

လေးစားရိုသေစွာဖြင့်
ဖိုးသား

5/29/2009, FRI:, 4:04:07 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply