Latest News

*ခရီးအတွက် မြေပုံ (ဆရာတော် ဦးဇောတိက)*



ဓမ္မမောင်နှမတို့ ရေ

ဒီရက်ပိုင်းထဲ ကျွန်တော် ဖတ်လက်စ တန်းလန်းနှင့် နှစ်ချီကြာနေတဲ့ စာအုပ် တစ်အုပ်ကို လက်စသပ်ပြီး ပြီးအောင် ဖတ်ဖြစ်ခဲ့လိုက် ပါတယ်။ စာအုပ်ကတော့ ဆရာတော် ဦးဇောတိက ရေးထားတဲ့ "A Map Of The Journey" ဆိုတဲ့ စာအုပ်ပါ။ စာအုပ်က မြန်မာပြည်မှာ ကတည်းက ဝယ်ပြီး လက်ထဲမှာ ရောက်နေတာ နှစ်နှစ်လောက် ရှိနေပါပြီ။ အကြောင်း အမျိုးမျိုးနှင့် ပြီးအောင် မဖတ်နိုင်ခဲ့ တာပါ။ နဲနဲဖတ်လိုက် ရပ်လိုက်။ တစ်လ နှစ်လ လောက်ကြာမှ တစ်ခါ ပြန်ကိုင်လိုက်၊ မေ့သွားလို့ အစကနေ ပြန်ဖတ်လိုက်၊ နောက် မအားတော့လို့ မဖတ်ဖြစ်လိုက်နှင့် သံသရာ လည်နေတာပါ။ ခရီးသွားတိုင်းတော့ အမြဲ သယ်သွားပါတယ်။ အားရင် ဖတ်မယ် ဆိုပြီးတော့။ ဒီလိုနှင့်ပဲ စာအုပ်က ပြည်ပ ရောက်တဲ့အထိ ပါလာတာပါ။

ဆရာတော်ရဲ့ အရင်စာအုပ် "Snow In The Summer" တုန်းကတော့ ဆက်တိုက် ပြီးအောင် ဖတ်ဖြစ်ခဲ့ ပါတယ်။ အခု ရက်ပိုင်းထဲမှာ ပါဠိနှင့် တရားစာပေကို အင်္ဂလိပ်လို အသုံးလေးတွေ လေ့လာချင်တာနှင့် ဒီတစ်ခါတော့ ပြီးအောင် ဖတ်မယ်လို့ ဆုံးဖြတ်ပြီး အလုပ်သွား အလုပ်ပြန် ရထားပေါ်မှာ ဖတ်လိုက်တာ သုံးပတ်လောက် အချိန် ပေးလိုက်တော့ ပြီးသွားပါတယ်။ အခု အဲဒီစာအုပ်နှင့် ပတ်သတ်ပြီး မဖတ်ရသေးတဲ့ သူတွေအတွက် စာအုပ် မိတ်ဆက် (သို့) စာအုပ် အညွှန်းလေး လက်ဆင့်ကမ်း ပေးချင်လို့ပါ။

စာအုပ်က နိုင်ငံခြားက တရားစခန်း တစ်ခုမှာ ယောဂီတွေ အတွက် ဟောထားတဲ့ တရားကို စာအုပ် အနေနှင့် ပြန်ရေးထား တာပါ။ အဓိက ကတော့ ဉာဏ်စဉ် တရားကို ဟောထားတာ ပါပဲ။ အားလုံး အခန်း(၁၁) ခန်း ပါဝင်ပြီး အခန်း တွေကို Talk (1) ကနေ Talk (11) အထိ ခွဲထားပါတယ်။

ပထမ အခန်းတွေမှာ တရားစ အားမထုတ်မီ မိမိကိုယ်ကို ကြိုတင် ပြင်ဆင်မှု ပြုလုပ်ပုံကို ဖော်ပြထား ပါတယ်။ ပြီးမှ တရား စအားထုတ်ပြီး သမာဓိ ထူထောင်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးထား ပါတယ်။ သမာဓိကြောင့် ဖြစ်တတ်တဲ့ ထူးခြား ဖြစ်စဉ်များ အကြောင်းနှင့် ၄င်းတို့ကို ဖြတ်သန်း ကျော်လွှားပုံတွေ ကိုလည်း ရှင်းလင်း ထားပါတယ်။ နောက် အခန်းတွေ မှာတော့ ၀ိပဿနာ စတင် အားထုတ်ပုံ၊ ပညတ် ပရမတ်ခွဲပုံ၊ နောက် နာမရူပ ပရိစ္ဆေဒ ဉာဏ်ကနေပြီး ပစ္စဝေက္ခဏ ဉာဏ်အထိ ဉာဏ်စဉ် (၁၆)ပါးလုံးကို တစ်ဉာဏ်ချင်းစီ အသေးစိတ် ကွဲပြားမှု ရှိအောင် ရှင်းလင်းပေးထား ပါတယ်။

ဒီနေရာမှာ အခုစာအုပ်ရဲ့ ထူးခြားမှု လေးကိုတော့ ပြောချင်ပါတယ်။ ဉာဏ်စဉ် တရားတော်တွေ အကြောင်းကို ဆရာတော် ဘုရားကြီးများနှင့် ဓမ္မစာပေ ပညာရှင်များ ရေးသားထား၊ ဟောပြပေးထား တာတွေ ရှိပါတယ်။ အခု စာအုပ်မှာက ဆရာတော်က ဉာဏ်စဉ်တွေရဲ့ သဘော၊ သဘာဝ လက္ခဏာ တွေကို မိမိရဲ့ ကိုယ်တွေ့ တရားအတွေ့ အကြုံများနှင့် ယှဉ်ပြီး ဖော်ပြပေးထား တာကို တွေ့ရပါတယ်။ နောက်ပြီး ဒီဉာဏ်တစ်ခု ဖြစ်ခိုက်မှာ လောကီ လူမှုကိစ္စ တွေမှာ ဘယ်လိုမျိုး ယောဂီတစ်ဦး အနေနှင့် ဖြစ်တတ်ကြောင်း သတိပြုရမယ့် အချက်တွေ ဆင်ခြင်ရမယ့် အချက်တွေကို ဓမ္မ ဗဟုသုတ ဖြစ်ဖွယ် ဖော်ပြပေးထား ပါတယ်။

ဉာဏ်စဉ်များ အပြီးမှာတော့ သောတာပန် တစ်ယောက်ရဲ့  စိတ် အခြေအနေ၊ ကိုယ်ကျင့်တရား၊ တရားအပေါ် နားလည် ယုံကြည်ပုံ တွေကို ရှင်းပြထား ပါတယ်။ အရိယာ အဆင့်အလိုက် ကိလေသာ ပယ်သတ်မှု အဆင့်ဆင့် ကိုလည်း ဖော်ပြပေးထား ပါတယ်။ နောက် ဆက်လက်ပြီး ရပြီးသား သောတာပတ္တိ ဖိုလ်ကို ၀င်စားပုံ နည်းလမ်းနှင့် ဖြစ်တတ်တဲ့ အခက်အခဲ များကို ဖော်ပြထား ပါတယ်။ နောက် အထက် မဂ်ဖိုလ် တရားများကို ဆက်လက် အားထုတ်ဖို့ရန် အတွက် ပြင်ဆင်ပုံနှင့် အားထုတ်ပုံ ကိုလည်း ဖော်ပြပေးထား ပါတယ်။

နောက်ဆုံး မှာတော့ တရား အားထုတ်နေစဉ် ဖြစ်တတ်တဲ့ အခက်အခဲများ အတွက် စိတ်ထားတတ်ရန်နှင့် နည်းလမ်း မှန်မှန် အားထုတ်နိုင်ရန် ဟောပေးထား ပါတယ်။

စာအုပ် တစ်အုပ်လုံး ကတော့ ဆရာတော့် ရေးဟန်အတိုင်း စာမဆန်ဘဲ ပေါ့ပေါ့ပါးပါး ဖတ်လို့ရတဲ့ ဓမ္မစာပေ အရေးအသား ဟောပြော ပို့ချချက်များ ဖြစ်ပါတယ်။ ၀ိသုဒ္ဓိမဂ် ကို အခြေခံပြီး ရေးသား ဟောပြထားတာ ဖြစ်ပါတယ်။

လက်ရှိ တရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်များနှင့် တရား အားထုတ်ဖို့ ပြင်ဆင်နေတဲ့ သူများအတွက် သဒ္ဓါတရား တက်ပြီး အသိဉာဏ် ပွင့်စေတဲ့ စာအုပ် တစ်အုပ်လို့ ပြောလို့ ရပါတယ်။ ဘယ်နည်းနှင့်ပဲ အားထုတ်သူ ဖြစ်ဖြစ် ဒီခရီးကို လူတိုင်း ဖြတ်သန်းရမှာ ဖြစ်လို့ ဘယ်ယောဂီ အတွက်ပဲ ဖြစ်ဖြစ် အသုံးတည့်တဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ ဆရာတော်က သူ့ရဲ့ ကိုယ်တွေ့ တရား အတွေ့အကြုံ တွေနှင့် ပေါင်းပြီး ဟောထားတာမို့ တကယ်လို့ ဆရာတော်နှင့် စရိုက်ဝါသနာ တူပြီး အားထုတ်ပုံ နည်းလမ်း တူသူတွေ အတွက် ဆိုရင်တော့ တိုက်ဆိုင်တာတွေ အများကြီးနှင့် တော်တော် အသုံးဝင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို အွန်လိုင်းမှာ ဒီနေရာကနေ http://www.buddhanet.net/pdf_file/mapjourney6.pdf Download ဆွဲချလို့ ရပါတယ်။ ကိုစိုးဝင်းထွဋ် ရဲ့ ( http://soewinhtut.multiply.com/journal/item/12/Map_of_The_Journey_ebook_English_Languagehttp://www.buddhanet.net/pdf_file/mapjourney6.pdf) ကနေလည်း ယူလို့ ရပါတယ်။ MP3 အနေနှင့် နာချင်ရင်တော့ အောက်က လင့်ခ်တွေကနေ Download ဆွဲချပြီး နာလို့ ရပါတယ် ခင်ဗျား။

1: A Map of the Journey - day 1

2: A Map of the Journey - day 2

3: A Map of the Journey - day 3

4: A Map of the Journey - day 4

5: A Map of the Journey - day 5

6: A Map of the Journey - day 6

7: A Map of the Journey - day 7

8: A Map of the Journey - day 8

9: A Map of the Journey - day 9

10: A Map of the Journey - day 10

11: A Map of the Journey - day 11


ကျွန်တော်ကတော့ ဓမ္မဒါနအဖြစ် လက်ဆင့် ကမ်းလိုက်ပါပြီ။ ဓမ္မ မောင်နှမတို့က တကယ်လို့ ဖတ်ရှု နာယူကြည့်လို့ မိမိအတွက် အကျိုးတစ်ခုခု ဖြစ်ထွန်းခဲ့ရင် ကိုယ်ခင်မင်တဲ့ သူများကို ဆက်လက်ပြီး လက်ဆင့်ကမ်း ပေးလိုက် ပါအုံးလို့ ဆန္ဒပြု တိုက်တွန်း လိုက်ရပါတယ် ခင်ဗျား။

လေးစားခင်မင်စွာဖြင့်
ဝိမုတ္တိသုခ

+++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

22.06.2009, MON:, 02:51:59 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply