Latest News

*အလင်းနိမိတ်နဲ့ ဘုရားဖူးခြင်းအပေါ် ဆရာတော်အရှင် ကုမာရဘိဝံသ (သ.စ.အ ၀ဋံသကာ)ရဲ့ အမြင်*

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဆရာတော် အရှင် ကုမာရဘိဝံသ (သ.စ.အ ၀ဋံသကာ)၏ အမှာစာ သို့မဟုတ် အလင်းနိမိတ်နဲ့ ဘုရားဖူးခြင်းအပေါ် ဆရာတော်ကြီးရဲ့ အမြင်

မြေဇင်း တောရ ဆရာတော် ဘုရားကြီး၏ ပဓာန ပါရဂူကျမ်းကို ဖတ်ရှုကြည့် ပါသည်၊ ဆရာတော် ဘုရားကြီးနှင့် ယောဂီ ပုဂ္ဂိုလ်တို့ တွေ့ရှိချက် တွေကို မေးဖြေ နေတာ တွေ့ရှိရသည်။ အချို့အချက် အလက် တွေကို ဆရာတော် ဘုရားကြီးက နည်းလမ်း မှန်အောင် ပြင်ဆင် ပေးသည်ကို တွေ့ရှိရပါသည်.

အာနာပါန ကမ္မဋ္ဌာန်းမှ အနုလောမ ဉာဏ်အထိ ရှင်းလင်း ပြသသည်ကို တွေ့ရှိရ ပါသည်၊ ဤစာအုပ်၌ ထူးခြားချက်မှာ အာနာပါန အားထုတ်ပြီး နိမိတ်တွေ ရလာသည်။ ၎င်း ရလာသော နိမိတ်ကို ကြီးထွားအောင် အားထုတ်ပြီး အဝေး အနီး ဘုရား စေတီများကို အားထုတ်ခြင်း ဖြစ်ပေသည်၊ ဤမျှလောက် အားထုတ်ရုံ မျှဖြင့် ဘုရား စေတီများကို ဖူးလို့ ရပါသလားဟု မေးဖွယ် ရှိ၏။ ဘုရားဟော ကျမ်းစာတွေ ထဲမှာ ဤလို နည်းတွေပါ ပါရဲ့လား ဟုလည်း မေးဖွယ်ရှိ၏.

အောက်ပါ အရုဏ ၀တီသုတ္တန် နှင့် အဋ္ဌကထာ တို့ကို ကြည့်ရှု လိုက်လျင် ရှင်းသွား ပါလိမ့်မည်၊ ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် ၃၁ ကမ္ဘာ အထက်၌ သိခီ မြတ်စွာ ဘုရား ပွင့်တော်မူ၏. သိခီ မြတ်စွာ ဘုရားမှာ အဘိဘူ နှင့် သမ္ဘ၀ ဟူသော အဂ္ဂ သာဝက ရဟန္တာ ၂ ပါးရှိသည်။

တရံရော အခါ သိခီ မြတ်စွာဘုရား နှင့် အဘိဘူ လက်ယာ တော်ရံ တပည့်တို့ ဗြဟ္မာဘုံသို့ ကြွသွား ကြသည်။ သိခီ မြတ်စွာ ဘုရား၏ စေခိုင်းချက်အရ အဘိဘူ ရဟန်းသည် အောက်ပါ နှစ်ဂါထာကို စကြာဝဠာ တထောင် အတွင်းရှိ သတ္တ၀ါ အားလုံး ကြားအောင် မြင်အောင် ဟောကြား လေသည်၊

အာရမ္ဘထ နိက္ကမထ ယုဉ္ဇထ ဗုဒ္ဓသာသနေ
ဓုနာထ မစ္စုနော သေနံ နဠာဂါရံဝ ကုဉ္ဇရော
ယော မသ္မိ့ ဓမ္မ၀ိနယေ အပ္ပမတ္တော ၀ိဟေဿတိ
ပဟာယ ဇာတိသံသာရံ ဒုက္ခဿန္တံ ကရိဿတိ။ ဟူသော နှစ်ဂါထာကို

ယခုခေတ် ရုပ်မြင် သံကြားဖြင့် အသံကော ရုပ်ကောင် မြင်အောင် ကြားအောင် ထုတ်လွှင့် သကဲ့သို့ အဘိဘူ ရဟန်းသည် မြင်အောင် ကြားအောင် ထုတ်လွှင့်ခဲ့ လေသည်၊ ဒီနေရာ၌ အဋ္ဌကထာ ဆရာတော်က အဘိဘူ ရဟန်း ထုတ်လွှင့်ပုံကို ဖော်ပြထား သည်မှာ...

အဘိဘူ ရဟန်းသည် ရှေးဦးစွာ နီလ ကသိုဏ်း ဈာန်ကို ၀င်စား၍ နီလ ကသိုဏ်း နိမိတ်ဖြင့် စကြာဝဠာ တထောင်ကို ဖြန့်လိုက်သည်၊ ထိုအခါ စကြာဝဠာ တထောင်လုံး ညကဲ့သို့ ဖြစ်သွားသည် မှောင်သွားသည်၊ ထို့နောက်မှ ဩဒါတ ကသိုဏ်း ဈာန်ဝင်စား၍ ဩဒါတ ကသိုဏ်း နိမိတ်ဖြင့် စကြာဝဠာ တစ်ထောင်ကို ဖြန့်လိုက်သည်၊ ထိုအခါ စကြာဝဠာ တစ်ထောင်လုံး နေကဲ့သို့ လင်းထိန် သွားသည်. ထိုအခါမှ အထက်ပါ နှစ်ဂါထာကို ဟောကြားရာ အားလုံး သတ္တ၀ါတို့ အဘိဘူ ရဟန်း၏ ရုပ်အဆင်း ကိုလည်း မြင်ရသည် တရားအသံ ကိုလည်း ကြားကြရ သည်ဟု အဋ္ဌကထာ ဆရာတော် ဖွင့်ပြသည်။

မောင်းထောင် မြေဇင်း တောရ ဆရာတော် ဘုရားကြီး၏ နည်းသည် လည်း အရုဏ ၀တီသုတ် အဋ္ဌကထာ အဖွင့်နှင့် ညီညွတ်သဖြင့် ယုံကြည် စိတ်ချစွာဖြင့် အားထုတ် သင့်ကြ ပေသည်၊ အကယ်၍ ဘုရား မဖူးချင် လျင်လည်း မိမိ ခန္ဓာရှိ ၃၂ ကောဋ္ဌာသ အာရုံများကို အာနာပါန နိမိတ်ဖြင့် ထိုးကြည့်ပြီး ရုပ်နာမ် ဖြစ်ပျက်ကို ရှုလျင်လည်း အလွန် တရာမှ ကြည်လင် ပြတ်သားစွာ ဖြစ်မှု ပျက်မှုများကို မြင်နိုင်ပါသည်၊

အာနာပါန သမာဓိနှင့် ကသိုဏ်း နိမိတ်တို့၏ အကူ အညီဖြင့် ၀ိဿနာ ရှုလျင်လည်း ၀ိပဿနာ သက်သက် ထက်ပို၍ ကောင်းပါသည်၊ ထို့ကြောင့် မောင်းထောင် မြေဇင်းတောရ ဆရာတော်၏ ပဓာန ပါရဂူ ကျမ်းကို ကြည့်ရှု၍ အားထုတ် လိုသူများ စိတ်ချ လက်ချ ယုံကြည်စွာဖြင့် အားထုတ်သင့် ကြပေသည်။


ဗန်းမော်ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်
ဒုတိယပါမောက္ခချုပ်


ပဓာန ပါရဂူကျမ်း အမှာစာကို ကူးယူ ဖော်ပြပါသည်။ အဌကထာကို တိုက်ရိုက် ကြည့်ရှု လိုသူများ အတွက် သံယုတ္တ အဋ္ဌကထာ ပထမအုပ် စာမျက်နှာ ၂၀၃။ ၂၀၄ မှာ ကြည့်ရှု နိုင်ပါသည်၊ မှန်ကန်သည့် ဓမ္မများကို ကျင့်ကြံ ခြင်းဖြင့် သိရှိနိုင် ပါစေ။

အရှင်တိက္ခဥာဏာလင်္ကာရ (ယော)

လေးစားရိုသေစွာဖြင့်
ဖိုးသား

5/6/2009, WED:, 6:42:21 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply