Latest News

*ဗောဇ္ဈင်တရား ခုနစ်ပါး(၃)*

တတိယ ဗောဇ္ဈင်တရားမှာ ၀ီရိယ သမ္ဗောဇ္ဈင် ဖြစ်၏။ ၀ီရိယ မပါဘဲနှင့် ဘာမျှ ဖြစ်မလာနိုင်ချေ။ ဤလောက၌ မိမိတို့ ဖြစ်လိုရာ ကိစ္စ မှန်သမျှဝယ် ငွေကို အလိုရှိသည် ဖြစ်စေ၊ လုပ်ငန်း တစ်စုံတစ်ရာကို ကျွမ်းကျင် လိမ္မာလိုသည် ဖြစ်စေ ၀ီရိယကို အထိုက်အလျောက် ထည့်သွင်း လုပ်ကိုင်မှသာ ထိုကိစ္စသည် လိုသောအကျိုး ပြီးနိုင်လေသည်။

ယခု ဤနေရာတွင် ကျွန်ုပ်တို့ အားထုတ်၍ လုပ်ဆောင်နေကြ ခြင်းသည် လုံ့လ ၀ီရိယကို ကြီးပွားအောင် ပြုစု ပျိုးထောင် နေကြခြင်း ဖြစ်၏။ တရား အားထုတ်ရာတွင် အင်အားနှင့် လုံ့လကို ထည့်ရ၏။ ဗုဒ္ဓ မြတ်စွာ ဘုရားက လမ်းကိုသာ ညွှန်ကြား ပြသတော် မူခဲ့ခြင်း ဖြစ်၏။ ထိုလမ်းပေါ်တွင် ကျွန်ုပ်တို့ အားလုံး ကိုယ်စီကိုယ်ငှ လုံ့လစိုက်၍ လျှောက်ကြရမည် ဖြစ်၏။ လူတစ်ဦးကို ဗောဓိဉာဏ် ရအောင်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင် လုပ်ပေးနိုင်သော အခြား လူတစ်ယောက် မရှိပါ။ လောဘ၊ ဒေါသ၊ မောဟတည်း ဟူသော ကိလေသာ တရားတို့သည် ကျွန်ုပ်တို့၏ စိတ်တွင်းမှာသာ တည်ရှိနေကြခြင်း ဖြစ်၏။ ထို ကိလေသာများကို ကျွန်ုပ်တို့ စိတ်တွင်းသို့ အခြား လူတစ်ယောက်က ထည့်သွင်း ပေးလိုက်သည် မဟုတ်ပါ။ ထိုကိလေသာ များကို ကျွန်ုပ်တို့ စိတ်ထဲတွင် ထုတ်ယူ ဖယ်ရှားပေးနိုင်သော အခြားသူ တစ်စုံ တစ်ယောက်လည်း မရှိပါ။ ကျွန်ုပ်တို့ ကိုယ်တိုင်သာလျှင် မိမိတို့၏ စိတ်ကို သန့်ရှင်း စင်ကြယ်အောင် ပြုကြရမည် ဖြစ်ပါသည်။

ဝိသုဒ္ဓိ လမ်းပေါ်မှာ လျှောက်လှမ်းသွား နိုင်အောင် လုံ့လ ၀ီရိယ အင်အားကို လှုံ့ဆော် ကြရမည် ဖြစ်၏။ အင်အားသည် အစွမ်းထက်သော အချက်ဖြစ်သည်။ အားထုတ်ခြင်းကို အလေ့အထ ဖြစ်အောင် ပြုစု ပျိုးထောင် မိသောအခါ ၎င်းတို့သည် ထိနမိဒ္ဓဟု ဆိုသော ပျင်းရိခြင်း၊ ထုံထိုင်းခြင်း စသော နီဝရဏ တရားများကို ကျော်လွှားနိုင် တော့သည်။ မဂ်လမ်း တစ်လျှောက်၌ ကြုံတွေ့ကြရသော အခက်အခဲများ၊ ပြဿနာများ ရှိသော အခါတိုင်း လုံ့လ ၀ီရိယကို ထည့်ခြင်း အားဖြင့် စနစ် တစ်ခုလုံးကို နိုးကြားတက်ကြွ လာစေနိုင်ပါသည်။

လုံ့လ ၀ီရိယကို ထည့်ခြင်းသည် ၀ိမုတ္တိ မဂ်လမ်း၏ အစိတ် အပိုင်းလည်း ဖြစ်၍ မဂ်ကိစ္စတွင် အကြီးမား ဆုံးသော အထောက် အပံ့လည်း ဖြစ်လေတော့သည်။

>>> ဆက်ရန်

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။


လေးစားစွာဖြင့်
ဖိုးသား

6/22/2009, MON:, 12:19:24 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply