Latest News

*သည်းခံပါ ကိုယ့်လူ… သည်းခံပါ*

သည်းခံခြင်းတွင် နှစ်မျိုးရှိ၏။ အညံ့စား သည်းခံခြင်းနှင့် မြတ်သော သည်းခံခြင်း။ ဆဲရေး တိုင်းထွာခြင်း ရိုက်နှက် ပုတ်ခတ်ခြင်း ကို သည်းခံခြင်းသည် အညံ့စား သည်းခံခြင်း ဖြစ်၏။ သို့သော် ထို သည်းခံခြင်း မျှဖြင့်လည်း ကြီးပွားခြင်း၊ ရောဂါကင်းခြင်း၊ အသက်ရှည်ခြင်း၊ ချစ်ခင်သူ ပေါခြင်း၊ ငြိမ်းချမ်းစွာ နေထိုင်ရခြင်း စသော အကျိုးများ အလွယ် တကူရသည်။ အချမ်း အပူကို သည်းခံခြင်း၊ အာရုံကို သည်းခံခြင်း၊ စိတ်၏ ဆာလောင်မှုကို သည်းခံခြင်းသည် မြတ်သော သည်းခံခြင်း ဖြစ်၏။ ထို သည်းခံခြင်းသည် သီလ သမာဓိ ပညာ ကို အကျိုး ပြုသည်။

သည်းခံခြင်း ဆိုသည်မှာ အပြော လွယ်သလောက် အလုပ် ခက်သည်။ လောကီ လူ့သဘော အရ အညံ့စား သည်းခံစရာ များကို သည်းခံရန် နည်းတော့ ရှိသည်။ မြတ်သော သည်းခံခြင်း အဆင့်ဖြစ်သည့် အချမ်းအပူကို သည်းခံခြင်း၊ အာရုံကို သည်းခံခြင်း၊ စိတ်၏ ဆာလောင်မှုကို သည်းခံခြင်း၊ ကျရှုံးမှုကို သည်းခံခြင်း၊ အခွင့်အရေး စောင့်ဆိုင်းရမှုကို သည်းခံခြင်းစသော သည်းခံခြင်း မျိုးကား မိမိစိတ်ကို မိမိ မည်မျှ အထိ ဆုံးမ နိုင်သနည်း အပေါ် မူတည်လေသည်။

သည်းခံနည်းများမှာ

1. စိတ်ဆိုး နေသူအပေါ် မေတ္တာ ပွားလိုက်ခြင်း ဖြစ်သည်။

2. ကိုယ့်ကို ဆဲရေး ပုတ်ခတ်သူကို ပြန်လည် ဆဲရေး ပုတ်ခတ်လျှင် ဘုရားဟော တရားကို မလိုက်နာသူဟု မိမိကိုယ်ကို အပြစ်တင် ဆင်ခြင်ကာ ရှောင်ရမည်။

3. ရန်သူ၏ ကြည်ညိုဖွယ်ရာ သို့မဟုတ် ကောင်းကွက် လေးများကို ရှာကြည့်ရမည်။

4. ကောင်းကွက်ကလေး တစ်ခုမှ မရှိခဲ့လျှင်လည်း အော် သနားစရာ ငါ့ကို စိတ်တိုနေရာ သတဲ့ ဟု တွေးရမည်။

5. မပြေသေးလျှင်
(က) ငါ့ကိုယ်ကိုသာ ဒုက္ခ ပေးတာ၊ ငါ့စိတ်ကို ဒုက္ခပေးတာ မဟုတ်ဘူး၊ ငါ့စိတ်ကိုသာ ဒုက္ခပေးတာ၊ ငါ့ကိုယ်ကို ဒုက္ခပေးတာ မဟုတ်ဘူး ဟုတွေးရမည်။
(ခ) ဘယ်သူရဲ့သား ဘယ်သူရဲ့ တပည့် ဘယ်လို လူမျိုးဖြစ်တဲ့ ငါဟာ ဒီဒေါသနဲ့ မကိုက်ဘူး ဟု ပယ်ဖျောက်ရမည်။
(ဂ) ဒေါသက အရှက်အကြောက် ကင်းမဲ့စေတယ်။ ငါမွေးထားလို့ မတော်ချေဘူး ဟု တွေးရမည်။
(ဃ) ငါ့ဒေါသက သူ့ကို ဘာမှ ဒုက္ခမပေး နိုင်ဘူး၊ ငါပဲ စိတ်ဆင်းရဲ နေရတယ် ဟုတွေးကာ ပယ်ဖျောက် ရမည်။
(င) ဒေါသသည် အပါယ်လားကြောင်း မျှသာ ဖြစ်သည် ဟု ဆင်ခြင်ရမည်။
(စ) ခုနက အစော်ကား ခံလိုက်ရသော ရုပ်နာမ်သည် ယခုအခါ ပျက်စီးလေပြီ ဟု ဆင်ခြင်ရမည်။

6. ကံကို ဆင်ခြင်ရ ပါမည်။ အော် လူတွေအားလုံး သတ္တ၀ါတွေ အားလုံး ကံစီမံရာသာ ဖြစ်ကြရတယ် ဟု ဆင်ခြင်ရပါမည်။

7. ဇာတ်တော်များကို ဆင်ခြင်ရမည်။

8. သံသရာကို ဆင်ခြင်ရမည်။ သံသရာတွင် ဆွေမျိုး မတော်စပ် ဖူးသူဟူ၍ မရှိ။ ဤသူသည် ဘ၀ တစ်ခုခု၌ ငါ့ မိခင်၊ ဖခင် သားသမီး စသည် ဖြစ်ဖူးချိမ့်မည် ဟု ဆင်ခြင်ရမည်။

9. ခန္တီ၏ အကျိုးတရား၊ မေတ္တာ၏ အကျိုးတရားကို ဆင်ခြင်ရမည်။

10. သူင့ါကို ဆဲတာ ရိုက်တာ င့ါဆံပင်ကိုလား၊ ငါ့မွေးညင်းကိုလား၊ ငါ့အရေကိုလား စသဖြင့် ၃၂ ကောဋ္ဌာသကို ဆင်ခြင်ရမည်။

11. နောက်ဆုံး နည်းကတော့ ပစ္စည်း ပေးလိုက်ခြင်း တောင်းလိုက်ခြင်း ပင်ဖြစ်သည်။

(ဤနည်းနဲ့ ပတ်သက်၍ တိပိဋက ယောဆရာတော် တစ်ခါ ပြောဖူးသည်။ သူ အုပ်ချုပ် ရသော ကျောင်းတစ်ကျောင်းတွင် တစ်ရက်၌ လာအပ်သော ကိုရင်တစ်ပါးကို ဘယ်ဘ၀ ရေစက်ကြောင့်မသိ။ အလိုလို မျက်မုန်း ကျိုးနေမိသည်။ ထို့ကြောင့် ထိုကိုရင်ကို ခေါ်ကာ သင်္ကန်းတစ်စုံ လှူဒါန်းလိုက် လေသည်။ ထိုနေ့မှ စ၍ ထိုကိုရင် အပေါ် မေတ္တာ သက်ဝင် နိုင်တော့ လေသည် ဟူသတတ်။ [ဆရာတော် ခွင့်ပြုမည်ဟု ထင်ပါသည်။ ဆရာတော်၏ ကျောင်းတိုက်တွင်း ပေးသော သြ၀ါဒ စကားထဲမှ ဖြစ်လေသည်။])

>>> ဂျေဂျူဝိုင် ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။


လေးစားစွာဖြင့်
ဖိုးသား

5/23/2009, SAT:, 12:38:00 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply